Monday, March 25, 2013

စစ်ရေး ထိန်းချုပ်နယ်မြေ သတ်မှတ်ရန် RCSS/SSA တောင်းဆို


မတ်လ (၂၅) ရက်နေ့၊ ရွှေဟင်္သာသတင်း ဌာန

အစိုးရအား စစ်ရေး ထိန်းချုပ် နယ်မြေများ သတ်မှတ် ပေးရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီ RCSS/SSA အဖွဲ့မှ တောင်းဆိုစာ ရေးသား ပေးပို့ ထားပြီး ဖြစ်ကြောင်း  အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်ကြီး စိုင်းမိန်က ဆိုပါသည်။

 “ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဦးအောင်မင်းနဲ့ ကျနော်တို့ အဖွဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံမှာ တွေ့စဉ်က ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို မပျက်စီး စေရန်နှင့် နှစ်ဖက်စလုံး ထိန်းသိမ်း လုပ်ဆောင် ကြရန် ဦးအောင် မင်းက ပြောကြား ထားတယ်လေး။ အဲဒါကြောင့် အခုဖြစ်ပေါ်နေတဲ့ တိုက်ပွဲ အားလုံး ကိစ္စဟာ အစိုးရ ဘက်ကဘဲ စပြီး ချိုးဖောက် နေတာကို တွေ့ရတယ်။ ဒါကြောင့် နယ်မြေ သတ်မှတ်ရေး ဆွေးနွေးပွဲကို တောင်းဆိုရခြင်း ဖြစ်တယ်။” ဟု ဆိုပါသည်။



အစိုးရ တပ်ဖွဲ့ များသည် RCSS နှင့် သဘော တူထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် များကို ချိုးဖောက်ပြီး  ရာဇသံ ပေးခြင်းနှင့် အတူ အကြိမ် (၅၀) ခန့် တိုက်ခိုက် ခဲ့ပြီး ဖြစ်သည်။ ဤကဲ့သို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီ RCSS/SSA အပေါ် အကြောင်းပြချက် မရှိဘဲ တိုက်ခိုက် နေသည့် အတွက် RCSS ဖက်မှ စစ်ရေး ထိန်းချုပ်မှု နယ်မြေ များ သတ်မှတ်ရေးကို လိုလား လာခြင်း ဖြစ်ပါသည်။

အစိုးရသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ RCSS ၏ ရှမ်းပြည် တောင်ပိုင်း သံလွင် အရှေ့ခြမ်း တြိဂံတိုင်း မိုင်းတုံမြို့ နယ် မိုင်းထား မြို့နယ်ခွဲ ဌာနချုပ်ရုံး နေရာဖြစ်သော လွယ်မွတ်နန်းလျဲန်း စခန်းနှင့် အရှေ့ အလယ်ပိုင်းတိုင်း ဟိုမိန်မြို့နယ်ခွဲရှိ လွယ်လန်းတောင် စခန်းတို့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွေ့ရန် ရာဇသံ ပေးခဲ့သည်။

ယင်းနေရာကို ဆုတ်ခွာပေးခြင်း မပြုပါက တပ်အင်အားဖြင့် လာရောက် တိုက်ခိုက် သွားမည် ဖြစ်ကြောင်း အစိုးရတပ်ဖွဲ့ ဘက်မှ ပြောသွား ခဲ့ပါသည်။ ဤသို့ကြောင့် RCSS/SSA ဥက္ကဌ ရွတ်ဆစ်မှ သမ္မတထံ လိပ်မူပြီး စာတစ်စောင် ပေးပို့ခဲ့ရ ပါသည်။
ဤကဲ့သို့ အစိုးရ တပ်များ၏ ခြိမ်းခြောက်မှုကို RCSS/SSA ဘက်က စာရေးခြင်းဖြင့် တုန့်ပြန် ခဲ့သော်လည်း တပ်ဆုတ်ခွာ ပေးခြင်း မရှိခဲ့ပေ။ ဤအနေအခြေ မျိုးတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီး အောင်သူသည်  RCSS ထံ လာရောက် ညှိနှိုင်း ခဲ့ရပါသည်။

ဤကဲ့သို့ ညှိနှိုင်း ခဲ့ပြီးနောက် အစိုးရ တပ်ဖွဲ့များသည် မတ်လ (၂၀) ရက်နေ့ကို နောက်ဆုံး ထားပြီး ၄င်းစခန်း နှစ်ခုမှ ဆုတ်ခွာ ပေးရန် မတ်လ (၁၅) ရက်နေ့တွင် ထပ်မံ ရာဇသံ ပေးလာပြန် ပါသည်။ သို့သော် RCSS/SSA သည် ရာဇသံ ပေးခြင်းကို လိုက်နာ ခြင်းထက် ဗိုလ် မှူးကြီးအောင်သူ နှင့် ညှိနှိုင်းထား ချက်အရ ဟိုမိန်မြို့နယ်ခွဲ အတွင်းရှိ လွယ်လန်းတောင် စခန်းကို မတ်လ (၁၁) ရက်နေ့၌ ဆုတ်ခွာ ပေးခဲ့ပါသည်။

အစိုးရ တပ်ဖွဲ့များသည် ဤဆုတ်ခွာ ပေးသော နေရာသို့ နယ်မြေခံ ပြည်သူ့စစ် အပါဝင် အင်အား (၄၀၀) ကျော်ခန့် လွယ်လန်းတောင် တပ်စခန်းအား လက်နက်ကြီး များဖြင့် အဝေးမှ ပစ်ရှင်း သွားခဲ့ပါသည်။
ဤစခန်းအား ဤကဲ့သို့ ပစ်ခတ် တိုက်ခိုက်ရန် တပ်မတော်ကြည်းမှ အမိန့်ပေး ထားခဲ့သည်ဟု ဗိုလ်မှူးကြီး အောင်သူ ပြော ခဲ့ကြောင်း ဆိုပါသည်။

RCSS သည် အစိုးရ၏ ကြိုတင် အကြောင်းကြားမှု မရှိသော စစ်ရေး လှုပ်ရှားမှုကြောင့် အပစ်အခတ် ရပ်စဲ ခဲ့သော်လည်း အကြိမ် (၅၀) ခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။ ဤသို့ကြောင့် အပစ်အခတ် ရပ်စဲကို ထိခိုက်မှာ စိုးရိမ်သဖြင့် RCSS သည် အစိုးရနှင့် စစ်ရေး ထိန်းချုပ် နယ်မြေ သတ်မှတ်ရန် လိုအပ်လာသဖြင့် စာရေးတောင်းဆို ခဲ့ဖြစ်ကြောင်း ဆိုပါသည်။

RCSS/SSA နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး ရရှိ ခဲ့ပါသည်။ ရရှိထားသော သဘော တူညီချက်များထဲ၌ ရှမ်းပြည် တောင်ပိုင်းရှိ မိုင်းထား မြို့နယ်ခွဲတွင် RCSS ၏ ဗဟို ဌာနချုပ် ထားရှိရန်နှင့် ဟိုမိန်း မြို့နယ်ခွဲတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဖွံ့ဖြို့ရေး အထူးဇုံ နေရာ အဖြစ် ထားရှိရန် သဘောတူ ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။