(Kachinland)
ဒီမိုကရေစီရေး
ဒီမိုကရေစီ ဆန်းစစ်ရေး ဂဏ္ဍမှာ ယခု ရှမ်းပြည်နယ်မှာ ရှိနေတဲ့ ဒီမိုကရေစီအသွင်နဲ့ အဆင့်အတန်းကို ကြွရောက်လာတဲ့ လူမျိုးစုပေါင်းစုံ ရှေ့မှောက်မှာ အခွင့်ရလို့ တင်ပြပါရစေ။ ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရားကို အကျယ်တဝင့်တင်ပြဖို့ လိုမယ်မထင်ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ ကမ္ဘာမှာ ခေတ်စားလာခဲ့တာတော့ နှစ်ပေါင်းရာစုနဲ့ ချီပြီး အတော်ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် ထပ်မံပြီး မတင်ပြလိုတော့ပါဘူး။ ဒါပေမဲ့ ယေဘူယျသဘောကိုတော့ အကြမ်းအားဖြင့် တင်ပြဖို့လိုလိမ့်မယ်လို့ ထင်ပါတယ်။
ဒီမိုကရေစီစနစ်ဟာ လူတိုင်းလွတ်လပ်စွာတွေးခေါ်နိုင်ခွင့်၊ လွတ်လပ်စွာပြောဆို ဝေဖန်နိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေနိုင်ခွင့်၊ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်ဆိုတဲ့ လူ့အခွင့်အရေး အဝဝတွေပေါ်မှာ မူတည်တယ်ဆိုတာ အားလုံးက လက်ခံသဘောပေါက်ပြီး ဖြစ်ပါတယ်။ ကောင်းပြီ။ ဒီလိုဆိုတော့ ဒီမိုကရေစီအခြေခံဝါဒပေါ်မှာ မူတည်ပြီး ထူထောင်ထားတယ်ဆိုတဲ့ ပြည်ထောင်စုကြီးထဲမှာ ကြယ်တပွင့်အဖြစ် ဝင်းဝင်းတောက်ပါဝင်လာခဲ့တဲ့ ကျနော်တို့ ရှမ်းပြည်ကြီးမှာ ဘာဝါဒတွေက ကြီးစိုးလွှမ်းမိုးနေသလဲ ဆိုတာကို တင်ပြလိုပါတယ်။
ကျနော်တို့ ရှမ်းပြည်ကြီးဟာ လွတ်လပ်ရေးမရမှီကာလ နယ်ချဲ့ခေတ်တုံးကပင် ပြည်နယ်တခုရဲ့ အဆင့်မှာ ရှိပြီးကြောင်းကို ထပ်မံ မတင်ပြလိုတော့ပါ။ ဟိုခေတ်က အုပ်ချုပ်မှုအာဏာဟာ နယ်ရှင်စော်ဘွားကြီးများရဲ့ လက်ထဲမှာ ရှိပါတယ်။ အဲဒီခေတ်တုန်းက ရှမ်းလူထုကြီး တရပ်လုံးကို ချုပ်ချယ်နေတဲ့ ပုဒ်မ (၁၀)ဆိုတာ ရှိခဲ့ပါတယ်။ ဒီ ပုဒ်မ (၁၀)မှာ ရှိတဲ့ အာဏာများအရ ရှမ်းလူထုအပေါ် နယ်ရှင်စော်ဘွား၊ မြို့စားများက အရေးယူဖမ်းဆီး နိုင်ခဲ့ပါတယ်။
ဒီ ပုဒ်မ (၁၀)ကို ရှမ်းပြည်လူထုကြီး တရပ်လုံးက အဆိုးဆုံး ပုဒ်မ ဖြစ်တယ်လို့ ဟိုခေတ်ကတည်းက မှတ်ယူခဲ့ကြတယ်။ အဲဒီ ပုဒ်မ (၁၀)ဟာ တကယ်လဲ ဆိုးဝါးခဲ့ပါတယ်။ နယ်ချဲ့အင်္ဂလိပ်ခေတ်ပြီးနောက် ဖက်ဆစ်ဂျပန်ခေတ် ရောက်လာပြန်တော့လဲ ကျနော်တို့ရဲ့ ခံစားရမှု ဒီဂရီဟာ ပိုမိုဆိုးဝါးလာပါတယ်။ ဥပမာ ပါးရိုက်၊ နားရိုက်၊ အဓမ္မ ပစ္စည်းသိမ်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်စတဲ့ ဖက်ဆစ်တို့ရဲ့ ဝါဒအတိုင်း ရိုင်းပျစွာကျင့်သုံးခဲ့ပါတယ်။ ကျနော်တို့ ရှမ်းပြည်သူတရပ်လုံးဟာ ခေါင်းငုံ့ခံခဲ့ရပါတယ်။ ဒီလို ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ မခံမရပ်နိုင်တဲ့ လူထုကြီးက အုံကြွလာရတာဟာ သဘာဝကျပါတယ်။ ၁၉၄၅ ခုနှစ်ပိုင်းဆီ ရောက်လာတဲ့အခါ ဖက်ဆစ်ဂျပန်ကို ကျနော်တို့ မြန်မာနိုင်ငံတဝှမ်းလုံးရှိ လူထုကြီးတရပ်လုံးက သွေးစည်းညီညွတ်ပြီး တွန်းလှန်ခဲ့ကြတဲ့အတွက် အမျိုးသားအောင်ပွဲကြီးကို တခဲနက်ဆင်နွဲနိုင်ခဲ့ပါတယ်။ ဒီနောက် ပြီးခဲ့တဲ့ ခေတ်နှစ်ခေတ်ရဲ့ ခံစားရမှုဟာ ရှမ်းပြည်သူတွေရဲ့ အသိတရားထဲမှာ ကိန်းအောင်းနေပြီး ဖြစ်တဲ့အတွက်ကြောင့် မိမိတို့ရဲ့ လွတ်မြောက်မှု ထွက်ရပ်လမ်းကိုသာ ရှာခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ်မှာ လူမျိုးစုပေါင်းစုံဟာ စုစည်းညီညွတ်ကြပြီး နယ်ချဲ့အင်္ဂလိပ်ကို အပြီးတိုင် မောင်းနှင်သုတ်သင်ကာ လွတ်လပ်ရေး ဗိမာန်ကြီးကို တည်ဆောက်ခဲ့ကြပါတယ်။
ဒီလွတ်လပ်တဲ့ ပြည်ထောင်စုခေတ်မှာ ပြည့်ဝတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကိုတော့ မလွဲဧကန် တင်းပြည့်ကျပ်ပြည့် ခံစားကြရတော့မှာပဲလို့ ရှမ်းပြည်သူတရပ်လုံးက ယုံကြည်မျှော်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ ယုံကြည်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေဟာ လွတ်လပ်ရေးရလို့ ၁၀ နှစ်သာ ပြည့်ခဲ့တယ်။ ပြည့်ဝစွာ မရကြပါ။ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စည်းမျဉ်းအရ ကျနော်တို့ရဲ့ ပြည်နယ်ကို လွတ်လပ်ပြည့်ဝတဲ့ အုပ်ချုပ်မှုအာဏာကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျနော်တို့ ရှမ်းပြည်မှာ ဖဆပလ ဆိုရှယ်လစ်တွေရဲ့ ဝင်ရောက်ခြယ်လှယ်ခြင်းကို ခံနေကြရပါတယ်။ သူတို့ရဲ့ သြဇာခံအဖွဲ့အစည်းတွေကို ငွေပေး၊ လက်နက်ပေး မြှောက်စားပြီး တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် ဖန်တီးခဲ့ပါတယ်။ သွေးခွဲအုပ်ချုပ်တဲ့ဝါဒ (Divide and rule policy)ကို ကျင့်သုံးခဲ့တယ်။ ဒီလို နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်တာတွေ မကသေးပဲ စစ်ရေးနဲ့တသွယ် ရှမ်းပြည်ကို နှိပ်ကွပ်ချုပ်ချယ်ကြပါတယ်။ စစ်အုပ်ချုပ်ရေးအာဏာကို ၁၉၅၂ ခုနှစ်မှာ သွတ်သွင်းပြီး ၁၉၅၅ ခုနှစ်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ပို့ထားတဲ့ စစ်တပ်တွေကို ပြန်လည်ရုပ်သိမ်းခြင်း မရှိခဲ့ပါဘူး။ စစ်တပ်ရဲ့ အာဏာစက်ဒဏ်ကို ရှမ်းပြည်လူထုဟာ အလူးအလဲ ဆက်လက်ခံစားနေကြရဆဲ ဖြစ်ပါတယ်။ ရှမ်းပြည်ကို စစ်သားဦးရေ ပိုလို့သာ ပို့နေကြတယ်။ ဒီတော့ ဖဆပလ ဆိုရှယ်လစ်တွေရဲ့ ပါးစပ်က “ခင်ဗျားတို့ ပြည်နယ်အရေးတွေကို ဝင်မစွက်လိုပါဘူး”လို့ တဖွဖွ အသံကောင်းဟစ်ခဲ့ပေမယ့်လို့ “ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား”ဆိုသလို လက်တွေ့လုပ်ငန်းမှာတော့ ပြောင်ဝင်စွက်နေတယ်ဆိုတာ ငြင်းကွယ်လို့ မရပါဘူး။ ဥပမာ လူထုအဖွဲ့အစည်းဖြစ်တဲ့ ပအို့ဝ် အမျိုးသားအဖွဲ့ (ပအမဖ)ကို အမြစ်ကလှန်ပြီး ဗြောင် ဖြိုဖျက်တာကို တင်ပြပါရစေ။
ရှေးဦးစွာ (ပအမဖ)ရဲ့ ဥက္ကဌတဦးဖြစ်တဲ့ ဟိန်မောင်ကို ခေါ်ဆောင်သွားတာ ယခုထက်တိုင် အစအန မတွေ့ရတော့ပါဘူး။ အဲဒီ ကိစ္စနဲ့ မရှေးမနှောင်းပါပဲ။ ပအို့ဝ် အမျိုးသားခေါင်းဆောင်များဖြစ်ကြတဲ့ ဦးဖြူ၊ ဦးကျော်စိန်၊ ဦးထွန်းရီ တို့ကို ပုဒ်မ (၅)နဲ့ မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပါတယ်။ ဒါတင်မကသေးပဲ ၁၉၅၆ ခုနှစ် ပါလီမန်ရွေးကောက်ပွဲပြီး မတိုင်မီက ပါဝင်အရွေးခံမယ့် ပအို့ဝ်ခေါင်းဆောင် တဦးဖြစ်တဲ့ ပါလီမန်အမတ် ဦးအောင်သာနှင့်တကွ အပေါင်းပါ ၄ ဦးတို့ကို “ဗိုလ်ကြီး ခေါ်တယ်”ဆိုပြီး ခေါ်သွားကာ ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြပါတယ်။ ယနေ့ထက်ထိ လူသတ်သမား တရားခံများကို တာဝန်ရှိတဲ့ အစိုးရဟာ မဖော်ထုတ်ခဲ့သေးပါဘူး။ အဲဒီလို လူသတ်ပွဲလုပ်ပြီး အဓမ္မဝါဒဆန်ဆန် ဝင်ရောက်စွက်ဖက်တဲ့ အပြုအမူဟာ ရှမ်းပြည်လူထုတရပ်လုံးရဲ့ နှလုံးသည်းပွတ်ထဲမှာ သံမှိုနဲ့ နှက်ထားသလို စွဲမြဲနေပါတယ်။ အဲဒီလို ဖဆပလတို့ရဲ့ လူသတ် အဓမ္မမှုတွေကို ရှမ်းပြည်လူထုကြီးဟာ ဘယ်တော့မှ အခဲကြေမှာ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။ အခုလို လွတ်လပ်ရေး ရပါပြီဆိုတဲ့ ခေတ်မှာ ဖဆပလ ဆိုရှယ်လစ်တွေရဲ့ ပြည်သူလူထုအပေါ် ရမ်းကားပုံဟာဖက်ဆစ်ဂျပန်တို့ရဲ့ ရက်စက်ပုံနဲ့ နှိုင်းစာရင် ဗိုလ်တောင် စွဲနေပါသေးတယ်။
ဒါကြောင့်မို့လဲ အေးချမ်းသာယာစွာ နေထိုင်ကြတဲ့ ရွာသူရွာသားများကို သူပုန်နဲ့ ဆက်သွယ်တယ်လို့ အထင်ရှိရုံနဲ့ ညှဉ်းဆဲခဲ့ကြတယ်။ နှိပ်ကွပ်ခဲ့ကြတယ်။ သတ်ဖြတ်ခဲ့ကြတယ်။ အတင်းအကြပ် ပြောင်းရွှေ့စေခဲ့တယ်။ ဥပမာပြရရင် လဲချားနယ် တောင်နောက်ရွာ၊ ဟိုတိုင်ရွာများမှ ရွာသူရွာသားများကို လွယ်လင်သို့ ပြောင်းရွှေ့စေခဲ့တယ်။ မပြောင်းမရွှေ့တဲ့ ရွာတွေကိုတော့ မီးရှို့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။ ပြီးတော့ အရှေ့ပိုင်းရှမ်းပြည် ကျေးလက်တောရွာကလေးတွေမှာလဲ သား ဆင်းရဲသားတွေကို ရှေ့တန်းစစ်မျက်နှာမှာ ကူလီအဖြစ်နဲ့ အသုံးပြုဖို့ ဖက်ဆစ်ဂျပန်ကဲ့သို့ ချွေးတပ်တွေဆွဲခဲ့ပါသေးတယ်။ ချွေးတပ်ဆွဲခံရတဲ့ ရွာသူရွာသားတွေဟာ မိမိတို့ရဲ့အိမ်မှ စားနပ်ရိက္ခာများကို တပါတည်းယူဆောင်သွားကြရတယ်။ အဲဒီ ရွာသားတွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ လပေါင်းများစွာ ရန်သူတွေရဲ့တိုက်ပွဲ ကျည်ဆံကြားမှာ အသက်ဆံဖျားစွန့်ပြီး တပ်မတော်ရဲ့ ခိုင်းစေချက်ကို တသွေမသိမ်းလိုက်နာ လုပ်ဆောင်ပေးရပါတယ်။ အဲဒီလို ကြောက်ကြောက်ရွံ့ရွံ့နဲ့ လုပ်ဆောင်ပေးနေရတဲ့ကြားက ရိုက်နှက်ညှဉ်းဆဲကန်ကြောက်မှုတွေ အဆစ်ကလေးအဖြစ်နဲ့ ခံကြရရှာသေးတယ်။ ရှမ်းပြည် အရှေ့ပိုင်း နမ့်လွေမြစ် “တာပိန်း”ကူးတို့မှာ တပ်မတော်သားများကို ကူးတို့ပို့ပေးတဲ့အခါ သဘောချင်းမတိုက်ဆိုင်တဲ့ ကူးတို့သမားများကို ရေထဲကန်ချခဲ့ဖူးပါသေးတယ်။ တပ်မတော် အသုံးပြုဖို့အတွက် မြင်းများကို အခကြေးငွေမပေးပဲ အဓမ္မဆွဲယူ အသုံးပြုခဲ့ပါတယ်။ အခကြေးငွေ မရတဲ့အပြင် မြင်းရှင်က မြင်းထိန်းသမားငှားရမ်းပြီး ထည့်ပေးကြရသေးတယ်။ စစ်ရေးစစ်ရာတွေမှာ အသုံးပြုဖို့ဆိုပြီး မော်တော်ကားတွေကို အချိန်အခါမရွေး အထပ်ထပ်အခါခါ ချောဆွဲခြင်းခံနေရတာကို ယခုတလော သတင်းစာတွေမှာ ဖတ်ရှုမိကြပေလိမ့်မယ်။ ယနေ့ ရှမ်းပြည်မော်တော်ကားသမား လောကမှာ မကျေနပ်မှုတွေ ဂယက်ရိုက်နေတာကို ဘယ်လိုမှ ငြင်းကွယ်လို့ မရပါဘူး။
ရှမ်းပြည်လူထုတရပ်လုံး ယူကြုံးမရ ဖြစ်ရတဲ့ အဖြစ်ကတော့ ရှမ်းပြည်အရှေ့ပိုင်းမှာ သောင်းကျန်းနေတဲ့မုဒိမ်းမှုပါပဲ။ ဒီထဲမှာ သူတော်စင် သီလရှင်တပါး မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ အဖြစ်အပျက်လေးဟာ ပြည်ထောင်စုသမိုင်းမှာ အကြီးဆုံးသော အမဲကွက် တခုပါပဲ။ ပြီးတော့ ရှမ်းအမျိုးသမီးလေးများကိုတပ်မတော်သားများက မြို့ကြီးပြကြီးတွေကို ခေါ်ဆောင်လာပြီး ရောင်းစားကြပုံတွေကို နားမချမ်းသာစရာ၊ နှလုံးမချမ်းမြေ့စရာ တွေ့မြင်ခံစားနေကြရပါတယ်။
ပြီးတော့ အင်မတန်မှ ပက်စက်လှတဲ့ အပြုအမူတခုကတော့ ရှမ်းအမျိုးသမီးလေးများကို အရယူနိုင်တဲ့ ဗမာ့တပ်မတော်သားများကို ဆုငွေများပေးမယ်လို့ မြှောက်ပင့်ပြီး လူမျိုးရေးအရ စော်ကားပြုမူနေကြခြင်းပင် ဖြစ်တယ်။
အဲဒီလို ရှမ်းပြည်သူလူထုတွေဟာ အုပ်ချုပ်ရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း အမျိုးမျိုး ဖိနှိပ်ညှဉ်းပန်း ဝင်ရောက်စွက်ဖက်မှုတွေကို အလူးအလဲခံနေရပါတယ်။ ဒါတွေကြောင့် ရှမ်းပြည်နယ်ဟာ နိုင်ငံရေးအရ ကိုလိုနီနိုင်ငံအသွင် လက္ခဏာကို အပြည့်အဝကြီး ဆောင်နေကြောင်း တင်ပြလိုပါတယ်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။