Tuesday, June 4, 2013

အပြစ်မဲ့ရွာသူရွာသားများသတ်ဖြတ်ခံရခြင်းအား အစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိသည့်အပေါ် ကန့်ကွက်ခြင်း

တအောင်းမြေ

အပြစ်မဲ့ရွာသူရွာသားများသတ်ဖြတ်ခံရခြင်းအား အစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိသည့်အပေါ် ကန့်ကွက်ခြင်
၎ရက်၊ ဇွန်လ၊ ၂၀၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်ရှိ ငွန်းဆိုင်း ထွန်းမြတ်လေးမှ မြန်မာအစိုးရစစ်ကြောင်းများနှင့် ပူးပေါင်းကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲကာ
အပြစ်မဲ့ ရွာသားတဦးကို သေနတ်ဖြင့် ပစ်သတ်ကာ ပွဲချင်းသေဆုံးပြီး ဘေးအိမ်ရှိ မိခင်နှင့်ကလေးသည် သေနတ်သံကြားသည့်အခါ ထွက်ပြေးရန် ကြိုးစားသည့်အချိန်တွင် မိခင်နှင့်ကလေးကိုလည်း ပစ်ခတ်သွားပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု သိရှိရသည်။


၂၉ရက်နေ့ မေလ ညနေ ၃နာရီအချိန်တွင် မြန်မာအစိုးရတပ် တပ်ခွဲမှူး (သုံးပွင့်)နှင့်အတူ စုစုပေါင်း စစ်သား(၄၀)ယောက်နှင့် T.N.L.A တို့ ညနေ ၃နာရီအချိန်တွင် ပန်းယမ်းကျေးရွာတွင် စစ်ပွဲငယ်များဖြစ်ပွားခဲ့သည်။ စစ်ပွဲဖြစ်ပွါးပြီးသည့်နောက်ပိုင်းတွင် ညနေ (၅)နာရီအချိန် အသက် (၈၇)နှစ်ရှိသော ဦးဘအေးသည် T.N.L.A နှင့် ဆက်စပ်မှုရှိသည်ဟု အစိုးရတပ်မှ စွပ်စွဲကာ သူ၏ တိုက်အိမ် အပြင်ဖက်တွင် သေနတ်ဖြင့် ပစ်ချသည့်အပြင် အိမ်ထဲဝင်ပြီး ဦးဘအေးကို အကြောင်းပြချက်မရှိပဲ သေနတ်ဖြင့် ပစ်သတ်ကာ ချက်ချင်း ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

'' မြန်မာစစ်တပ်ကို ငွန်းဆိုင်းပြည်သူ့စစ် ထွန်းမြတ်လေးက ဦးဆောင်လမ်းပြပြီး ခေါ်လာပါတယ်။ တအာင်းစစ်တပ်နဲ့ သူတို့ ညနေ ၃နာရီလောက် စစ်ပွဲဖြစ်ကြသေးတယ်။ စစ်ပွဲပြီးတော့ မြန်မာစစ်တပ်တွေက အရမ်းဒေါသဖြစ်လာကြတယ်။ ဒီလိုနဲ့ မြန်မာစစ်အစိုးရတပ်တွေလည်း ရွာသားတွေကို တအာင်းစစ်တပ်တွေ ဖွက်ထားတယ်ဆိုပြီး ဦးဘအေး တိုက်အိမ်ကို အပြင်ကနေ ပစ်ခတ်ကြတယ်။ ဘယ်လောက်အထိ ပစ်လဲဆိုရင် လက်ဖက်ဇကာပေါက်သလိုပဲ။ အိမ်ထဲဝင်သွားတော့ ဦးဘအေးကို တွေ့တယ်။ ချက်ချင်းပဲ သေနတ်နဲ့ရက်ရက်စက်စက် ပစ်သတ်လိုက်တယ်။ အနောက်နံရိုးကနေ အရှေ့ ရင်ဘက် ပွင့်ထွက်သွားတဲ့အထိပဲ။ သေတဲ့လူကို သပ်သပ်ရပ်ရပ်လေးနဲ့ ရေချိုးပေးဖို့ စီစဉ်ကြတယ်။ စစ်တပ်တွေက ရေးမပေးချိုးဘူး။ မြို့က အာဏာပိုင်တွေ လာကြည့်မယ်။ သွေးတွေလည်း တအိုင်အိုင်နဲ့ သွေးထွက်တဲ့အတိုင်းပဲ အချိန်အကြာကြီး ပစ်ထားရတယ်။ လက်ဘက်ခြံက ပြန်လာတဲ့ သူ့မိသားစုက သေမှန်းတောင်မသိဘူး လက်ဘက်ခြံရဲ့ လမ်းအ၀တွေမှာပိတ်ပြီး တားထားကြတယ်လေ။ စစ်ပွဲပြီးလဲ ချက်ချင်းမပြန်ကြဘူး။ တကယ်တော့ ဘယ်အာဏာပိုင်မှ မလာဘူး။ ညနေလောက်မှ သူ့ကို ရေချိုးပေးရတယ်'' ဟု ၄င်းမိသားစုမှ ပြောပြခဲ့သည်။

