Monday, May 6, 2013
ကရင်ပြည်နယ် နဲ့ သတင်းဆာလောင်မှု
(ဧရာဝတီ)
ပုဂ္ဂလိကသတင်းစာအချို့ကို နယ်စပ်မြ၀တီမြို့အပါအ၀င် ကရင်ပြည်နယ်အတွင်း စာဖတ်သူများ နှစ်သက် အားပေးနေကြသည်ဟု စာနယ်ဇင်းဖြန့်သူများ၊ စာဖတ်ပရိသတ်များက ပြောသည်။  
မြ၀တီမြို့မိုးစက်ပွင့်စာပေဖြန့်ချိရေးမှ ကိုဝင်းချိုက
”သတင်းစာ ၇ မျိုး ရောက်တယ်။ အဲဒီအထဲက အမာခံပရိသတ်ရထားတဲ့  သတင်းစာ ၄ မျိုးကတော့ ရောက်တာနဲ့ ကုန်တာပဲ။ ဘာလို့ဆိုတော့ သတင်းတွေက လတ်ဆတ် မြန်ဆန်တဲ့အပြင်ကို ၀ါဒဖြန့်သတင်းစာ မဟုတ်တဲ့အတွက်
စာဖတ်ပရိသတ်ရဲ့ လက်ခံမှုကို ရရှိကြတာဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံများတွင် နေ့စဉ်ထုတ်သတင်းစာတို့သည် တိုင်းပြည်၏ အသက်သွေးကြောကဲ့သို့ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း နေ့စဉ်ထုတ် သတင်းစာများခေတ်ကို မကြာမီ ပြန်ရောက်တော့မည်ဟု ကိုဝင်းချိုက သုံးသပ်ပြောဆိုသည်။
နယ်စပ်မြ၀တီမြို့တွင် နေ့စဉ် သတင်းစာစောင်ရေ ၃၀၀ ခန့် ပုံမှန်ရောင်းချနေပြီး လွယ်လင့်တကူ ၀ယ်ယူနိုင်ခြင်းသည် အားသာချက်တခုဖြစ်သည်။
တစောင်လျှင် ကျပ် ၂၅၀ ဖြင့်ရောင်းချနေကြသည်။
သတင်းစာ ၇ မျိုးအနက် Voice, Yangon Times, 7Day, Eleven တို့မှာ ရောင်းအား အကောင်းဆုံးဖြစ်သည်၊
လက်ရှိမြန်မာ့နိုင်ငံရေးနှင့်လူထုအခြေအနေများကို ထင်ဟပ်သည် ဟု မြ၀တီမြို့ခံဦးစိန်ကြီး သုံးသပ်သည်။
၎င်းက ”ပုဂ္ဂလိကနေ့စဉ်ရဲ့ထူးခြားချက်က သတင်းမြန်ဆန်မှုရှိတယ်။ လတ်ဆတ်ပေါ့ပါးပြီး ဆန်းသစ်မှုရှိတယ်။ သတင်းစာရဲ့အသက်က သတင်းကို
အချိန်မီတင်နိုင်တာပဲ။ အခုကြည့်လေ ... မနေ့ညက ဒေါ်အောင်ဆန်းစုကြည် မွန်ဂိုးလီးယားက ပြန်လာတယ်၊ ဒီနေ့မနက်သတင်းစာမှာ ပါလာပြီ၊
နေ့စဉ်ထုတ်တွေက များတော့ အပြိုင်အဆိုင် လုပ်ကြတယ်လေ။ အရင်လို ပြိုင်ဘက်မရှိတဲ့ သတင်းစာခေတ်နဲ့တော့ ကွာသွားပြီ။
 ကျွန်တော်ဆိုရင် သတင်းစာကို တနေ့နှစ်မျိုး ပုံမှန်ဝယ်ဖြစ်တယ်” ဟု ဆိုသည်။
မဲဆောက်
ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်တွင်  မြန်မာအလုပ်သမား ၂ သိန်းခန့်ရှိရာ ထိုဈေးကွက်သို့လည်း  စာနယ်ဇင်းမျိုးစုံ တင်ပို့မှု တပတ်လျှင် စောင်ရေ ထောင်ဂဏန်းအထက်တွင် ရှိသည်ဟု မြ၀တီမှ စာနယ်ဇင်းဖြန့်သူများကပြောသည်။
ကော့ကရိတ်
