Wednesday, June 5, 2013

“လားရှိုးမြို့တွင်၂၈-၅-၂၀၁၃ ညနေပိုင်းမှစတင်ဖြစ်ပွားခဲ့သောပဋိပက္ခဖြစ်ပွား မှုမြင်ကွင်း”



လင်းလင်း (လားရှိုး) မှ သျှမ်းသံတော်ဆင့်အား ရေးသားပေးပို့သည်။

၂၈-၅-၂၀၁၃ ရက် ၊ ညနေ(၄:၁၅)နာရီအချိန်တွင် လားရှိုးမြို့ ရပ်ကွက်(၈)၊ ပြည်ထောင်စုလမ်းမကြီး နဘေး၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးရှေ့တွင်  ဗုဒ္ဓဘာသာဝင် မအေးအေးဝင်း (အသက်(၂၉)နှစ်၊(ဘ)ဦးမောင်အေး) အား  အစ္စလာမ်ဘာသာ ဝင် အမျိုးသားတစ်ဦးမှ ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ကြောင်း သိရှိရသည်။




ဖြစ်စဉ်အပြည့်အစုံမှာ ယင်း မအေးအေးဝင်းမှ ခင်ပွန်းဖြစ်သူစိုင်းအိုက်ထွန်း မူစယ်မှပေးပို့ လိုက် သည့် ဆိုင်ကယ်လေထိုးတံ ပစ္စည်း များအား  ကားပေါ်မှချ၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရှေ့လမ်း ဘေးပလက်ဖောင်းပေါ်တွင် ရေတွက်သိမ်းဆည်း မှုပြုနေချိန်  နေဝင်း(အသက်(၄၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ အစ္စလာမ်ဘာသာဝင်၊ကျိုင်းတုံမြို့တွင်နေထိုင်သူ) မှ ရုတ်တရက် ၄င်းအမျိုးသမီး၏ နောက်ကြော ပိုင်းအား အသင့်ယူဆောင်လာသော ဓါတ်ဆီဗူးမှ ဓါတ်ဆီဖြင့်လောင်း၍ မီးရှို့ခဲ့ သည် ။

ထို့နောက်တွင်  နေဝင်းမှာ အမျိုးမျိုး နှုတ်မှဆဲဆိုမှုသဖြင့် ထွက်ပြေးသွားသဖြင့် အနီးအနားရှိ မြင်တွေ့ သူပြည်သူများမှ ကိုယ်ခန္ဓာမီးလောင်ခံနေရသူ မအေးအေးဝင်းအား ဝင်ရောက်ကယ်ဆယ်ကာ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ပေးခဲ့သည်။ ထိုသို့ ကူညီနေ သူများ ထဲတွင် အစ္စလာမ် ဘာသာဝင်များလည်းပါဝင်ခဲ့သည်။


လားရှိုးပြည်သူ့ဆေးရုံကြီး အရောက်ပို့ခဲ့ရာ လားရှိုးပြည်သူ့ဆေးရုံကြီးမှလည်း ချက်ချင်းပင် အရေးပေါ် တာဝန်ခံ ဆရာဝန်နှင့် သက်ဆိုင်ရာပါရဂူကြီးများမှ အထူးကြပ်မတ်ကုသမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် ယင်း မအေးအေးဝင်းမှာ ထို ဓါတ်ဆီ လောင်းမီးရှို့သွားသော နေဝင်းဆိုသူအားသိကျွမ်းခင်မင် ခဲ့ခြင်း မရှိ ကြောင်း  မအေးအေးဝင်း၏ မိသားစုဝင်တစ်ဦးက ပြောပြသကဲ့သို့ ၊ (၃၁-၅-၂၀၁၃) မွန်းလွှဲ(၂ ) နာရီ သတင်းပိုင်းဆိုင်ရာ တာဝန်ရှိသူ ပြည်နယ် ပြန်/ဆက် အရာရှိများနှင့် သတင်းထောက်များသွားရောက်မေးမြန်းစုံစမ်းခဲ့မှုအရ သိရှိရသည်။


မီးလောင်ခံရသူ မအေးအေးဝင်းမှာ ယခုအခါ လားရှိုးပြည်သူ့ဆေးရုံကြီးသီးသန့်အထူးခန်းတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျှက်ရှိကြောင်းနှင့်အသက်အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်းကို ဆရာဝန်ကြီးများထံမှ သိရှိရသည်။မီးလောင် ခံရသော ဒဏ်ရာများအား ပြန်လည်၍ ကောင်းမွန်သွားရန်သက်ဆိုင်ရာပါရဂူဆရာဝန်ကြီးများ ကုသပေးလျှက်ရှိကြောင်း သိရှိရသည်။

ထို ဓါတ်ဆီလောင်းမီးရှို့သွားသူ နေဝင်းဆိုသူအားသက်ဆိုင်ရာမြန်မာနိုင်ငံရဲစခန်း၏  နယ်မြေခံတာဝန်ကျ ရဲများမှအချိန်ပိုင်းအတွင်းပင် ဖမ်းဆီးရမိခဲ့ပြီးအမှတ်(၁) မြန်မာနိုင်ငံရဲစခန်းသို့ ခေါ်ဆောင်ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်။

