Wednesday, October 23, 2013

မလိုအပ်သော တိုက်ပွဲများ မဖြစ်နိုင်ရန် အောက်ခြေတပ်အချင်းချင်း ဆက်သွယ်၍ တိုက်ပွဲလျှော့ချမည့် RCSS ၏ အစီအစဉ် မအောင်မြင်သေးဟုဆို

(Mizzima)

မလိုအပ်သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကို ရှောင်ရှားနိုင်ရန်အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA)တပ်များနှင့် မြန်မာအစိုးရတပ်များအကြား အောက်ခြေတပ် အချင်းချင်း တိုက်ရိုက် ထိတွေ့ဆက်သွယ်ရန် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ညွှန်ကြားထားသော်လည်း အစီအစဉ် အောင်မြင်မှုမရှိသေးဟု RCSS/SSA တပ်ဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်းဆိုင်က အောက်တိုဘာ ၂၂ တွင် မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးစိုင်းလောင်းဆိုင်က “လက်တွေ့မှာတော့ အောက်ခြေ မြန်မာတပ်တွေကနေ ကျွန်တော်တို့အဖွဲ့နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ အထက်ကအရာရှိတွေက ခွင့်မပြုဘူးလို့သိရတယ်။ ဒါကိုလည်း ကျွန်တော် တို့ကို တရားဝင် အကြောင်းကြားတာမဟုတ်ဘဲ ပါးစပ်စကားက တစ်ဆင့်ပဲ ပြန်ပြောပြတယ်”ဟု မဇ္ဈိမအား ပြောသည်။


နှစ်ဖက် ထိတွေ့တိုက်ပွဲကို လျော့ချနိုင်ရေး ရည်ရွယ်၍ RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်မှ ယခုနှစ် ဇွန်လဆန်းမှစ၍ နှစ်ဖက် အောက်ခြေတပ်အချင်းချင်းကြား တိုက်ရိုက်ထိတွေ့ဆက်သွယ်ကြရန် ညွှန်ကြားခဲ့ခြင်း
ဖြစ်သော်လည်း အကောင်အထည် မဖော်နိုင်သေးခြင်း ဖြစ်သည်။

သို့သော်လည်း နှစ်ဖက် ထိတွေ့တိုက်ပွဲမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နှင့် အစောပိုင်းရက်များတွင်
ဖြစ်ပွားခဲ့ကြသည်ဖြစ်ကာ ယခုလအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲပေါင်း ငါးကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

အောက်တိုဘာလ ၁၂ ရက်၌ ၀ိန်းဖီး ကျေးရွာအနီးတွင် အစိုးရ၏ မိုင်းဇန်မြို့နယ်အခြေစိုက် ခလရ ၁၅၀ နှင့် ရှမ်းပြည်တပ်မတော်တို့ နံနက် ၁၀နာရီမှ မွန်းလွဲ၂ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ကြသည်။ ထို့ပြင် အောက်တိုဘာလ ၁၀ ရက်၌လည်း အလားတူ တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲ၌ RCSS တပ်ဖွဲ့မှ တပ်သားနှစ်ဦး ကျဆုံးခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသည့် အချိန်မှစ၍ ယနေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း ၁၃၃ ကြိမ်ရှိခဲ့ပြီးဖြစ် ကာ ယခုလ တိုက်ပွဲ ငါးကြိမ်ခန့်အပါအ၀င် ၁၃၈ ကြိမ် ဖြစ်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလောင်းဆိုင်က ဆက်ပြောကြားသည်။

၎င်းက “ကျွန်တော်တို့နားလည်တဲ့ နယ်မြေသတ်မှတ်ရေးနဲ့ သူတို့(အစိုးရတပ်) ဘက်က နားလည်ထားတဲ့ နယ်မြေ သတ်မှတ်ရေးက မတူဘူးဖြစ်နေတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတုန်းက ကျွန်တော်တို့ နားလည်တာက
နှစ်ဖက် အခုလက်ရှိရောက်နေတဲ့ နေရာမှာနေကြ၊ တပ်တည်၊ အခြေစိုက်စခန်းသစ်တွေ ဆောက်လို့ မရ အဲလို နားလည်ထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ရခြင်း အဓိကအကြောင်းရင်းမှာလည်း စစ်အင်အားတိုးချဲ့ခြင်းနှင့် အစိုးရတပ်များ RCSS ထိန်းချုပ်နယ်မြေများသို့ စစ်ကြောင်းထိုး လှုပ်ရှားလာမှုများကြောင့် ထိတွေ့မှုများ ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။

သို့သော်လည်း အစိုးရဘက်မှ နယ်မြေလုံခြုံရေးအတွက် လှုပ်ရှားသည်ဟု အကြောင်းပြခဲ့သလို၊ RCSS အဖွဲ့အား လူသစ်စုဆောင်းခြင်းနှင့် ဆက်ကြေးများကောက်ခံခြင်း စသည့် အကြောင်းပြချက်များဖြင့် စစ်ကြောင်းထိုး ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။

ထိုကိစ္စအား ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် မြန်မာ့ငြိမ်းချမ်း ရေးစင်တာမှ အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေတို့အား ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်း၌ ယခုနှစ်အတွင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ နောင့်မတာစခန်း၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ၀ိန်းဖွီးရွာအနီးရှိ စခန်းတစ်ခု၊ မိုင်းပန်မြို့နယ်အတွင်းရှိ နောင်လေ ကျေးရွာအုပ်စု စခန်း တစ်ခု စုစုပေါင်းစခန်းသုံးခု RCSS မှ ဆုတ်ပေးခဲ့ပြီဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလောင်းဆိုင်က ဆက်ပြောသည်။

နှစ်ဖက်တပ်အကြား အဓိကပြဿနာဖြစ်နေသည့် နယ်မြေသတ်မှတ်ရေးကိစ္စ အစိုးရကိုယ်စားလှယ်များနှင့် ဆက်လက်
ဆွေးနွေးရန် လိုအပ်နေပြီး လာမည့်အောက်တိုဘာလ ၂၅ ရက်၌ RCSS အဖွဲ့၏ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး၌ ဆွေးနွေးကြရန် ရှိနေပါသည်။

ထို့ပြင် RCSS အဖွဲ့အနေဖြင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်း မဟုတ်သည့်အတွက် ယခုလကုန်၌ လိုင်ဇာ၌ ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲသို့ တရားဝင် တက်ရောက်ရန် ဖိတ်ကြားခဲ့မည်ဆိုပါကလည်း ၎င်းဗဟို အလုပ်အမှုဆောင် အစည်း အဝေး၌ ဆွေးနွေးသွားရန်လည်းရှိကြောင်း ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြော သည်။ လက်ရှိ၌ ဖိတ်ကြားချက်ကို တရားဝင် လက်ခံမရရှိသေးဟု ဆိုသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီအဖွဲ့ RCSS/SSA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ဦးသိန်းစိန်အစိုးရနှင့် တစ်ဖွဲ့ခြင်းဖြင့် ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါအချက်များအနက် ဆက်ဆံရေးရုံးဖွင့်ရန် သဘောတူညီချက်သာ အလွယ် တကူ အကောင်အထည်ဖော်နိုင်ခဲ့ပြီး သဘောတူထားသည့် ၁၀ နေရာအနက် ၅ နေရာတို့ ၌ ဆက်ဆံရေးရုံး ဖွင့်လှစ် ထားပြီး ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည် အလယ်ပိုင်း ခိုလမ်မြို့၊ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် တာချီလိတ်မြို့ ငါးနေရာတို့၌ ဆက်ဆံရေး ရုံးများ ဖွင့်ထားပြီး ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။