Saturday, May 18, 2013

ကယားပြည် ဒုတိယအကြိမ် အပစ်ခတ်ရပ်ဆွေးနွေးပွဲ မေလအတွင်း မသေချာ

(ktimes)

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို ယခုမေလအတွင်း ပြုလုပ်နိုင်ဖို့ အစီအစဉ်တွေချထားကြပေမဲ့ အစိုးရဘက်က အဆင်သင့်မရှိတဲ့အတွက် ဖြစ်နိုင်ခြေအလားအလာ မရှိကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကပြောပါတယ်။

"ဒီမေလမှာတောင်မှ အကြမ်းအားဖြင့်တော့ ညှိတော့ညှိထားကြတယ် ဒါပေမယ့် အစိုးရကိုယ်စားတွေကတော့ သူတို့လည်း အခြားဟိုအဖွဲ့ ဒီအဖွဲ့နဲ့လည်း Engage (စေ့စပ်မှုတွေ) ဖြစ်ထားကြတဲ့ သဘောလည်း ရှိခါကျတာ့ ဒါလည်း မသေချာဘူးပေါ့နော်" လို့ KNPP ဒု ဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။


မေလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်နီတပ်ထိန်းချုပ်နယ်မြေမှာ ၁၂ ကြိမ်မြောက် KNPP ကွန်ကရက် အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး ကွန်ကရက်မှ သဘောတူဆုံးဖြတ်ထားတဲ့ ရှေ့ဆက် လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ် ဆောင်ရွက်သွားဖို့ ခေါင်းဆောင်သစ်များ ရွှေးချယ်တင်မြောက်ခဲ့ပြီးနောက် ပြောဆိုတာဖြစ်ပါတယ်။

KNPP နဲ့ အစိုးရတို့အကြား ငြိမ်းချမ်းဖေါ်ဆောင်နိုင်ဖို့ ၂၀၁၂ မတ်လ ၇ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 
ပထမဆုံးကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲလည်း လွိုင်ကော်မြို့မှာ၂၀၁၂ ဇွန်လ ၉ ရက်နေ့ကပြုလုပ်ပြီး KNPP ဘက်မှတင်ပြထားတဲ့ အချက် ၂၀ ထဲက ၁၄ ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အချက် ၆ ချက်မှာမူ တပ်နေရာချထားရေးကိစ္စနဲ့ စစ်ရေးကိစ္စ၀ိစ္စတွေဖြစ်ပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးခြင်း မပြုလုပ်နိုင်ခဲ့ကြတဲ့အတွက် ဖြစ်ပေါ်လာမည့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ထပ်မံဆွေးနွေးသွားကြဖို့ သဘောတူခဲ့ကြပါတယ်။

ဖြစ်ပေါ်လာမည့် ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ ယခင်က သဘောတူထားကြတဲ့ အချက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ပြင်ဆင်ထားပြီး သဘောတူညီမှုမရရှိသေးတဲ့ စစ်ရေးကိစ္စအတွက်လည်း တချက်ချင်းစီ အသေးစိတ် ဆွေးနွေးသွားမှာဖြစ်တယ်လို့ ခူးဦးရယ်က ပြောပါတယ်။

"ကျနော်တို့ကတော့ အခြား ထူးထူးထွေထွေဆွေးနွေးတယ် ဆိုတာထက် အရင်က သဘာတူထားတဲ့ ၁၆ ချက်ထဲက တချက်ချင်းစီကို ကျနော်တို့ ပြန်ပြီးတော့ ဟိုလက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာ နှစ်ဖက် အတိအကျလိုက်နာဆောင်ရွတ်ဖို့ အကောင်အထည်ဖော်ဖို့အတွက်ဘဲ တချက်ချင်းဆွေးနွေးမှာပါ အဓိက အားဖြင့်တော့ စစ်ရေးကိစ္စကို အခိုင်အမာသဘောတူညီမှု ရရှိအောင် ညှိနှိုင်းဆွေးနွေးမှာပေါ့ဗျာ"

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။