Sunday, May 19, 2013

ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ စုံညီအစည်းအဝေးပြီးဆုံး

(RFA)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ကျင်းပခဲ့တဲ့ ကရင်ရေးရာ အစည်းအဝေးက ရွေးချယ်တင်မြောက်လိုက်တဲ့ ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီဟာ ရန်ကုန်မြို့မှာ ဒီကနေ့ စုံညီအစည်းအဝေးတစ်ရပ်ကို နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ကရင်အမျိုးသားညီလာခံ ကျင်းပနိုင်ရေး၊ အစိုးရနဲ့ KNU ကြား ငြိမ်းချမ်းရေး သဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင်ရေး၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ မျက်နှာစုံညီတွေ့ဆုံနိုင်ရေး စတာတွေပါဝင်တဲ့ ဦးစားပေးလုပ်ငန်းစဉ် ၁၀ ရပ်ကို ချမှတ်ခဲ့တယ်လို့ ကော်မတ်ီဝင် ဒေါက်တာ ရီဘက်ခါ ဒင်က RFA ကို ပြောပါတယ်။


"ကရင်လူထု ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ပါဝင်ခွင့်ရှိမယ့် ကရင်အမျိုးသားညီလာခံကို ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ နောက်ပြီးတော့ ကရင်လူမျိုးများရဲ့ ဘဝတိုးတက်ရေး ငြိမ်းချမ်းမှုတည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ကရင်လူမျိုးများရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်များအတွက် အကြံပြုချက်များတင်ပြဖို့၊ ကရင့်ငြိမ်းချမ်းရေးအတွက် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး မျက်နှာစုံညီတွေ့ဆုံပေးရန် စီစဉ်ပေးဖို့၊ KNU နဲ့ နိုင်ငံတော်အစိုးရကြားမှာ သဘောတူညီထားတဲ့ အချက်အလက်တွေကို အောက်ခြေမှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကူညီပံပိုးဖို့ ဆိုတာတွေကို ကျမတို့ ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းတစ်ရပ်ကို ဖော်ထုတ်ထားပါတယ်"

၂ ရက်ကြာကျင်းပတဲ့ ဒီအစည်းအဝေးကချမှတ်ခဲ့တဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းအဖွဲ့တွေအသီးသီး ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်လူမျိုးအများစုနေထိုင်ကြတဲ့ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ကရင်လူထုနဲ့ သွားရောက်တွေ့ဆုံသွားပြီး ကော်မတီတွေရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။