Sunday, May 5, 2013

တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းသည့် စာရင်း ပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံသို့ SSPP/SSA ပေးပို့မည်

(Eleven Media Group)

တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းသည့် စာရင်းပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံသို့ ပေးပို့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းဇင်ထွန်းက ပြောသည်။

အဆိုပါ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် စာရင်းပြုစုထားမှုများကို နိုင်ငံတော် သမ္မတထံ ပေးပို့ရန် လာရောက်တိုင်တန်းထားသည့် ဖြစ်စဉ်များနှင့် အခြားဖြစ်စဉ်များကိုလည်း မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး ရရှိလာသော အချက်အလက်များကို စုဆောင်းပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။


လတ်တလောတွင် SSPP/SSA အဖွဲ့သို့ တပ်မတော်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ ဧပြီ ၂၉ ရက်တွင် လာရောက်တိုင်တန်းထားသော ဖြစ်စဉ်တစ်ခုအား စုံစမ်းရာ မှန်ကန်မှုရှိကြောင်း၊ အဆိုပါဖြစ်စဉ်မှာ တန့်ယန်းဒေသရှိ နမ့်ဖောင်တွင် တပ်စွဲထားသော တပ်ရင်းမှ တပ်မတော်သား ၁၀ ဦးသည် ပလောင်အမျိုးသမီး နှစ်ဦးအား အဓမ္မပြုကျင့်မှု လုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်းကိစ္စအား တိုင်တန်းမှု ပြုလုပ်ပါက ၎င်းတို့နေထိုင်သည့် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း SSPP/SSA အဖွဲ့မှ ဦးစိုင်းဇင်ထွန်းက ဆိုသည်။

ထို့အပြင် ဒေသခံ ပြည်သူများသည် တန့်ယန်းဒေသရှိ နမ့်လောင်-မိုင်းတောင် ကားလမ်းတွင် တပ်စွဲထားသော တပ်ရင်းမှ တပ်မတော်သားများနှင့် လမ်းပေါ်တွင် တွေ့ဆုံပါက ခေါင်းငုံ၍ သွားရကြောင်းနှင့် ခေါင်းငုံ့၍ မသွားပါက ခေါ်ယူရိုက်နှက်မှုများရှိကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်း သိရှိရသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ၀န်ကြီးရုံး၊ ရုံးအဖွဲ့မှူးက မှတ်ချက်တစ်စုံတစ်ရာပေးရန် မရှိကြောင်း ပြန်လည်ဖြေကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။