Tuesday, March 19, 2013

ကရင်အဖွဲ့စုံ ပထမဆုံးအကြိမ် ဘားအံမှာတွေ့ကြမယ်

(ဧရာဝတီ)


နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း မတရားအသင်း ကြေညာခံထား ရသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ကရင်အမျိုးသား အရေး လုပ်ဆောင် နေကြသည့် မြို့ပေါ်မှ အဖွဲ့အစည်းများက ပထမဆုံး အကြိမ် တွေ့ဆုံရန် ပြင်ဆင်နေကြသည်။ 
ကရင့် အနာဂတ်ရေးဆိုင်ရာ အစည်းအဝေးကို ကရင် ပြည်နယ်မြို့တော် ဘားအံရှိ ဇွဲကပင် ကလပ်ခန်းမတွင် ကျင်းပမည့်နေ့မှာ ယခုလ ၂၉-၃၀ ရက်နေ့များတွင် ဖြစ်ပြီး ကရင့် အနာဂတ် အရေးများနှင့် သက်ဆိုင် သည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင် ၂၀ နှင့်အတူ ထိုင်း-မြန်မာ နယ်စပ်အ ခြေစိုက် ကရင်လူထု အခြေပြုအဖွဲများနှင့် အခြားကရင် အမျိုး သားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့ဝင်များ အပါအ၀င် ကိုယ်စားလှယ် ၅၀ ဦး တက်ရောက် ကြမည်ဟု အစည်းအဝေး ဖြစ် မြောက်ရေး လုပ်ငန်းအဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် စောလှထွန်းက ပြောသည်။


ကရင် နိုင်ငံရေးပါတီများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကရင်မျိုးနွယ်စု အဖွဲ့အစည်းများ၊ ကရင်စာပေ ယဉ်ကျေးမှုနှင့် အနုသုခုမ ပညာရှင်များ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒေသအသီးသီးမှ ကရင်ရေး ရာ ၀န်ကြီးများ၊ ကရင် ယဉ်ကျေးမှု အဖွဲ့များ၊ လက်ရှိ မြန်မာ့ တပ်မတော် မှ ကရင်တပ်မှူးများကိုပါ ဖိတ်ကြား ထားသည်ဟု စောလှထွန်းက ဖြည့် စွက်ပြောကြားသည်။

အစည်းအဝေးတက်မည့် လက်နက်ကိုင်အဖွဲ့များ

  • KNU
  • ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်သည့် DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်၊
  • ဗိုလ်ချုပ် စောဌေးမောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊
  • ကရင်နယ်ခြားစောင့်တပ်၊
  • ဟောင်သရောငြိမ်း ချမ်းရေးအဖွဲ့၊
  • သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့
  • ပဒိုအောင်ဆန်းဦးဆောင်သည့် ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ ဒုဥက္ကဌ ၀န်ကြီးဦး အောင် မင်းက ကိုယ်စားလှယ် ၂၀၀ ခန့် တက်ရောက်မည့် ကရင့်ရေးရာ အစည်းအဝေး ဖြစ်မြောက်ရေးနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
လိုအပ်မှု တချို့ကို စီစဉ် ဆောင်ရွက်ပေးသည်ဟု KNU အဖွဲ့မှ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။

အစည်းအဝေးဖြစ်မြောက်ရေးလုပ်ငန်းအဖွဲ့ဝင်တဦးက ”ဒီအစည်းအဝေး ကို ကရင်အမျိုးသားတွေ သီးသန့်ပြုလုပ်တာဖြစ်တယ်။ အားလုံး ရင်းရင် နှီးနှီး ပွင့်ပွင့်လင်းလင်းနဲ့ ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် အမျိုးသား စည်းလုံးညီ ညွတ်ရေး၊ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးနဲ့ ကရင့်အနာဂတ် အရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးကြမှာ ဖြစ် တယ်” ဟု ဆိုသည်။

ယခုလကုန်ပိုင်း ဘားအံမြို့တွင် ကျင်းပမည့် ကရင့်ရေးရာအစည်းအဝေး သည် ထူးခြားသည့် ဖြစ်စဉ်တခုဖြစ်ပြီး ကရင့်ရေးရာ အစည်းအဝေးကြီး ၏ အောင်မြင်မှု ရလဒ်ကောင်းများ ရရှိနိုင်ရန်မှာ အစည်းအဝေး တက် ရောက်ကြသူများ၏ အမျှော်အမြင်ရှိမှု၌သာ မူတည်မည်ဟု ပြည်တွင်း ပြည်ပမှ ကရင်အရေးလေ့လာသူများက သုံးသပ်ပြော ဆိုကြသည်။

“ခံယူချက်ယုံကြည်ချက် မတူတော့လို့ KNU ကနေ ခွဲထွက်သွားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဆယ်စုနှစ် ၂ ခု လောက်အကြာမှာ ကရင့် အမျိုးသား အနာဂတ် အရေးနဲ့ ပတ်သက်ပြီး ပြန်လည်တွေ့ဆုံဆွေးနွေး ကြဖို့ အကြောင်း ဖန်လာတဲ့ကိစ္စမှာ ကရင်တွေကလွဲပြီး အခြား ဘယ်သူ့ ကိုမှ နိုင်ငံရေး အမြတ်မရစေချင်ဘူး” ဟု ကရင်ပြည်နယ် လှိုင်းဘွဲမြို့မှ ကရင်ဘုန်းတော်ကြီးတပါးက ဧရာဝတီသတင်းဌာနကို မိန့်ကြားသည်။

ယခင်က ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ကရင်လူထု အခြေ ပြုအဖွဲ့များနှင့် နိုင်ငံတကာမှ ကရင်အရေး ဆောင်ရွက်နေကြ သည့် အဖွဲ့အစည်းများက KNU ဒေသအတွင်း ကရင်အမျိုးသား သွေး စည်း ညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို ၈ ကြိမ်မြောက်အထိ ကျင်းပ နိုင်ခဲ့ သည်။

သို့သော်လည်း အဖွဲ့အစည်း အများအပြားသည် အစိုးရအဆက်ဆက်က ကြေညာထားသည့် မတရားအသင်းဥပဒေကြောင့် ထိုနှီးနှောဖလှယ်ပွဲ တို့ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း ကရင့်အရေး ဆောင်ရွက်နေ သူတဦးကပြောသည်။

ပြည်တော်မြင့် ~

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။