Wednesday, May 15, 2013

နမ့်ခမ်းမြို့ ပစ်ခတ်မှု ပန်းဆေးပြည်သူ့စစ် လက်ချက်ဟု ဆို



သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ ယခုလ ၁၃ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု မှာသစ်မှောင်ခို လမ်းကြောင်း အခွန်အကောက်ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ပန်းဆေးပြည်သူ့စစ်တို့ အကြား မကျေနပ်သည့် ပစ်ခတ်မှု ဖြစ်ကြောင်း နမ့်ခမ်း ဒေသခံများအဆိုအရ သိရသည် ။


၎င်းပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူ ၃ ဦးခန့် ဒဏ်ရာရရှိခဲ့ သော်လည်း မည်သည့် လက်နက်ကိုင်များက ၀င်ရောက်ပစ်ခတ်ခဲ့သည်ကို  အတိအကျ မသိရှိပဲ ဖြစ်နေရာ  နမ့်ခမ်းမြို့ခံများက ပန်း ဆေး ပြည်သူ့စစ် လက်ချက်ဖြစ်ဖွယ်ရှိကြောင်း ထင်ကြေးပေး ပြောဆိုနေခြင်း ဖြစ်သည် ။



“ရဲတွေက ဒီလမ်းမှာကင်းစောင့်တာ ပန်းဆေးပြည်သူ့စစ် သစ်ကားတွေ ဒီလမ်းကြောလာဖို့ ညှိတာ မပြေလည်လို့ အဲဒါ လာ ပစ်သွားတာ။ ပိုက်လိုင်းတွေနားမှာ သွားပစ်တာကလည်း ခန့်မှန်းကြတာပေါ့နော် ။ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပစ်တယ် လို့ ထင်အောင် ပြန်သွားပစ်တာလို့ အဲလိုမျိုးပြောနေကြတယ် ” ဟု နမ့်ခမ်းမြို့ခံ တစ်ဦးက ဆိုသည် ။

၎င်းအခင်းဖြစ်ပွားသည့် နေရာသည် မန့်ကွန်ရွာဘက်မှ တရုတ်နယ်စပ်အထိ နမ့်ခမ်းမြို့ကို ဖြတ်၍  သစ်မှောင် ခို သယ်ယူ နေသည့် လမ်းကြောင်း ဖြစ်ပြီး အဆိုပါ သစ်မှောင်ခို သယ်ယူခြင်းကို ပန်ဆေးပြည်သူ့စစ်အဖွဲ့က တာဝန်ယူလုပ်ကိုင်ခြင်း ဖြစ်ကြောင်း  နောက်ထပ်မြို့ခံတစ်ဦးကလည်း ဆိုသည် ။

“မြင်တဲ့လူတွေက ပန်းဆေးပြည်သူ့စစ် ပစ်တာလို့ ပြောကြတာ။ စောစောပိုင်းက ရဲနဲ့ပန်းဆေးအဖွဲ့ သစ်လမ်း ကြောကိစ္စ ညှိနေတာ ၅ မိနစ်လောက်ရှိတယ်တဲ့။ မပြေလည်လို့ လာပစ်သွားတာတဲ့ ။ ပန်းဆေးက ဒီဘက်လမ်းကို သစ်တွေ သယ်တာ လေ ။ ဝိပုရလမ်းမှာ ကွမ်းယာဆိုင်မှာ ရဲတွေက စောင့်ပြီး အခွန်ကောက် တာ။ သစ်ဆွဲနေတာက ပန်းဆေးပြည်သူ့စစ်အဖွဲ့ပဲ။ သူ့လောပန်းက ပန်းဆေးကျော်မြင့်ရဲ့ ညီ ကျော်ထွေး။ မန့်ကွန်က ထွက်တဲ့သစ်တွေ အကုန်လုံး သူတို့ သယ်နေတာ ” ဟု ဆို သည် ။

ပစ်ခတ်မှုအတွင်း နမ္မတူ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်၏ ညီဖြစ်သူ စိုင်းဆာအောင် သေဆုံးသွားပြီး အောင်မြင့် ၊ ဖအောင် နှင့် မာတန်တို့ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည် ။

အဆိုပါ အခင်းဖြစ်ပွားအပြီး မြန်မာစစ်တပ်မှ တင့်ကား ၇ စီးခန့် လားရှိုးဘက်မှ မူစယ်ဘက်သို့ ချီတက်လာရာ သိန္နီမြို့ အရောက်တွင် လာရာလမ်းအတိုင်း ပြန်လှည့်သွားပြီး ကျောက်မဲမြို့၌ အခြေပြုထားကြောင်း သိရသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။