နေဝင်းအားဖမ်းဆီးစဉ် ရှာဖွေစစ်ဆေးရာ၌ စိတ်ကြွရူးသွပ်ဆေးပြားနှစ်ပြား   တွေ့ရှိ ရာ လားရှိုးမြို့ အမှတ်(၁)မြန်မာနိုင်ငံရဲစခန်းမှ(ပ)အမှတ် ၂၅၇/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/၃၂၆ မူးယစ်(ပ)အမှတ် ၈၇ - ၁၅/၁၆(ဂ)အရ တရားစွဲ အရေးယူထားကြောင်းသိရှိရသည်။

အထက်ပါဖြစ်စဉ်များသည် အချိန်ပိုင်းအတွင်းမှာပင် ပျံ့နှံ့သွားပြီး လူငယ်တစ်စုနှင့်သံဃာနှစ်ပါးမှာ လားရှိုးမြို့ လမ်းမတော်လမ်းရှိ အမှတ်(၁)မြန်မာနိုင်ငံရဲစခန်းရှေ့သို့ ယင်းနေ့ညနေပိုင်း(၆:ဝဝ)နာရီ အချိန်တွင် ရောက်ရှိလာပြီးထိုနေဝင်းဆိုသူအား ထိန်းသိမ်းထားရာမှထုတ်ပေးရန် အော်ဟစ်တောင်းဆို ခဲ့ကြသည်။


လားရှိုးမြို့နယ်ရှိ ဆရာတော်ကြီးများနှင့်သံဃာတော်များလည်း ရောက်ရှိလာခဲ့ပြီး  ရဲစခန်းအတွင်း၌ ဆူပူနေသောအဆိုပါလူစုအား ဝင်ရောက်မေတ္တာရပ်ခံခဲ့သေးကြောင်း  မြန်မာနိုင်ငံရဲတစ်ဦးမှပြန်လည် ပြောပြချက်အရသိရသည်။ အလားတူလားရှိုးမြို့နယ် လားရှိုးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်စိုးမှာ ရဲစခန်းအပြင်မှလည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်လွင် ဖြစ်သူမှာရဲစခန်းတွင်းမှလည်းကောင်း တာဝန်ရှိ အကြီးအကဲများနှင့် ထိုလူစုကြီး လူစုခွဲ ပေးရန် မေတ္တာရပ်ခံပြောဆိုမှုများ ပြုလုပ်ခဲ့သလို ယင်းဓါတ်ဆီလောင်းမီးရှို့မှုပြုလုပ်သူ နေဝင်းအား လည်း တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းပြောဆို၍ ထိုမကျေနပ်၍ စုရုံးနေသူ လူစုအား အသိပေးပြောဆို မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရသည်။

သို့ပါသော်လည်း လူစုကြီးမှာ များသည်ထက်များလာသလို မိနစ်(၃၀)အချိန်မှာပင်ယင်း မြန်မာနိုင်ငံ ရဲစခန်းရှေ့လမ်းမတော်လမ်းကြီးတစ်ခုလုံးပြည့်သွား ခဲ့ပြီး ရဲစခန်းတွင်းရှိတာဝန်ကျရဲများ မှာလည်း စခန်းတံခါးကိုပိတ်၍ စခန်းလုံခြုံရေး ကိုအထူးကာကွယ်နေခဲ့ရကြောင်းကိုလည်း သိရှိရသည်။


ဤသို့ လူအုပ်စုကြီးသည် (၂၀၀) ကျော်ခန့်ပင် အချိန်တခဏအတွင်းများပြားလာခဲ့ကြောင်းနှင့် သက် ဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေးတာဝန်ရှိအကြီးအကဲများ ထိုရဲစခန်းရှေ့ရှိဆူပူအုံကြွအော်ဟစ်နေ သော သူများအား မေတ္တာရပ်ခံ ထိန်းသိမ်းနေစဉ်မှာပင် ယင်းရဲစခန်းတခါးအနီးရှိသင်္ကန်းဝတ်သူနှစ်ဦးမှာ တရားခံနေဝင်းအား စခန်းတွင်းမှမထုတ်ပေးသဖြင့် ဗလီမီးရှို့ရန် လူတစုအား  ဦးဆောင်၍ လားရှိုး ဈေးကြီးဖက်သို့ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲ နယ်ထိန်းတဦးမှဆိုသည်။

ထို့နောက် ထိုနေ့ည (၇: ၁၀)နာရီခန့်တွင် လားရှိုးမြို့တွင်းမြို့မဈေးကြီးအနီးရှိ အစ္စလာမ်ဂျာမေးဗလီ ကြီးအား စတင်မီးရှို့မှုပြုကြောင်း သိရှိရသည်။

ထိုဂျာမေးဗလီကြီးမီးစွဲနေချိန်တွင် သက်ဆိုင်ရာ လားရှိုးမီးသတ်တပ်ဖွဲ့မှမီးသတ်ကားများ မီးငြိမ်းနေချိန် တခြားလူတစုကလည်း လားရှိုးလမ်းမတော်လမ်း ကြက်ခြေနီရုံးရှေ့ ရှိအစ္စလာမ်ဘာသာမိဘမဲ့ ကျောင်း အဆောက်အဦးအား ထပ်မံဖျက်ဆီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

