Friday, May 10, 2013

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖက်ဒရယ်စနစ် တည်ထောင်ရန် လုံးဝမဖြစ်နိုင်ကြောင်းနှင့် စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည်ဟု တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား

(Eleven Media Group)

လက်ရှိကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖက်ဒရယ်စနစ် တည်ထောင်ရန် လုံးဝမဖြစ်နိုင်ကြောင်းနှင့် စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာခွဲဝေမှု အပိုင်း၌ တိုင်းရင်းသားများကို အပြည့်အ၀ လုပ်ပိုင်ခွင့် မပေးထားခြင်းနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် ဖက်ဒရယ်စနစ် တည်ထောင်ရန် လုံးဝမဖြစ်နိုင်ကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။


''ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်ကိုသာ နားလည်လက်ခံဖို့ပဲ လိုပါတယ်။ တကယ်ဆိုရင် အခြေခံဥပဒေဆိုတာ လွှတ်တော်ထဲမှာ တစ်ရက်တည်းနဲ့တောင် ပြင်လို့ရတယ်။ တပ်မတော်သားတွေ ဆိုတာလည်း လူသားတွေပါပဲ။ ဖက်ဒရယ်ဆိုတာကို တကယ်နားလည်လာရင် သူတို့လည်း လက်ခံလာမယ်လို့ ယုံကြည်တယ်။ အခက်အခဲတွေ အများကြီးတော့ ကျော်ဖြတ်ရဦးမယ်'' ဟု ညီနောင်တိုင်းရင်းသား ပါတီများ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

၂၀၁၄ ခုနှစ်တွင် အစိုးရဘက်မှ ပြုလုပ်ပေးမည်ဟု ပြောဆိုထားသည့် ပင်လုံကဲ့သို့သော ညီလာခံမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး မရပါကလည်း ယင်းညီလာခံတွင် ဖက်ဒရယ်စနစ် အကြောင်းကို နားလည်လက်ခံလာအောင် ရှင်းပြကာ အခြေခံဥပဒေကို ပြင်ဆင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့်နိုင်ငံ ဖြစ်သည့်အတွက် တန်းတူအခွင့်အရေးများ ရရန်လိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများ ချုပ်ဆိုခဲ့သည့် ပင်လုံသဘောတူညီချက်များတွင် အဓိကအချက်မှာ တန်းတူရည်တူ ပြည်ထောင်စုမူနှင့် နိုင်ငံတော်ကိုဖွဲ့စည်းရန် ဖြစ်ကြောင်း၊ ယင်းအချက်ကို တိတိကျကျ အကောင်အထည် မဖော်နိုင်ခဲ့သည့်အတွက် ပြည်တွင်းစစ် ဖြစ်ပေါ်ခဲ့ရကြောင်း၊ လက်ရှိဖွဲ့စည်းပုံသည် ဒီမိုကရေစီ အခြေခံမူများနှင့် မကိုက်ညီဘဲ တိုင်းရင်းသားများ ရပိုင်ခွင့်ကိုလည်း တိတိကျကျ ပြဋ္ဌာန်းမထားသည့်အတွက် ဖက်ဒရယ်စနစ်ကိုသွားရန် မဖြစ်နိုင်ကြောင်း စသည်ဖြင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

''ဒီမိုကရေစီ အခြေခံခိုင်မာဖို့ဆိုရင် မြန်မာနိုင်ငံမှာ ၂၀၁၅ မတိုင်ခင် ပြုပြင်သင့်တာတွေ၊ ပြောင်းလဲသင့်တာတွေ လုပ်ဖို့လိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူး။ ဒါမှမဟုတ် အသစ်မဆွဲနိုင်ဘူး ဆိုရင်တော့ အပြောင်းအလဲကို မျော်လင့်နေတဲ့ ပြည်သူတွေအတွက် မျော်လင့်သလို ဖြစ်မလာနိုင်ဘူး'' ဟု ဦးအေးသာအောင်က ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကလည်း ''လက်ရှိဖွဲ့စည်းပုံကတော့ ဖက်ဒရယ်နဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကျွန်တော်တို့ လိုချင်တာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပဲ။ နိုင်ငံတော်မှာ တန်းတူညီမျှခွင့်ရှိရမယ်။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် Check & Balance လုပ်နိုင်ရမယ်'' ဟု ပြောသည်။

မည်သည့်အချိန်တွင်မှ ရသည်ဖြစ်စေ စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းပုံ ရရန်အတွက် အမြဲတမ်း ကြိုးစားသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း ပြုလုပ်နိုင်ရန် တိုင်းရင်းသား အစုအဖွဲ့များဖွဲ့ကာ ပြင်ဆင်နေပြီး ဥပဒေအချက်အလက်များ စုဆောင်းနေကြောင်းလည်း ၎င်းက ပြောသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုသည်မှာ ခွဲခြားမရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့နိုင်ရန် ရေးဆွဲထားသည့် ဥပဒေသာဖြစ်ပြီး ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားရာတွင် လက်ရှိဖွဲ့စည်းပုံမှာအနှောင့်အယှက်၊ အတား အဆီးဖြစ်နေကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားနေသည် ဆိုသော်လည်း အောက်ခြေတွင်မူ မည်သည့်သက်ရောက်မှုမှ မရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

''ကျွန်တော်တို့ကတော့ လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်မှာရော ဒါပဲ ပြောနေတာပဲ။ ဖက်ဒရယ်ပေးချင်ရင်တော့ ပြင်ပေါ့။ မပေးရင်လည်း ဒီအခွင့်အရေး ရအောင်တော့ ရပ်တည်သွားရမှာပဲ။ တိုင်းရင်းသားတွေ အတွက်တင် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အတွက်ပါ'' ဟု ဦးနိုင်ငွေသိန်းက ဆိုသည်။
ဖက်ဒရယ်ဆိုသည်မှာ အစိုးရနှစ်ရပ်ဖြစ်သော ဗဟိုအစိုးရနှင့် ဒေသန္တရ အစိုးရကြား အာဏာခွဲဝေခြင်းဖြစ်ပြီး ယင်းအာဏာ ခွဲဝေမှုအား အခြေခံဥပဒေမှ သတ်မှတ်ပေးရသည်။ အစိုးရနှစ်ရပ်ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ပါက သီးခြားလွတ်လပ်သော ခုံရုံး သို့မဟုတ် တရားရုံးများမှ ဆုံးဖြတ်ပေးရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၂ နိုင်ငံအနက် ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးစနစ် ကျင့်သုံးသော နိုင်ငံပေါင်း ၂၈ နိုင်ငံရှိပြီး နယ်မြေကျယ်ဝန်းသော နိုင်ငံများနှင့် လူမျိုးနွယ်စုများ သိပ်သည်းစွာ နေထိုင်ကြသော နိုင်ငံများတွင် ဒီမိုကရေစီ မူဝါဒများ အကောင်အထည်ဖော်ချိန်၌ ဖက်ဒရယ်စနစ်အား ကျင့်သုံးကြလေ့ရှိသည်။  

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။