Friday, March 22, 2013

အခြေခံ ဥပဒေသစ်ရေးဆွဲရန်သာ ဆန္ဒရှိကြောင်း လားရှိုးညီလာခံတက်ရောက်သူများပြော


သျှမ်းသံတော်ဆင့်
 
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲရန်သာ ဆန္ဒရှိကြ ကြောင်း သိရှိရပါသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြင်ဖို့တော့ အသံသိပ်မထွက်ကြဘူး။ ပြင်တာဟာ အသစ်ပြန်ရေးတာ ထက် အချိန်ပိုကြာတယ်။ အဲဒါကြောင့် အစကနေ ပြန်ရေးဖို့က အသံပိုထွက်ကြတယ်။ ခွန်ထွန်းဦးက မျက်နှာဖုံး ကိုပါ ပြောင်းသင့် ပြောင်းရမယ်လို့ပြောတယ်။ ဆိုလိုတာက အသစ်ရေး ဖို့ဘဲ” ဟု ညီလာခံ တက်ရောက်သူတစ်ဦးက ပြောသည်။


ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ကမူ မိမိတို့ စိတ်ကူးယဉ်သည့်အတိုင်း မပြောသင့်ကြောင်း၊ လုပ်သင့် သည်ကို လုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ၎င်းက ဆက်ပြောပြသည်။

“ရေတိုရေရှည် စဉ်းစားရမယ်။ ရေတိုမှာ  အခြေခံ ဥပဒေထဲက လုပ်နိုင် တာကို လုပ်ရမယ်။ ယူနိုင်တာ ကို ယူရမယ်။ ရေလယ်မှာ အခြေခံ ဥပဒေ ထဲက ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ကြိုးစားဖြေရှင်းရမယ်။ ရေရှည်က တော့ အခြေခံ ဥပဒေထဲက ခက်ခဲတာတွေကို အချိန်ယူ ဆွေးနွေးရမယ် လို့ ဦးအောင်မင်းက ပြောတယ်။”

တဖက်၌လည်း ငြိမ်းချမ်းရေး တည်ဆောက်နေသည်မှာ အနာတခြား ဆေးတခြားသာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်း နှင့် မဖြေရှင်းဘဲ စစ်ရေးနည်းနှင့်သာ ဖြေရှင်းနေသည်မှာ ယုံကြည်မှု ကင်းမဲ့အောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ညီလာခံတက်ရောက် သူများ ပြောဆိုကြ သည်ဟု ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။