လားရှိုးမီးသတ်တပ်ဖွဲ့ကလည်း ယင်းအစ္စလာမ်မိဘမဲ့ကျောင်းအဆောက်အဦးမှ နံဘေးရှိ ဌာနဆိုင်ရာ အဆောက်အဦးများနှင့် လူနေဆိုင်ခန်းများ၊ လားရှိုးမြို့မဈေးကြီးသို့မီးကူးမှုမဖြစ်စေရန် ကြိုတင်ရှောင်တိန်းမှုများပြုလုပ်နေချိန် မီးကူးကချက်ချင်းငြိမ်းသတ်နိုင်ရန် စောင့်ဆိုင်း နေသော မီးသတ်ကားများလည်းတွေ့ရှိခဲ့ရသည်။

ည (၇:၄၀) နာရီအချိန်တွင်  ဂျာမေးဗလီကြီး မီးအားကောင်း၍လောင်ကျွမ်းနေပြီဖြစ်သလို လမ်းမတော် လမ်းရှိ အစ္စလာမ်မိဘမဲ့ကျောင်းမှ  အချိန်အနည်းငယ်အတွင်း  မီးအားအတော်စွဲပြီး လောင်ကျွမ်းနေ သည်ကိုတွေ့ရှိခဲ့ရသည်။

(၈:၃၀) ခန့်တွင် လမ်းမတော်ရှိအစ္စလာမ်မိဘမဲ့ကျောင်းနံဘေးရှိ ဆိုင်ကယ်ပစ္စည်း ဆိုင်များ၊ လူနေ ဆိုင်ခန်းများနှင့် ချစ်တီးထမင်းဆိုင် တစ်ခုပါ မီးကူးလောင်ကျွမ်းခဲ့ပါသည်။

ထိုနေ့ည (၉:ဝဝ) နာရီအချိန်တွင် ဆူပူအုံကြွသူ လူတစ်စုမှမြို့တွင်းဈေးကြီးအနီးရှိ အစ္စလာမ် ဘာသာ ဝင်ပိုင် ဓါတ်ပုံဆိုင်ကြီးတစ်ခုအား သွားရောက်ဖျက်ဆီးမည်ဟု အော်ဟစ်ကြွေးကြော်သွားကြောင်း ၄င်းတို့သွားရာလမ်းနံဘေးရှိ မြင်တွေ့ရသူ များမှ ပြောပြ၍ သိရှိရသည်။

ထိုနေ့ည(၉:၃၀)အချိန်တွင် ထိုဓါတ်ပုံဆိုင်သို့ ပါဂျဲရိုးကားတစ်စင်း၊ဗင်ကားနှင့် အခြားကားတစ်စင်း ရောက်ရှိလာပြီး ဆူပူအုံကြွသူ လူတစ်စု  ဓါတ်ပုံဆိုင်တံခါးများအား ရိုက်ချိုးဖျက်ဆီး၍ ဓါတ်ပုံကူး စက်ကြီး  (HDNORITSU)အား ဖျက်ဆီးမှုပြုခြင်း၊ မှန်များခွဲခြင်းများပြုပြီးဆိုင်တွင်းရှိ ဓါတ်ပုံကင်မရာ D-90(၃)လုံး၊ D-300၊ D-70၊ D-80 စုစုပေါင်းDigital Camera အကြီး(၇)လုံးအား  ယူဆောင် သွားသလို Digital Video Camera အကြီး(၂)လုံး၊ ဆိုင်တွင်းရောင်းချရန်ထားရှိသည့် ကင်မရာများ၊ ဓါတ်ခဲများ၊ဖုန်းငွေဖြည့် ကဒ်များ၊ ဓါတ်ပုံပစ္စည်းများ၊ ပုံကူးရန်အသုံးပြုကွန်ပျူတာ(၇)စုံ၊ ဗွီဒီယိုတည်းဖြတ်စက် များ ပျောက်ဆုံး သွားခဲ့ကြောင်း နှင့် ယင်းပစ္စည်းများအားဗင်ကားနှင့် တင်ဆောင်သွားသည်ဟု အနီးနားမြင်တွေ့သူ များမှပြန်လည်ပြောပြပါသောကြောင့် သိရှိရသည်။

