Wednesday, May 29, 2013

T.N.L.A တပ်ရင်း ၇၁၇ နှင့်ဖြစ်ပွားသည့် ခူန်ခါတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ အနဲဆုံး ၅ ဦးထိခိုက်ကျဆုံး

၂၉ ရက်၊ မေလ၊ ၂၀၁၃။

ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ခူန်ခါဒေသ အခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(T.N.L.A) တပ်ရင်း ၇၁၇ နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ တို့ ယနေ့နံနက် ၃ နာရီခန့်မှ မိုးလင်းလုနီးပါးအထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်ဖွဲ့ ၂ ဦးကျဆုံးပြီး အနဲဆုံး ၃ ဦးထိခိုက် ဒါဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။

တပ်ရင်း ၁၇၁ တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေးအတွက် လှည့်လည် လှုပ်ရှားရာမှ မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ စစ်ကြောင်းနှင့် ရင်ဆိုင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခူန်ခါရွာနှင့် အလွန်နီးကပ်သဖြင့် တိုက်ပွဲအရှိန် မြှင့်လာသည့်နောက်ပိုင်း နံက် ၅ နာရီ ခန့်တွင် ခူန်ခါရွာတွင်းအထိ တိုက်ပွဲ ကူးစက် သွားခဲ့သည်ဟု T.N.L.A တပ်ရင်း ၇၁၇ တပ်ရင်းမှူး ပြောပြချက်အရ သိရှိရပါသည်။


မိုးမလင်းသေးဘူး သေနတ်သံတွေ ကြားနေရတယ်။ မကြာပါဘူး မီးပွင့်တွေပါမြင်ရတော့ ရွာထဲထိ တိုက်ပွဲဖြစ်ပြီ ဆိုတာသိတော့ ရွာသားတွေ ရွာပြင် ထွက်ပြေးသူပြေး လွတ်မယ်ထင်တဲ့နေရာ ပုန်းသူပုန်းနဲ့ တကယ့်ပြည်တွင်းစစ်ကြီးပါပဲ။ ရွာသား ၂ ယောက် တော့ ပေါင်နဲ့ လက်မှာ လက်နက်ကျည်ဆ ထိတယ် သိပ်တော့မပြင်းဘူး၊ နှစ်ဘက်လုံးတော့ အနဲနဲ့အများ ထိခိုက်မှုရှိမှာပဲဟု ခူန်ခါရွာသားတဦးက ပြောပြပါသည်။ ထိုဒါဏ်ရာရရှိတော့ ဒေသခံပြည်သူ နှစ်ဦးကို ကေအိုင်အေတပ်ဖွဲ့မှ ကချင်ဆေးမှူးက တာဝန်ယူ ကုသပေးသည်ဟုလည်း ရှင်းပြပါသည်။

တအာင်းပြောက်ကျားတပ်ဖွဲ့မှာ နေရာပြောင်း လှုပ်ရှားသွားပြီးဖြစ်သော်လည်း မြန်မာတပ်ဖွဲ့က ဆက်လက် တပ်ဖြန့်ကာ စောင့်ဆိုင်း နေဆဲဖြစ်သည်ဟု သိရှိရပါသည်။ ခူန်ခါဒေသတွင် ဆက်သွယ်မှု ခက်ခဲသဖြင့် တိုက်ပွဲသတင်း အသေးစိတ် အချက်အလက်ကို စုံစမ်းနေဆဲဖြစ်ပါသည်။

တိုက်ပွဲဖြစ်ပွားရာ ခူန်ခါရွာမှ လမ်းလျှောက်လျှင် ၂ နာရီ-၃ နာရီ ခန့်ကွာဝေးတော့ ကျောက်လုံးကြီး၊ ကွမ်စလမ် ဒေသတို့တွင် RCSS/SSA ရှမ်းတောင်ပိုင်းတပ် တို့ရောက်ရှိ အခြေချသည်မှာ တပတ်ခန့်ရှိပြီဖြစ်သော်လည်း မြန်မာတပ်နှင့် ထိပ်တိုက်ရင်ဆိုင် ထိတွေ့ခြင်း မရှိသေးပါ။

ထိုဒေသတွင် SSPP/SSA ရှမ်းမြောက်ပိုင်းတပ်ဖွဲ့၊ တအာင်းတပ်ဖွဲ့နှင့် ကချင်တပ်ဖွဲ့တို့ စုပေါင်း အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။