Tuesday, March 5, 2013

သျှမ်း၊မြောက် နမ့်ခမ်းမြို့တွင် SSPP/ SSA စီးပွားရေးရုံးဖွင့်လှစ်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်တိုက်မရပ်ကွက်၌ သျှမ်း ပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/ SSA ၏ စီးပွား ရေးရုံး ကို ယနေ့ ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

“ဒီနေ့မနက် ၈ နာရီခွဲမှာ SSPP/ SSA ဒု-အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းထူး ကိုယ်တိုင် ရုံးဖွင့်ပွဲဆိုင်းဘုတ်  ဖွင့်ပေးတယ်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံပြည်သူ နှစ်ရာကျော် တက်ရောက်တယ်၊ ဆိုင်းဘုတ် ဖွင့်ပေးပြီးတော့ စဝ်စိုင်းထူးက မိန့်ခွန်း ပြောကြားတယ်၊ အဲဒီနောက်မှာတော့ သံဃာတော် တွေကို ပင့်ဖိတ် ပရိတ်ရွတ်ပြီးပူဇော်ကြတယ်” ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်သော ဒေသခံ လုံးစိုင်းပီးက ပြောသည်။


ဖွင့်ပွဲ တက်ရောက်ကြသည့် ဒေသခံပြည်သူလူထုအား နေ့လည်စာ တည်ခင်းကျွေးမွေးခဲ့ကြကြောင်း၊ နေ့လည် စာအတွက် ပေါက်တိုက်မ ရပ်ကွက်သူ ရပ်ကွက်သားများက ချက်ပြုတ်ကူညီပေးခဲ့ကြောင်း ၄င်းက ဆိုသည်။

အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်မှူးကြီး စိုင်းထူးက “ကျနော်တို့ SSPP/ SSA သာမက ဗမာပြည်မှာရှိတဲ့ လူမျိုးစုအားလုံး သည်ငြိမ်းချမ်းရေး လုပ်လာကြပြီ၊ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရနှင့်တကွ သမ္မတကြီးကို ကျနော်တို့ လေးစား ဂုဏ်ပြုပါတယ်၊ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင် အတွက် အရေး ၃ ပါးဆိုတဲ့ ပြည်ထောင် စုမပြိုကွဲ ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ  တည်တံ့ခိုင်မြဲရေး ဆိုတာကိုလဲ လက်ခံကြိုဆိုပါတယ်” ဟု ပြောဆိုသည်။

ပြည်ထောင်စုမပြိုကွဲရေး ဆိုရာတွင် စစ်မှန်သည့်ပြည်ထောင်စုကို လို လားကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ဟူရာတွင်လည်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း၊ အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက်မူ ဒီမိုကရေစီနှင့် human rights လူ့အခွင့်အရေးကို လိုလားကြောင်း ထို့ကြောင့် မိမိတို့အနေဖြင့်  အဆိုပါ အရေးသုံးပါးကို လေးစား၊ ယုံကြည်ပါကြောင်း ၄င်းက ဆက်လက် ပြော ဆိုသည်။

ထို့အပြင် “နောက်ပြီးတော့   နဂိုကတည်းက ဗိုလ်ချုပ်အောင်ဆန်း တည် ထောင်ထားတဲ့ ကျနော်တို့ပြည်ထောင်စုကြီးကို  အရင်းခံပြီးတော့ (၁) ပင်လုံစိတ်ဓါတ်နှင့် ပြည်ထောင်စု စိတ်ဓါတ်ကို နိုင်ငံသားအားလုံး တိုင်း ရင်းသားပြည် ထောင်စုသားအားလုံး သဘောပေါက်ဖို့ လိုလားပါတယ် (၂) ပင်လုံကို အသိအမှတ်ပြုခြင်းဖြင့် ပြည်ထောင်စုကို အသိအမှတ် ပြုခြင်း ဖြစ်ပါတယ် (၃) ပင်လုံစိတ်ဓါတ် ဆိုတာ ပြည်ထောင်စု နိုင်ငံ ထူထောင်ကာ အတူတကွ နေထိုင် ရန်လိုလားသောစိတ်ဓါတ်နှင့် တိုင်း ရင်းသား လူမျိုးစုများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန် အလှန် လေးစားစေသောစိတ်ဓါတ် တိုင်းရင်းသား လူမျိုးအချင်းချင်း တန်းတူ ရေးကို အခြေခံသော စိတ်ဓါတ်များကို ဆိုလို တာဖြစ်ပါတယ်”  ဟု စီးပွားရေးရုံး ဖွင့်ပွဲ မိန့်ခွန်း၌ စဝ်စိုင်းထူးက  ပြောသည်။
SSPP/SSA စီးပွားရေးရုံးကို နမ့်ခမ်းမြို့တွင်ဖွင့်လှစ်ပြီးနောက် မူစယ်မြို့ တွင်လဲ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရှိရ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။