ထိုနေ့ညမှာပင် လားရှိုးမြို့တွင်း ထိုဆူပူအုံကြွသူများမှာအစ္စလာမ်ပိုင်ဈေးဆိုင်ခန်းများ၊ လူနေဆိုင်ခန်း များလည်းဖျက်ဆီးမှုများပြုလုပ်ကြသည်ဟုလည်း သိရှိရသည်။ ထိုအချိန်မှာပင် လမ်းမတော်လမ်းရှိ မီးအားကောင်းစွာလောင်နေပြီ ဖြစ်သောအစ္စလာမ်မိဘမဲ့ကျောင်းအနီးမှ ဆူပူအုံကြွသူ လူတစ်စုမှ ဘူတာတည်ရှိရာရပ်ကွက်(၉)သို့သွားရောက်ဖျက်ဆီးမှု ပြုမည်ဟု အော်ဟစ်ကြွေးကြော်ပြီးရပ်ကွက်(၉)ရှိ အစ္စလာမ်ဘုရားဝတ်ပြုကျောင်းများသို့သွားကြသော်လည်း ထိုနေ့ညပိုင်း တွင် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့ဝင်များ၏ အထူးကြပ်မတ်မှုကြောင့် ဖျက်ဆီးခံရခြင်းမရှိကြောင်း သိရှိခဲ့ရသည်။


(၂၉-၅-၂၀၁၃)ရက်နေ့တွင် လားရှိုး ရပ်ကွက်(၉)၊ဘူတာအနီးရှိအစ္စလာမ်ဘာသာဝင်တို့၏ ဈေး  ဆိုင်ခန်း များအား ဖျက်ဆီးခဲ့သည်။ အဖိုးတန် ပစ္စည်းများလည်း ယူငင်သွားခဲ့ကြသည်ဟုလည်း အစ္စလာမ်ဘာသာ ဝင် မဟုတ်သောမြင်တွေ့သူများမှပြောပြ၍ ပြန်လည်သိရှိရသည်။

ထိုနေ့မှာပင် ထိုရပ်ကွက်(၉)ရှိ အစ္စလာမ်ဗလီကိုလည်းဝင်ရောက်အကြမ်း ဖက်ဖျက်ဆီးမှုများပြုခဲ့ ကြောင်းလည်းသိရှိရသည်။ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၏ ကွပ်ကဲမှုအရ ထပ်မံမီးရှို့မှုမဖြစ်ခဲ့ပါ။

သျှမ်းပြည်နယ်အစိုးရ အကြီးအကဲဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ မြန်မာနိုင်ငံ သာသနာ ရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ပြည်နယ် နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းတို့သည် လားရှိုးမြို့ရှိ ဌာန ဆိုင်ရာ များ၏ ပြည်နယ်/ခရိုင်/မြို့နယ် အရာရှိကြီးများနှင့် သာသနာ့ဗိမာန်တော်ကြီးတွင် ထို(၂၉) ရက် မွန်းလွှဲ (၁:ဝဝ) နာရီအချိန်တွင် ဖြစ်ပွားလျက်ရှိသောပဋိပက္ခ များ အမြန်ငြိမ်သက်နိုင်ရန် အထူးအစည်း အဝေးပြုလုပ်ခဲ့ပါသည်။

ဤသို့ အထက်ပါအစည်းအဝေးပြုလုပ်နေချိန်တွင် ဆူပူအုံကြွသူများမှာ လားရှိုးမြို့တွင်း(ရပ်ကွက်-၂)ရှိ အစ္စလာမ် ဘာသာဝင်ပိုင် အဆင့်မြင့်ရုပ်ရှင်ရုံအား ဝင်ရောက်ဖျက်ဆီးသွားခဲ့ပြီး ထွက်ခွာသွားကာ နာရီ ဝက်ခန့်တွင်  လူတစ်စု ထိုရုပ်ရှင်ရုံသို့ ပြန်လာကာ ဓါတ်ဆီ ပက်ဖြန်း၍ ရုပ်ရှင်ရုံအား မီးရှို့ ခဲ့ကြသည်။ လုံခြုံရေးမှ ချက်ခြင်းဝင်ရောက်၍ မီးငြိမ်းသတ်ခြင်း၊ လူစုခွဲခြင်းပြုလုပ်ခဲ့ရာတွင် ရုပ်ရှင်ပိတ်ကားနှင့်စက်ခန်း တွင်းနေရာတချို့နှင့် ရုပ်ရှင်ကြည့်ထိုင်ခုံတချို့ မီးလောင်ခဲ့ကြောင်း သိရှိရသည်။


အရေးပေါ်(၁၄၄)ထုတ်ပြန်

(၂၈-၅-၂၀၁၃)ရက်နေ့ ညပိုင်းတွင် ပဋိပက္ခဆူပူအုံကြွမှုများ၏အခြေအနေအရ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်မှုပိုင်းဆိုင်ရာ အကြီး အကဲများမှ အရေးပေါ်ပုဒ်မ(၁၄၄)ထုတ်ပြန်ခဲ့ပြီး လူ(၅)ဦးထက်ပို၍စုရုံးမှုမပြုရန် မည်သူတစ်စုံတစ်ယောက်မျှ တုတ်/ဓါးလက်နက်ကိုင်ဆောင်ခွင့်မပြုရန် (ည(၇:ဝဝ)နာရီမှ နံနက်(၅: ဝဝ) နာရီအတွင်း မထွက်ရသတ်မှတ်ခဲ့ကြောင်းနှင့် (၂၉-၅-၂၀၁၃) ညနေပိုင်းတွင် အထူးလုံခြုံ ရေးအဖွဲ့ ၅ ဖွဲ့ ဖွဲ့ ၍ မြို့တွင်းကင်းလှည့်ခြင်း ဖမ်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း   လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်မောင်လွင် မှဆိုသည်။