ကော့ကရိတ်မြို့တွင် စာနယ်ဇင်းဖြန့်ချီသည့် ကိုနိုင်က ”ကော့ကရိတ်မှာက နေ့စဉ်ထုတ်သတင်းစာ ဖြုန်းအားကတော့ မြ၀တီနဲ့ သိပ် မကွာဘူး။
အထူးသဖြင့် ခရီးသွားတွေနဲ့ ကားသမားတွေ ၀ယ်ဖတ်ကြတာများတယ်။ မြို့ခံတွေထဲမှာတော့ အစိုးရ၀န်ထမ်းတွေ ၀ယ်ဖတ်ကြတာများတယ်။
လူတွေက အစိုးရအာဘော်နဲ့စာရင် ပုဂ္ဂလိကအာဘော်ကို ပိုပြီး နှစ်သက်တယ်လို့ ထင်ရတယ်။ ဒါကြောင့်ပဲ နေ့စဉ်သတင်းစာတွေ ရောင်းနေရတာ” ဟု ပြောသည်။
ဖားအံ
ဘားအံမြို့ခံပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးက ”ဒီမိုကရေစီခေတ်မှာ ကောင်းတဲ့သတင်းစာကို ပြည်သူက ဖတ်မှာပဲ။ အတင်းအကျပ်လည်း လိုက်ရောင်းဖို့မလိုဘူး။
 ဒီမှာတော့ ဖတ်နေကြတာများတယ်။ ၀င်းဝင်းစာပေ၊ ဦးဆောက်ပန်းစာပေနဲ့ အခြားစာအုပ်ဆိုင်တွေမှာ ရောင်းနေတာပဲ။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက အစ ၀ယ်ဖတ်ကြတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
လှိုင်းဘွဲ့
လှိုင်းဘွဲမြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်းမှ ရဟန်းပျိုအရှင်ကုသလက “လှိုင်းဘွဲ့မှာနေ့စဉ်ထုတ်သတင်းစာတွေ ရောက်တယ်။ ကြိုက်တဲ့လူများတယ်။ ၀ယ်ဖတ်ကြတယ်။ အစိုးရထုတ်တဲ့ သတင်းစာထက်တော့ဈေးကြီးတယ်” ဟု မိန့်ဆိုသည်။
အစိုးရနှင့် ကြံ့ခိုင်ရေးပါတီတို့၏  နေ့စဉ်ထုတ်သတင်းစာတို့သည် ပုဂ္ဂလိကနေ့စဉ်သတင်းစာများထက် ၄ ဆခန့် ဈေးလျှော့ရောင်းသော်လည်း ရောင်းအားမရှိကြောင်း၊ အချို့သတင်းစာများကို အရောင်း ရပ်နားထားရသည်ဟု စာပေဖြန့်ချီသူတချို့က ပြောသည်။
ကားဆရာတယောက်ရဲ့အမြင်
မြ၀တီ-ကော့ကရိတ်ပြေးဆွဲသည့် ယာဉ်မောင်းတဦးက ”လူတွေ သိချင်တာက သတင်းအမှန်တွေ။ အစိုးရသတင်းစာနဲ့ ပုဂ္ဂလိကသတင်းစာက ဘာမှမဆိုင်ဘူး၊ တခြားစီပဲ၊ ဒီလို ထူးခြားတာတွေပါလို့
သတင်းက နေ့တိုင်းနီးပါး ပါတယ်။ အစိုးရသတင်းစာမှာတော့ မပါဘူးကွ၊ နောက်ပြီး ချိန်းတွေတဲ့ သမီးရည်းစားအတွဲကို စစ်သားတွေက ပစ္စည်းလုပြီး လူသတ်တဲ့ကိစ္စတွေပါတယ်” ဟု ဧရာဝတီသတင်း ထောက်ကိုပြောသည်။
လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲများကြောင့်  သတင်းစာများသည် နယ်စပ်မြ၀တီမြို့သို့ ည  ၇ နာရီကျော်မှသာ ရောက်ရှိသည်ဟု မိုးစက်ပွင့် စာပေဖြန့်ချိရေးက ပြောသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။