Tuesday, May 7, 2013

၎င်းတို့အား ထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA တို့ ပြောကြား

(Eleven Media Group)

ဟက်ကြီးရေကာတာ စီမံကိန်းကို အကြောင်းပြုပြီး ၎င်းတို့အား ထိုးစစ်ဆင်လာပါက ခုခံသွားမည်ဟု ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA အဖွဲ့များက မေလ ၆ ရက်နေ့တွင် မြ၀တီမြို့တွင် သတင်းထောက်များကို ပြောခဲ့သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက မေလ ၆ ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ KNU/KNLA အထူး ဗျူဟာရုံးချုပ်တွင် ပြည်တွင်းသတင်းထောက်များကို ခေါ်ယူတွေ့ဆုံပြီး ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။


ယင်းတွေ့ဆုံပွဲတွင် DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင် (ကလိုထူးဘော အခြေချ စစ်ဗျူဟာမှူး) က မိမိတို့ တပ်ဖွဲ့ထံ မေလ ၂ ရက်နေ့က တပ်မတော်မှ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်ရန် အတွက် DKBA တပ်များအား မေလ ၄ ရက်နေ့ည ၁၂ နာရီ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်၍ မိ မိတို့အနေဖြင့် တပ်များဆုတ်ခွာရန် မည်သည့်နည်းလမ်းနှင့်မျှ ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် လက်ခံမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ထိုးစစ်ဆင်လာပါက မိမိတို့အနေဖြင့် ခုခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''စဖြစ်တဲ့ ဖြစ်စဉ်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က တပ်သားတစ်ဦး ကျွန်တော်တို့ DKBA အဖွဲ့ထဲကို ပြောင်းဝင်လာတယ်။နယ်ခြားစောင့်တပ်ဆိုတာ တပ်မတော်က ဖွဲ့စည်းထားတဲ့ တပ်မတော် လက်အောက်ခံ အဖွဲ့အစည်း တစ်ခုပဲ။ ကျွန်တော်တို့ အဲဒီတပ်သားကို လက်ခံလိုက်တယ်။ အဲဒီတပ်သားကနေ DKBA အဖွဲ့ထဲက သေနတ်ကိုယူပြီး နယ်ခြားစောင့်တပ်က တပ်သားတစ်ဦးကို ညွှန်ကြားချက်မရဘဲ ပစ်လိုက်တယ်။ ဧပြီ ၂၇ ရက်နေ့ညမှာ နယ်ခြားစောင့်တပ်ကနေ ကျွန်တော်တို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ ကျွန်တော်တို့ လူတွေကလည်း ခုခံတိုက်တယ်။ တိုက်ပွဲက သုံးရက်လောက် ဖြစ်လာတယ်။ နောက် မေလ ၂ ရက်နေ့မှာ တပ်မတော်ကနေ ကျွန်တော်တို့ဆီကို ညွှန်ကြားချက် တစ်ခုလာတယ်။ ကျွန်တော်တို့က တရားမ၀င်တပ်ဖွဲ့တွေ ဖြစ်တယ်။ ကျွန်တော်တို့ တပ်တွေအနေနဲ့ မေလလေးရက်နေ့ နောက်ဆုံးထားပြီး လှိုင်းဘွဲ့၊ မီဆိုင်း၊ ကျုံထော်၊ မြိုင်ကြီးငူ စတဲ့ဒေသတွေကနေ ဆုတ်ခွာပေးဖို့ ညွှန်ကြားလာတယ်။ ကျွန်တော်တို့တပ်တွေ ဆုတ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ တပ်တွေဆုတ်မယ်ဆိုရင် ထိုင်းနဲ့လည်း နီးသွားပြီ။ ထိုင်းကလည်း ကျွန်တော်တို့ကို လက်ခံမှာ မဟုတ်ဘူး။ တပ်တွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ စိုက်ပျိုးရေးနဲ့ အခြားလုပ်ငန်းတွေမှာ အခြေကျနေတာတွေ ရှိတယ်။ အဲဒါကြောင့် တပ်တွေဆုတ်ပေးဖို့ ဘယ်လိုနည်းနဲ့မှ လက်မခံပါဘူး။ ဒီလိုလက်မခံတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေ အနားကို အစိုးရတပ်မတော်က ချဉ်းကပ်လာတာရှိတယ်။ အကယ်၍ ထိုးစစ်ဆင်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြန်လည်ခုခံသွားဖို့ကို ပြင်ဆင်ထားပါတယ်'' ဟု DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင် (ကလိုထူးဘောအခြေချ စစ်ဗျူဟာမှူး) က ပြောသည်။

ထိုသို့ လက်နက်ကိုင်တပ်များ ဆုတ်ခွာရန် အမိန့်ပေးမှုသည် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အစိုးရနှင့် ပဏာမ သဘောတူညီထားသည့် အချက်တစ်ချက် ဖြစ်သော ''နှစ်ဖက်သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဖက်ကြိုတင်ညှိနှိုင်းပြီး ဆောင်ရွက်မည်'' ဆိုသည့် အချက်ကို မလေးစားရာ ရောက်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ကရင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ကြားနေကာ ၀င်ရောက်ဖြေရှင်းပေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိသေးသော်လည်း ယခုကိစ္စအတွက် တပ်မတော်အနေဖြင့် အာဏာရှင် သဘောမျိုး အမိန့်ပေး စေခိုင်းမှုများ ဆက်လက်ဆောင်ရွက်နေပါက လက်ရှိဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်မည်ဟု ယူဆကြောင်း၊ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပါက ပြဿနာများ ကြီးထွားသွားနိုင်ပြီး အခြားကရင်လက်နက်ကိုင် အဖွဲ့အစည်းများသို့ပါ ကူးစက်ကာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ် တိမသေက ပြောသည်။

ဟပ်ကြီးရေကာတာ စီမံကိန်းကို အကြောင်းပြုပြီး စီမံကိန်းဧရိယာ အတွင်း၌ ရှိနေသော တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) ၏ တပ်စခန်းများကို မေလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးရန် တပ်မတော်မှ အကြောင်းကြားခဲ့ပြီးနောက် တပ်မတော်နှင့် DKBA တို့ တင်းမာမှု ဖြစ်ပေါ်နေပါသည်။

ထိုကိစ္စရပ်သည် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များက ယခင် DKBA တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော နယ်ခြားစောင့်တပ် (BGF) နှင့် DKBA ခွဲထွက် ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သော တိုးတက်သော ဒီမိုကရေစီ အကျိုးပြုတပ်မတော် DKBA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

DKBA တပ်များကို တပ်မတော်မှ ထိုးစစ်ဆင်ပြီး ဖယ်ရှားမည်ဆိုပါက KNU/KNLA အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောအဲကောထူး (တိုက်ဂါး) က ပြောကြားထားသည်။

မေလ ၆ ရက်နေ့တွင် မြ၀တီမြို့သို့ သတင်းထောက်များကို ခေါ်ယူအသိပေးမှုသည် အောက်ခြေ၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို တိုင်းရင်းသား ငြိမ်းချမ်းရေးကိစ္စများ အထူးအလေးပေး ဆောင်ရွက်နေသည့် နိုင်ငံတော်သမ္မနှင့် တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ထဲထဲဝင်ဝင် သိရှိနိုင်ရန် အသိပေးလိုခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။