(၂၉-၅-၂၀၁၃)ဆေးရုံရောက်လူနာများ

ယင်း (၂၉-၅-၂၀၁၃)နေ့တွင် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပဋိပက္ခကြောင့်ဒဏ်ရာရသူ အမျိုးသမီး(၁)ဦး၊ အမျိုးသား (၅)ဦး ရောက်ရှိခဲ့ကြောင်းသိရှိရသည်။ ထိုနေ့တွင် ပဋိပက္ခဖြစ်ပွားရာနေရာ၌ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး သေဆုံးခသည်။

(၃၀-၅-၂၀၁၃) ရက်နေ့  ပဋိပက္ခကြောင့် ဒဏ်ရာရရှိထားသူအမျိုးသားတစ်ဦး ဆေးရုံသို့ထပ်မံရောက်ရှိခဲ့ကြောင်း သိရှိရသည်။ ထိုလူနာ(၇)ဦးလုံးနှင့် မီးရှို့ခံရသူ မအေးအေးဝင်းတို့မှာ ယခုအခါတွင်လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ်ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရှိရသည်။

(၃၀-၅-၂၀၁၃)
       
 (၃၀-၅-၂၀၁၃)နေ့တွင် အရေးပေါ်ပုဒ်မ(၁၄၄)ထုတ်ပြန်ထားလျှက်ရှိပြီးည ၇ နာရီမှ နံနက် ၅ နာရီအတွင်း မည်သူမျှ သွားလာခြင်းမပြုခြင်း၊ တုတ်/ဓါးလက်နက် လုံးဝကိုင်ဆောင်ခွင့်မပြုခြင်း၊ လူ (၅) ဦးထက်ပို၍စုရုံးသွားလာခွင့် မပြုခြင်း တို့အား သတ်မှတ်ထားပြီး အချိန်ပြည့်လားရှိုးမြို့တွင်း မြို့စွန်ပါမကျန်အောင် မြန်မာနိုင်ငံရဲများ ပါဝင်သောလုံခြုံရေး ကားများ လှည့်လည်စစ်ဆေးမှုပြုနေခြင်း၊ လမ်းမကြီးများတွင်လည်းမြန်မာနိုင်ငံရဲများနှင့် တပ်မတော်သားများ စောင့်ကြပ်မှုပြုလျှက်ရှိနေခြင်း၊ လုံခြုံရေးအား ထိုနေ့တွင် အထူးတင်းကြပ်စွာချမှတ်ဆောင်ရွက်လာ ခြင်းကြောင့်ထိုနေ့တွင် အကြမ်းဖက်ဆူပူမှု ဖျက်ဆီးမှုများမရှိတော့ပေ။


သို့သော် မြို့နေပြည်သူများ လုံးဝပင်အပြင်ထွက်ခြင်းမရှိ။ ကျန်အမှတ်(၁)ရဲစခန်းရှေ့ ဆိုင်ခန်း(၃)ခန်းမှအပ မြို့လယ်ဆိုင်ခန်းများအားလုံးပိတ်ထားသည်အားတွေ့ရှိခဲ့ရသည်။

ထို့အတူ လားရှိုးမြို့လယ် စည်ပင်သာယာဈေးကြီးမှာလည်း(၂၉-၅-၂၀၁၃)နေ့မှစတင်၍ ပိတ်ထားခဲ့သလို ဈေးပတ်လည် လမ်းများ၊ဆေးရုံကြီးရှေ့ လမ်းမတော်လမ်းများအားလည်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီးတပ်မတော် သားများ လုံခြုံရေးချထားကြောင်း တွေ့ရှိခဲ့ရသည်။

        ယခုဖြစ်ပွားခဲ့ပါသော ပဋိပက္ခဖြစ်စဉ်များအပေါ်ထိတ်လန့်ကြောက်ရွံ့စိုးရိမ်ပူပန်နေကြသော ပြည်သူအချို့အား
သက်ဆိုင်ရာတာဝန်ရှိသူ အကြီးအကဲများမှ လားရှိုးမြို့၊ရပ်ကွက်(၁၂)မန်ဆူရှမ်းကျောင်းတွင် တည်းခိုရေးစခန်းအဖြစ် သတ်မှတ်၍ထားရှိခသည်။


(၃၁-၅-၂၀၁၃)ညနေပိုင်းအချိန်အထိ ဒုက္ခသည်များ ဆက်တိုက်ရောက်ရှိလာကြရာ အိမ်ထောင်စု(၂၇၅)စု၊ ကျား(၆၅၀)ဦး၊ မ(၇၄၈)ဦး၊ပေါင်း(၁၄၀၆)ဦး ရှိ ကြောင်း မြို့နယ် (လ.ဝ.က)တာဝန်ရှိသူများ၏ကောက်ခံမှုစာရင်း အရ သိရှိရသည်။

