Tuesday, March 12, 2013

သျှမ်း - ကယား ညီလာခံ UWSP/UWSA တက်မည်


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လာမည့်အပတ်အတွင်းကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ သျှမ်း -ကယားညီလာခံအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ကိုယ်စားလှယ်တက် ရောက်မည်ဟု စုံစမ်းသိရှိရပါသည်။
“လားရှိုးမှာ ကျင်းပမယ့် သျှမ်း - ကယား ဆွေးနွေးပွဲအတွက် ကျနော်တို့ ၂၅ ဖွဲ့ဖိတ်ထားတယ်။ အခု ပထမဦးဆုံး တက်မယ့်သူနာမည် စာရင်းတင်လာတာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် က၊ နှစ်ယောက်လာတယ်မယ်။ တက်မယ့်သူတွေ တော်တော်များများ စာရင်းရောက်နေပါပြီ” ဟု သျှမ်း - ကယား ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

မတ်ခ်ျလ ၂၀ မှ ၂၂ အထိ သုံးရက်ကြာကျင်းပမည့် သျှမ်းပြည်နယ်- ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည် ဆောက်ခြင်းဆွေးနွေးပွဲအတွက် ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ/ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA  ၏ ပြင်ပဆက်ဆံရေး ဒုဌာနမှူး ဦးရှောက်ဆမ်ခွန်း နှင့် ပန်ဝိုင်မှ စော်ဘွားမျိုးနွယ် တာ့ယီ့ပလစ်တို့အား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထား သည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းကလည်း ပြောပါသည်။

“သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ မကျကျန်ရ လေအောင် ကျနော်တို့ စာရင်းနဲ့ဖိတ်ထားတယ်။ လာကြမယ်လို့လဲကျနော်တို့မျှော်လင့်တယ်” - ဟု စိုင်းလိတ်က ပြောပါသည်။

လားရှိုးမိုတယ်၌ ကျင်းပမည့် အဆိုပါ သျှမ်းပြည်နယ်- ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည် မှု တည် ဆောက်ခြင်းဆွေးနွေးပွဲအား တက်ရောက်မည့် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်တပ်ဖွဲ့ စုစု ပေါင်း ၂၅ ဖွဲ့အနက် ကယားနိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊ လူမှုအသင်းအဖွဲ့ ၈ ဖွဲ့ ပါဝင်မည် ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ ဒုခေါင်းဆောင်ဖြစ်သည့် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်း ရေးမှူး ၁ ဗိုလ်မှူးစောလွင်က ပြောပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။