ထိုနေ့တွင် ရွာသားအများစုသည် လက်ဖက်ခြံသို့ သွားခဲ့ကြပါသည်။ ထိုရွာတွင် ရွာသားများအားလုံး လက်ဖက်ခြံသွားကြသဖြင့် လက်ရှိ အိမ်သုံးအိမ်တည်းသာ လူရှိသည်။ ကျန်ရှိသော အိမ်များသည် တံခါးသောခတ်ပြီး လက်ဖက်ခြံမှာသာနေထိုင်ကြသည်။ သေနတ်သံ ဆူဆူညံညံ ကြားနေရသဖြင့် ကလေးအမေသည် ကြောက်လန့်ပြီး သူ၏ ကလေးကို ကျောပိုးပြီး အနောက်တံခါးဖြင့် ခုန်ကျော် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားသည့်အခါတွင် ကလေးအမေကို ထွက်ပြေးရသလားဆိုပြီး သေနတ်ဖြင့် ပစ်ကာ ကလေးအမေကို ဘယ်ဖက် တင်ပါးထိပြီး အသက် ၂ လနီးပါးရှိသော ကလေးငယ်၏ ခြေထောက်ကိုလည်း ထိမှန်ပြီး မိခင်နှင့် ကလေးကိုဆေးရုံသို့ ပို့ဆောင်ရသည်ဟု မျက်မြင်သက်သေ ရွာသားတဦးမှ ပြောခဲ့သည်။

''ကလေးအမေကို ရက်ရက်စက်စက်သေနတ်နဲ့ ပစ်တယ်။ မိခင်က အရမ်းကိုကြောက်ပြီး ဒဏ်ရာနဲ့ မြန်မာစစ်တပ်ကို မနည်းတောင်းပန်ရတယ်။ ကလေးအမေကို ကလေးပါနေလို့တဲ့ ဒါမဟုတ်ရင် အမေကိုပါ အသေသတ်ပြစ်မယ်တဲ့။ အခြားကို သွားပြောရင်လည်း ရွာကို မီးရှို့ပစ်ပြီး သတ်ပစ်ကုန်မယ်လို့ပြောတယ်။ မြန်မာစစ်တပ်က ပြောတယ်ဆိုရင် တမျိုးပေါ့။ အခုဟာက ပလောင်လူမျိုးသွေးထဲက ထွန်းမြတ်လေးက ပြောတယ်ဆိုတော့ အရမ်းကို ကြောက်ဖို့ကောင်းတယ်'' ဟု ရွာသားမှ ပြောပြခဲ့ပါသည်။ 

