Tuesday, May 14, 2013

နမ့်ခမ်းမြို့ တရုတ်ဓါတ်ငွေ့ပိုက်လှိုင်း ဂိုဒေါင်အနီး ပစ်ခတ်မှုဖြစ် ရဲ ၂ ဦးနှင့် အရပ်သား တစ်ဦးသေဆုံး



သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့အထွက် နွမ်းအင်ရွာ ဂက်စ်ပိုက်လှိုင်း ဂိုဒေါင်နေရာနှင့် ၄င်းနေရာနှင့် ကပ်လျှက် အောင်မေတ္တာရပ်ကွက် ဝိပုရ ကျောင်းတိုက်အနီး ကွမ်းယာဆိုင် နေရာများတွင် ယမန်နေ့ ညပိုင်း ၉ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရခဲ့ကြောင်း နမ့်ခမ်းမြို့ခံ လူငယ် တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။


“နမ့်ခမ်းမြို့ နွမ်းအင်ဂက်စ်ပိုက်လှိုင်းထားတဲ့နေရာနဲ့ အောင်မေတ္တာကွက် နှစ်နေရာမှာဖြစ်တယ်။ တော ကျောင်း အထွက် လမ်းပေါ့။ အောင် မေတ္တာရပ်ကွက် ဝိပုရကျောင်းနားလေးက ကွမ်းယာဆိုင်နားမှာပစ် ခတ်မှုဖြစ်တာ ရဲနှစ်ဦး သေဆုံးပြီး  တဦး ဒဏ်ရာရ တယ်။ ပိုက်လုံးပုံနားမှာ ဖြစ်တဲ့ပစ်ခတ်မှုမှာတော့ ကျောက်မဲ အလုပ်ဆိုဒ်က ကားဆရာနဲ့ဒရိုင်ဘာ သေဆုံးပြီး ရဲတယောက်နဲ့ အရပ်သား ၃ ယောက်   ဒဏ်ရာရသွားတယ် ”  ဟု သူက ပြောသည် ။



မြို့တွင်းကင်းစောင့်နေသည့် ရဲများသေဆုံးခြင်း ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားရာ အနီးရှိ စိုင်းအိုက်စိုင်း၏ နေ အိမ်တွင် ကျည်ဆံအမြောက်အများ ထိမှန်မှုရှိခဲ့ကြောင်း နမ့်ခမ်းဒေသခံများ အဆိုအရ သိရသည် ။

လာရောက်ပစ်ခတ်သည့်အဖွဲ့ကိုလည်း မသိရကြောင်း နမ့်ခမ်းဒေသခံများကပြောသည်။

ယနေ့နေ့လည်ပိုင်းတွင် မြန်မာစစ်တပ်မှ တင့်ကားများပါဝင်သည့် စစ်ကြောင်းများ လားရှိုးမြို့မှ မူစယ်ဘက်သို့  တက်လာ ကြောင်း မျက်မြင် ကုန်သည်များ အဆိုအရ သိရသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။