Monday, May 27, 2013

ရှမ်းမြောက် တန့်ယန်း ဒုက္ခသည်စခန်း ပိတ်သိမ်းလိုက်ပြီဖြစ်

(Mizzima)

အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ ဖြစ်ပွားသည့် စစ်ပွဲများကြောင့် တန့်ယန်းမြို့သို့ တိမ်းရှောင်လာသည့် ဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသည့် ယာယီ ဒုက္ခသည် စခန်းကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး ကော်မတီက ပြောသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် SSPP ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ခေးတိုင်း ဦးဆောင်သည့် အဖွဲ့တို့ မေလ ၁၁ ရက်နေ့တွင် တန့်ယန်းမြို့၌ တွေ့ဆုံကြပြီး
နောက်ပိုင်း ပိတ်လိုက်ခြင်း ဖြစ်သည်။


“SSPP နဲ့ အစိုးရ ကိုယ်စားလှယ်တွေ တန့်ယန်းမှာ ဆွေးနွေးကြပြီးတော့မှ သူတို့ (ဦးသိန်းဇော်) ဘက်က ကတိကဝတ်တွေ ပေးတယ်။ နောက်မှာ တိုက်ပွဲတွေ မဖြစ်ရတော့ပါဘူး ဆိုပြီးတော့မှ။ အဲဒီလို ပြောတဲ့ အတွက်ကြောင့် ကျနော်တို့ ဘက်ကနေ ပြန်ချင်တဲ့သူကို ပေးပြန်လိုက်တာပေါ့။ စခန်းက တရားဝင် မရှိတော့ဘူးပေါ့” ဟု ကယ်ဆယ်ရေး ကော်မတီဝင် ကိုစိုင်းလူ က ပြောသည်။

နေရပ်ပြန်သူများအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် စခန်းကော်မတီက ငွေကြေးနှင့် စားနပ်ရိက္ခာ အချို့ကို ကူညီထောက်ပံ့ ပေးခဲ့သည်ဟု ဆိုသည်။

စခန်း ဖျက်သိမ်းပြီးနောက် စခန်းအတွင်းနေ ဒုက္ခသည် ၅၀၀ ကျော်အနက် အများစုမှာ နေရပ် ကျေးရွာများသို့
ပြန်သွားကြပြီး မပြန်လိုသူအချို့မှာ သက်ဆိုင်ရာ ဆွေမျိုးများ၏ နေအိမ်များ၌ ဆက်လက် ခိုလှုံနေကြကာ ၎င်းတို့အတွက် စခန်း ကော်မတီမှ ဆက်လက်ထောက်ပံ့နေဆဲ ဖြစ်သည်ဟုလည်း သူက ပြောသည်။

“မပြန်ချင်တဲ့သူကို စာရင်းလာပြီး ပေးသွင်းပါလို့ ကျနော်တို့ ပြောတာပေါ့။ အခု ကျနော်တို့ လက်ရှိ ကူညီနေတာက ၁၀၀ ကျော်ကျော်ပဲ ရှိတော့တယ်ခင်ဗျ” ဟု သူက ဆက်ပြောသည်။

မတ်လ နှောင်းပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသတဝိုက် တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၂,၀၀၀ ခန့်ထိ ရှိလာခဲ့သည်ဟု ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် (SHRF)က ထုတ်ပြန်ခဲ့သည်။

SSPP/SSA သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက် မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု SSPP က
ပြောသည်။

နောက်ဆုံး တန့်ယန်း တွေ့ဆုံပွဲတွင် “ယခင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများမှ သဘောတူညီချက်များအား နှစ်ဘက်လုံးမှ အလေးအနက်ထား လိုက်နာဆောင်ရွက်မည်” ဟူသည့်အချက် အပါအဝင် အချက် ၄ ချက်ကို နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။