Tuesday, June 25, 2013

တပ်မတော်နှင့် SSPP/SSA တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

(Eleven Media Group)

တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည်များ ရှိလာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ ၀မ့်ပိန်းအုပ်စုဟွေ့နား၊ ချီလင်း ဒေသတစ်ဝိုက်တွင် တပ်မတော်နှင့် (SSPP/SSA) တို့ကြား ဇွန် ၂၀ နှင့် ၂၁ ရက်များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၀မ့်ပိန်းဘုန်းတော်ကြီးကျောင်းတွင် နားပင်းရွာ၊ အင်လိုင်းရွာများမှ စစ်ရှောင်ဒုက္ခသည် ၁၀၁ ဦး ခိုလှုံနေကြောင်း သိရသည်။



''ဒုက္ခသည်တွေက မြို့ပေါ်မှာတော့ မဟုတ်ဘူး။ ၀မ့်ပိန်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်။ ဘုန်းကြီးကျောင်းကပဲ ကျွေးမွေးထားတယ်လို့ သိရတယ်။ တိုက်ပွဲ ဖြစ်တဲ့နေရာက တောင်ပေါ်တောထဲ ဆိုပေမယ့် ရွာတွေနဲ့နီးလို့ ကြောက်ပြီး ရှောင်လာကြတာ'' ဟု ကျေးသီးမြို့ခံ တစ်ဦးက ဆိုသည်။


ထို့အပြင် ဇွန် ၂၃ ရက်၌လည်း ကျေးသီးမြို့နယ်အတွင်း ရှီဝမ်ဝပ်အုပ်စု၌ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ ယင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာမှ လူနေအိမ်အချို့ ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း အဆိုပါ ဒေသခံကပင် ပြောကြားသည်။




ဇွန် ၂၃ ရက်၌လည်း ကျေးသီးမြို့နယ်အတွင်း ရှီဝမ်ဝပ်အုပ်စု၌ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ ယင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာမှ လူနေအိမ်အချို့ ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း...




ထိုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာသော ဒုက္ခသည်များထဲမှ နှစ်ဦးအား တပ်မတော်မှ ခေါ်ဆောင်သွားသဖြင့် အခြားစစ်ဘေး ဒုက္ခသည်များက (SSPP/SSA) အဖွဲ့သို့ စာဖြင့်အကြောင်းကြားလာကြောင်း၊ ယင်းသို့ စာဖြင့်အကြောင်းကြားလာမှုကို SSPP/SSA အဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ အကြောင်းကြား ဆောင်ရွက်ပေးရန် SNLD သို့ ဖုန်းဖြင့် ဆက်သွယ်လာကြောင်း၊ မိမိတို့ အနေဖြင့် SSPP/SSA အဖွဲ့မှ တရားဝင်စာ ရောက်ရှိလာပါက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဆိုသည်။


အစိုးရနှင့် SSPP/SSA တို့ကြား အပစ်အခတ် ရပ်စဲပြီးနောက် ထိတွေ့မှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ ၂၀၁၃ ခုနှစ် မတ် ၂၈ ရက်တွင် တန့်ယန်းမြို့ လွယ်စေး၊ လွယ်လန်းဒေသ၌ တိုက်ပွဲမှ စတင်ကာ ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ထိ ရှိခဲ့သည်။ ထို့နောက် မေ ၁၁ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် SSPP/SSA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစ၀်ခေးတိုင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တန့်ယန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကာ အချက်လေးချက်အား သဘောတူညီမှု ရရှိခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမှုမရှိဘဲ ရပ်ဆိုင်းနေရာမှ ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။


တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ SSPP/SSA အဖွဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲများ ဖြစ်ပွားမှုကို အတည်ပြုပေးခဲ့ပြီး အသေးစိတ် အချက်အလက်ကိုမူ မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။