(၃၁-၅-၂၀၁၃)
         (၃၁-၅-၂၀၁၃)ရက်နေ့ နံနက်ပိုင်းတွင် ယမန်နေ့၏ငြိမ်သက်တည်ငြိမ်မှုတို့အပေါ်အကြောင်းပြု၍ မြို့တွင်းသွားလာ သူများအတော်ပင်စည်ကားလာသည်ကို တွေ့ရှိရသည်။ အလားတူ မြို့လယ်ခေါင်ဈေးဆိုင်ခန်းတချို့လည်း ဖွင့်လှစ် ရောင်းချမှုစတင်ပြုလုပ်လျှက်ရှိကြောင်း တွေ့ရှိရသည်။

        မြို့လယ်ဈေးကြီးပတ်ပတ်လည်နှင့် ဗလီကြီးတည်ရှိရာအစ္စလာမ်မိဘမဲ့ကျောင်းတည်ရှိရာလမ်းများကိုတော့ တပ်နှင့် မြန်မာနိုင်ငံရဲလုံခြုံရေးများ ချမှတ်ထားကြောင်းတွေ့ရှိရသည်။

        ယင်း (၃၁)ရက်နေ့ မွန်းလွှဲပိုင်းတွင် လားရှိုးမြို့၊ရပ်ကွက်(၁၀)တွင်းနေထိုင်သော အစ္စလာမ်မိသားစုအိမ်(၃)အိမ် အား လူငယ်တစ်စုဝင်ရောက်အကြမ်းဖက်မှုပြုရန် ရောက်ရှိလာခဲ့ကြောင်းသိရှိရသည်။ သို့ပါသော်လည်း ချက်ခြင်းပင် လုံခြုံရေး တာဝန်ရှိသူများဖမ်းဆီးသွား ခဲ့ပါသောကြောင့် မည်သည့် ဖျက်ဆီးမှုမျှမရှိခဲ့ကြောင်းလည်း ယင်း ရပ်ကွက်(၁၀)နေ အစ္စလာမ် ဘာသာဝင်အမျိုးသားတစ်ဦးမှပြောပြ၍ သိရှိရသည်။


(၁-၆-၂၀၁၃)

         (၁-၆-၂၀၁၃)ရက်နေ့တွင် လားရှိုးမြို့တွင်းတွင် နံနက်ပိုင်းမှစ၍ ပုံမှန်ပင် မြို့နေပြည်သူအများသွားလာမှုများ ရှိခဲ့ပြီး   မြို့လယ်ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ မြို့လယ်ကုန်စိမ်းဈေးမှာလည်း ကုန်စိမ်း သည်များ ပုံမှန်အတိုင်းပင် ဈေးရောင်းလျှက်ရှိကြောင်း တွေ့ရှိရသည်။
        လားရှိုးစည်ပင်သာယာဈေးကြီးပတ်လည်လမ်းများ ပိတ်ထားခြင်းမှလွှဲ၍ကျန်လမ်းများအားလုံး အေးချမ်းစွာ မြို့နေ ပြည်သူအများသွားလာနေကြပြီဖြစ်၏။ ထို့အတူ မီးလောင်ကျွမ်းခံထားရသော ဗလီကြီးနှင့်အစ္စလာမ်မိဘမဲ့ကျောင်း၊ ၄င်း ကျောင်းဘေးရှိ မီးလောင်ခံရသော လူနေအိမ်များ၊ဈေးဆိုင်ခန်းများအား ယင်းအဆောက်အဦးနှင့် သက်ဆိုင်သူများ ဝင်ရောက်ရှာဖွေလိုသည်များ ရှာဖွေခွင့်ပြု လိုက်ပါသောကြောင့် ၄င်းတို့၏မီးလောင်ခံတန်ဖိုးရှိ ပစ္စည်းများရှာဖွေသူများ ရှိနေသလိုသန့်ရှင်းရေးတတ်အားသမျှပြုလုပ်နေသည်အားလည်း တွေ့ရှိခဲ့ရသည်။

        လားရှိုးမြို့ ရပ်ကွက်(၈)ရှိ မန်ဆူအဝေးပြေးကားဂိတ်များတွင်လည်းခရီးသည်များစတင်၍ နဂိုပုံမှန်သွားလာနေမှုများ ရှိလာပြီဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ မန်ဆူရှမ်းကျောင်းတွင် ရောက်ရှိနေသည့်ပဋိပက္ခဖြစ်စဉ်ကြောင့် စိုးရိမ်ပူပန်နေကြသူ အိမ်ထောင်စုများမှအိမ်ထောင်စုတချို့ကို လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိမိုးလုံလေလုံအားကစားကွင်းသို့ တာဝန်ရှိသူများမှ ကားကြီးများဖြင့် ပြောင်းရွှေ့ပေးခဲ့သည်အား ယင်း(၁)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။

        (၁-၆-၂၀၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် မြို့၏လုံခြုံအေးချမ်းလာမှုတို့အားအကြောင်းပြု၍လည်းကောင်း၊ ဆူပူ အကြမ်းဖက်မှုပြုသူများ  ဖမ်းဆီးထားခဲ့နိုင်ခြင်းတို့ကြောင့်လည်းကောင်း၊အုပ်ချုပ်ရေးတာဝန်ရှိသူများမှ အရေးပေါ် ပုဒ်မ(၁၄၄) အား ယခင်  ည ၇ နာရီမှ နံနက် ၅ နာရီထားရှိခြင်းကို ည ၈ နာရီမှ နံနက် ၄ နာရီသို့ လျော့ပေါ့သတ်မှတ်ကြော်ငြာ ပေးခဲ့သည်။

