Wednesday, March 20, 2013

တိုင်းရင်းသားများ တောင်းဆိုမှုအားလုံးကို လက်ခံဆွေးနွေးပေးမည်ဖြစ်ကြောင်း လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား


Created on Wednesday, 20 March 2013 (Eleven Media Group)



ဆွေးနွေးပွဲသို့တက်ရောက်လာသည့် SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်နှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များအားတွေ့ရစဉ်

လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတာဝန်ရှိ သူများ ပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲကို မတ် ၂၀ ရက်က ရှမ်း ပြည်နယ် လားရှိုးမြို့၌ ပြုလုပ်ခဲ့သည်။


ယင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရနှင့် တိုင်းရင်းသားများအကြား အပြန်အလှန် ယုံကြည်မှုများနှင့် နားလည်မှုများကို ဆက်လက်လုပ် ဆောင်နိုင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အင်အားများအဖြစ် ထည့်သွင်းစဉ်းစားပါက အပေါင်းလက္ခဏာဆောင်သော ရလဒ်များနှင် ညှိနှိုင်းအဖြေရှာမှုများ လုပ်ဆောင်နိုင်မည့် လမ်းကြောင်းပေါ်ကို ရောက် ရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့အနေနဲ့ တိုင်းရင်းသား တွေဘက်က တင်ပြထားတဲ့ တောင်းဆိုမှုအားလုံးကို လက်ခံဆွေးနွေး ပေးဖို့ ပြင်ဆင်ထားပါတယ်။ နှစ်ဦးနှစ်ဖက် အကောင်းဆုံးအဖြေ ထွက် လာစေဖို့ အကြေအလည် ဆွေးနွေးသွားရမှာပဲ ဖြစ်ပါတယ်" ဟု ပြော ကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက "ငြိမ်း ချမ်းရေးဆိုတာ အတင်းအကျပ် လုပ်ယူလို့ မရနိုင်ပါဘူး။ နားလည်မှု ဖြင့်သာလျှင် ရနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပြဿနာကို ကော်မတီ လေး ဖွဲ့စည်းပေးလိုက်ရုံနဲ့ အဆင်ပြေသွားမယ်လို့ လွယ်လွယ်လေးတွေး လို့လည်း မဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုရင် စားပွဲဝိုင်း ဆွေးနွေးပွဲတွေ အများကြီး လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ ကျဖို့လည်း လိုအပ်ပါတယ်။ စာရွက်ပေါ်မှာပဲ ငြိမ်းချမ်းရေးဖော်ဆောင် နေပြီး တကယ့်လက်တွေ့မှာ ဘာအကျိုးရလဒ်မှ ထွက်ပေါ်မလာတဲ့ ငြိမ်းချမ်းရေးမျိုးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို့ မခေါ်နိုင်ပါဘူး" ဟု ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။



ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ်

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသား အရေး ကိစ္စများကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ကြောင်း၊ လက်ရှိ တိုင်း ရင်း သားဒေသများတွင် တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းသည် စစ်တပ်၏ အခန်းကဏ္ဍ ပါဝင်မှုများသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် များကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအရေးကိစ္စများ ပြေလည်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်စနစ်ဖြင့်သာ ယင်းအရေးကိစ္စရပ်များ ပြေလည်နိုင်မည်ဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာမှာ ယခုချိန်ထိ မဖြေရှင်းနိုင်သေးခြင်းမှာ နိုင်ငံရေးအရ ဖြေရှင်းရန် ဆန္ဒမရှိ ခြင်းကြောင့် ဖြစ်ကြောင်း၊ အပြောသက်သက်ဖြင့် မဟုတ်ဘဲ သဘော ထားမှန်ကန်မှုရှိရန်၊ လုပ်နည်းလုပ်ဟန် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ရလဒ်ကောင်း ထွက်ပေါ်လာမည်ဖြစ်ကြောင်းနှင့် ယခုတွေ့ ဆုံပွဲမှတစ်ဆင့် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော် ဆောင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို တိုက်တွန်း ကြောင်း ဦးအေးသာအောင်က နိုင်ငံရေးပါတီများကိုယ်စား ပြောကြားခဲ့ သည်။

ယင်းဆွေးနွေးပွဲသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ ၀အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ကယန်းပြည်သစ် ပါတီ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ်၊ ကရင်နီ အမျိုးသားညီညွတ် ရေးအဖွဲ့၊ ကရင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအို့ဝ်းအမျိုးသား အဖွဲ့ချုပ်၊ SSA (ဆင်ကျော့)၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်နီ အမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် လေ့လာရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ (ရှမ်းပြည်နယ်၊ ကယားပြည်နယ်) ကို မတ်လ ၂၀ ရက်မှ မတ်လ ၂၂ ရက်ထိ ပြုလုပ်မည်ဖြစ်သည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။