မြန်မာစစ်တပ်သည် အပြစ်မဲ့ရွာသားကို သေနတ်ဖြင့် ပစ်သတ်ရုံမကဘဲ နေအိမ်များကို သေနတ်ဖြင့် ပစ်ပေါက်ရာ အိမ်များ၊ ပစ္စည်းများဖျက်စီးခြင်း နှင့် ရွာသားများပိုင်ဆိုင်သော ပစ္စည်းများ၊ စားစရာများကို လည်း ယူဆောင်သွားကြပါသည်။
''အိမ်တွေကို သေနတ်နဲ့ ပစ်ကြတယ်။ အိမ်တွေက ပစ္စည်းတွေလည်း အကုန်ပျက်စီးကုန်ကြတယ်။ ပြီးတော့ အ၀တ်များ၊ အစားအသောက်များ ( ပုဇွန်ခြောက်၊ ဆီ၊ဟင်းချိုမှန့်) ယူဆောင်သွားတဲ့အပြင် ဆိုင်ကယ်ကိုလည်း သေနတ်နဲ့ သေချာဝင်ပစ်လိုက်သေးတယ်”ဟု ရွာသားတစ်ယောက်မှ ထပ်မံပြောကြားခဲ့သည်။

ဤပြစ်မှုနှင့်ပတ်သက်၍ မိသားစုဝင်များလည်း မကျေမနပ်ဖြစ်သော်လည်း မည်သူကို သွားရောက်တိုင်ကြားရန် မသိပါ။ 
အဘယ်ကြောင့်ဆိုသော် မြန်မာအစိုးရစစ်တပ်ကျုးလွန်ထားသဖြင့် ရဲကို အမှုဖွင့်လျှင် ရဲသည် အစိုးရ၀န်ထမ်း ဖြစ်သည့်အတွက်ကြောင့် တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ပါ။ တိုင်ကြားလျင်လည်း ခြိမ်းခြောက်ထားသည့် အတိုင်း ရွာကိုလာရောက်မီးရှို့ပြီး ပလောင်လူထုကို သတ်ပစ်မှာလည်း အသက်အန္တရာယ် စိုးရိမ်ပူပန်နေကြသည်။ ထို့အပြင် ရွာသူရွာသားများသည်လည်း မြန်မာစစ်အစိုးရတပ်ကို ကြောက်လန့်နေကြပါသည်။ 

မြန်မာအစိုးရစစ်တပ်သည် ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်နေသည်ဟု ပြောနေသော်လည်း တမှန်တကယ် အောက်ခြေပိုင်းတွင် ပလောင်ဒေသများတွင် နေ့စဉ်စစ်ပွဲများဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူလူထုများကိုလည်း သတ်ပစ်ကြသည်။ 

အပြစ်မဲ့ လူသတ်မှုနှင့် အမျိုးသမီးနှင့်ကလေးကို သေနတ်ဖြင့်ပစ်သည့်အပေါ်တွင် မိမိတို့ တအာင်းကျောင်း သားနှင့်လူငယ်များအစည်းအရုံးနှင့် ပလောင်အမျိုးသမီးအစည်းအရုံးမှ လူ့အခွင့်အရေးချိုးဖောက်မှု ပစ်မှုကျူးလွန်သည်ဟု သုံးသပ်မြင်မိပါသည်။ ထို့အပြင် မြန်မာအစိုးရ စစ်တပ်မှ တစ်ကြိမ်ထက်မက ကျူးလွန်နေသည့်အတွက်ကြောင့် ပလောင်ပြည်သူလူထုများသည် မြန်မာစစ်အစိုးရတပ်ကို ကြောက်လန့်နေကြသည်။ ဤအမှုနှင့်ပတ်သက်၍ ဦးသိန်းစိန် ဦးဆောင်သော အစိုးရမှ တာဝန်ယူဖြေရှင်းပေးကြရန်နှင့် ပလောင်ဒေသရှိ တိုက်ပွဲများကို ချက်ချင်းရပ်တန့်ပေးကြရန် တောင်းဆိုပါသည်။ 

တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး နှင့် ပလောင်အမျိုးသမီးအစည်းအရုံး
တအာင်း (ပလောင်) လုပ်ငန်းအဖွဲ့
ဆက်သွယ်ရန်- 

(+၆၆) ၀၈၁၃၉၇၀၂၇၄
(+၆၆) ၀၈၂၁၆၄၈၁၁၅
+၉၅ ၉၄၂ ၀၇၇ ၀၃၈၇

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။