(၁-၆-၂၀၁၃)

         (၂-၆-၂၀၁၃)ရက်နေ့တွင် နံနက်ပိုင်းမှစပြီးယခင်လုံခြုံရေးအရပိတ်ထားသောလမ်းကြောင်းများ အားလုံး အားဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပြီး မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာနဂိုပုံမှန်အတိုင်း သွားလာလှုပ်ရှားလျှက်ရှိ ပြီး  လားရှိုးမြို့မဈေးကြီးမှအပ ကျန် ကုန်စိမ်းဈေးများ၊ ကုန်ခြောက်ဈေးများ ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း ကိုလည်း တွေ့ရှိရပါသည်။

လားရှိုးမြို့လယ်ခေါင်ရှိ စတိုးဆိုင်ကြီးများ၊ ဈေးဆိုင်ခန်းများ၊စားသောက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ စက်ပစ္စည်းဆိုင် များ သည်လည်း နဂိုပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျှက်ရှိပြီဖြစ်ကြောင်းတွေ့ရှိရသည်။

 ပဋိပက္ခဖြစ်စဉ်များအပေါ်သို့လားရှိုးမြို့နေ ပြည်သူတချို့မှ ပြန်လည်၍သုံးသပ်ပြောပြသော ပြည်သူ့အသံ

လားရှိုးမြို့နေလုပ်ငန်းရှင် အစ္စလာမ်ဘာသာဝင်တစ်ဦးက -
    
 “အခုဖြစ်ပွားတဲ့ ပဋိပက္ခဖြစ်စဉ်မှ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေးပဋိပက္ခဖြစ်ပွားတယ်လို့ ကျွန်တော်မမြင်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ ဗုဒ္ဓဓမ္မဟာ အင်မတန်ယဉ်ကျေးသိမ်မွေ့တဲ့ဘာသာတစ်ခုပါ ။ အခု အစ္စလာမ်တွေကို အကြမ်းဖက်မှုပြု သူတွေက ဗုဒ္ဓဘာသာယောင်ဆောင်ပြီး ဗုဒ္ဓဘာသာကိုနာမည် ပျက်အောင်လုပ်နေသူတွေလို့ယူဆပါတယ်”

အစ္စလာမ်ဘာသာဝင် ဓါတ်ပုံဆရာတစ်ဦးက-

 “လားရှိုးမြို့မှာ ကျွန်တော်မွေးကတည်းက နေလာတာပါ ။ အခုအသက်(၄၅)နှစ်ရှိပါပြီ ။  ဗုဒ္ဓဘာသာဝင် တွေ နဲ့ အစ္စလာမ် ဘာသာဝင်ဟာညီအစ်ကိုမောင်နှမတွေလို ရင်းရင်းနှီးနှီးနေခဲ့ကြတာမြို့နေသူမှန်သမျှအသိပါ ။ ကျွန်တော့ တသက် အခုလို ပဋိပက္ခဖြစ်ဖို့မပြောနဲ့ ၊  ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်တွေ့ရင်မျက်စောင်းထိုးသွားတာတောင် မရှိခဲ့ပါဘူး။  ကျွန်တော့တသက် အခုလို ပဋိပက္ခဖြစ်တဲ့အစဉ် အလာမျိုး ဘယ်တော့မှမရှိခဲဖူးပါဘူး ။ ဘယ်တော့မှမဖြစ်ဘူးလို့လည်း ကျွန်တော်တို့ယုံကြည်ခဲ့တာ ။   အခုတော့ခုလိုဖြစ်သွားတာ  အိပ်မက်မက်သလိုဖြစ်နေတယ် ။  ” 

ဗုဒ္ဓဘာသာဝင် ဘာသာရေးသမားကြီးတစ်ဦးက-

“ဒီ ပဋိပက္ခဟာ လုံးဝမဖြစ်သင့်ဘူး။  ဘာဖြစ်လို့လည်းဆိုတော့ ဒီမြို့မှာဖြစ်လေ့ဖြစ်ထမရှိဘူး ။  ဒီပြဿနာတွေ ကြီးအောင် ပဋိပက္ခကြီးဖြစ်သွားအောင်ဖန်တီးသူတွေကို သက်ဆိုင်ရာကအမြန်ဆုံး ဖမ်းဆီးအရေးယူပေးပြီးရင်တော့။   တစ်မြို့ထဲနေဗုဒ္ဓဘာသာဝင်တွေနဲ့  အစ္စလာမ်တွေအကြား အာဃာတတရားငြိမ်းသွားမှာပါ ။  ဘာကြောင့်လည်းဆိုတော့ အစကတည်းကလည်း ရန်သူတွေလိုမျိုး နေခဲ့ကြတာမှမဟုတ်တာ ။  တစ်မြို့ထဲနေပြီးတသွေးတသားတည်းလို ပေါင်းသင်းခဲ့ကြတာဘဲဥစ္စာ” 

လားရှိုးမြို့၊ ရပ်ကွက်(၇)နေ အစ္စလာမ်ဘာသာရေးဆရာတစ်ဦးက-

“ကျွန်တော်တို့ ရပ်ကွက်ထဲမှာပေါ့ ။ ပဋိပက္ခအခြေအနေအတော်လေးဖြစ်နေချိန်(၂၉-၅-၂၀၁၃)နေ့မှာပါ ။ လူငယ်တွေလည်း တော်တော်လေးစိုးရိမ်ပြီး စုစုရုံးရုံးနေနေကြတာပေါ့ ။ အဲ့ဒီမှာ ဘော်လုံးကွင်းဘက်ကနေ လူတစ်စုသုံးဘီးတစ်စင်း နဲ့လာပါ တယ် ။  သူတို့မှာ ဓါတ်ဆီပုံးတွေရော ။ ပြီးတော့ တုတ်တွေ ဓါးတွေလည်းကိုင်ပြီးလာပါတယ် ။ အဲဒီမှာကျွန်တော်တို့ ရပ်ကွက်ထဲ ကလူတစ်စုက ပြန်ပြီးတော့ခဲတွေဘာတွေနဲ့ခြိမ်းခြောက်တော့ သူတို့ပြန်ပြီးထွက်ပြေးသွား ပါတယ် ။ တခါပြန် ပြီးတော့ ရန်ကင်းလမ်းကနေ နောက်ထပ်အုပ်စုတစ်စု ပြန်ဆင်းလာပါတယ် ။  အဲ့ဒီမှာ ရပ်ကွက်ထဲက ကလေးတွေကလည်း ပြန်အဲ့ဒီဘက်ပြေးသွားတော့ သူတို့ထွက်ပြေးသွားပါတယ်။  နောက် အေက်ဘက်ကနေထပ်ပြီးတစ်ဖွဲ့ပြန်လာပါတယ် ။  အဲ့ဒီ ကျွန်တော်တို့ကလေးတွေလည်းအတော်လေး ကြောက်ကြောက် လန့်လန့်ဖြစ်နေကြတာပေါ့ ။  အဲ့ဒီမှာတာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေ ရောက်လာပါတယ် ။  လုံခြုံရေးတွေချတယ်ပေါ့ ။ ပြီးတော့ လူ(၅)ဦးထက်ပိုမစုဖို့ တုတ်/ဓါး မကိုင်ကြဖို့ပြောတယ်။ အဲ့တော့ ကလေးတွေလည်း ကိုယ့်အိမ်ကို ပြန်သွားကြ ပါတယ် ။  အဲ့ဒီမှာရပ်ကွက်ထဲကလူကြီးတွေကနေ ကလေးတွေကို အခြားလွတ်ရာနေရာကိုခေါ်သွားပါတယ် ။ အဲ့ဒီအချိန်မှာဘဲ ထပ်ပြီး ဆူပူသူလူတစ်စုရောက်လာပါတယ် ။ ကျွန်တော်တို့ရပ် ကွက်ထဲက ကလေးစာသင်ကျောင်း အစ္စလာမ်အဆောက်အဦး တစ်ခုကို ဝင်ပြီးဖျက်ဆီး ပါတယ် ။  ပြီးတော့ ကျွန်တော်တို့ လူမျိုးဘာသာမရွေးသာရေး/နာရေး ကူညီမှုကားတစီးကို ဆွဲယူ သွားပြီး ဘောလုံးကွင်းထဲမှာ မီးရှို့ပစ်လိုက်ပါတယ်    ”   


အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား ဖျက်ဆီးနေချိန်မှာ လုံခြုံရေး တာဝန်ရှိသူများ ရှိ/မရှိမေးမြန်းဖြစ်ခဲ့ရာမှာတော့ -

 “လုံခြုံရေးတွေ အဲ့ဒီအနီးအနားမှာရော  ဖြစ်စဉ်ဖြစ်နေတဲ့ရှေ့မှာပါရှိပါတယ် ။   မီးလုံးဝမလျှို့ဖို့ တားဆီးမှုတွေပြုလုပ်နေကြပါတယ်”  

 လားရှိုးမြို့၊ ရပ်ကွက်(၈) ဘောလုံးကွင်းအနီးနေထိုင်သူတစ်ဦးက-
        “အကြမ်းဖက်လူတစ်စုက ရပ်ကွက်(၇) အစ္စလာမ်ကျောင်းက ကားတစ်စီးဆွဲလာပြီးဘောလုံးကွင်းထဲမှာ မီးရှို့ပါတယ် ။   ဘောလုံးကွင်းအနီးမှာရှိတဲ့ကြက်တန်း ကားပစ္စည်းအဟောင်းဝယ်ရောင်းလုပ်တဲ့ဆိုင်တန်းတွေကို ဖျက်ပြီးသူတို့လိုချင်တဲ့ပစ္စည်းတွေ ယူသွားတာကို တွေ့ရပါတယ် ” 


လင်းလင်း(လားရှိုး)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။