Wednesday, June 26, 2013

အစိုးရ တပ်များ အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားဟု ရှမ်းမြောက်ဆို

(Mizzima)

ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် (SSPP/SSA) အား စစ်ဆင်ရန် သွားရောက် သည့် အစိုးရတပ်များ ကျေးသီးမြို့နယ်နှင့် မိုင်းရယ်မြို့နယ် ကြားရှိ မိုင့်ဝပ်ရွာတွင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ အချင်းချင်း မှားယွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း (SSPP/SSA) အရာရှိများက ဆိုသည်။

“လက်နက် ကြီးရော လက်နက်ငယ်တွေနဲ့ရော ပစ်တယ်။ ကျနော်တို့က ပထမ သံသယ ဖြစ်တယ်။ ကျနော်တို့ လူတွေနဲ့ ဖြစ်လားဆိုတော့။ ကျနော်တို့ လူတွေလည်း အကုန် ထွက်ထားပြီးပြီဆိုတော့ ကျနော်တို့နဲ့ ဖြစ်တာ မဟုတ်ဘဲ သူတို့ အချင်းချင်း မှားပစ်ကြရော” ဟု SSPP/SSA ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူး နော်လစ် က မဇ္ဈိမကို ပြောသည်။


ဇွန်လ ၂၂ ရက်နေ့က ရှမ်းမြောက် တပ်နှင့် အစိုးရ တပ်များ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီး အင်္ဂါနေ့တွင် ရှမ်းမြောက်တပ်များအား တိုက်ခိုက်ရန် စစ်ကူလာပေးသည့် ရမခ တပ်များနှင့် တပ်စွဲ ထားပြီး ဖြစ်သည့် ရလခ လက်အောက်ခံ ခမရ ၅၂၅ တပ်တို့အကြား မှားယွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSPP/SSA
ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ဆိုသည်။

“တိုက်ပွဲဖြစ်တော့၂၃ ရက်နေ့ ည ၉ နာရီ လောက်မှာ ကျနော်တို့ ဖယ်ပေး လိုက်တယ်။ သူတို့က ကျနော်တို့ ဘုန်းကြီးကျောင်းထဲမှာ ရှိနေတယ် ထင်ပြီး ပစ်ကြတယ်လေ။ နှစ်နာရီ လောက်ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ထိုမိုင့်ဝပ် ကျေးရွာ၌ပင် နယုန် လပြည့်နေ့ ဘုန်းကြီးကျောင်းသို့ လာရောက်သည့် ရှမ်းမြောက် တပ်ဖွဲ့များအား ခမရ ၅၂၅ နှင့် ခမရ ၅၆၉ ပူးပေါင်းစစ်ကြောင်းဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဆက်လက်၍ ရှမ်းတပ်များမှ ထိုရွာမှ ဆုတ်ပေးခဲ့ခြင်း မရှိဘဲ နောက်နေ့ တနေ့လုံး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

သို့သော်လည်း အစိုးရတပ်များမှ ဘုန်းကြီးကျောင်းနှင့် ရွာထဲသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဒေသခံ ပြည်သူလူထုအား ထောက်ညှာသောအားဖြင့် ၎င်းတို့ တပ်များ ဆုတ်ပေးခဲ့ကြောင်း ဗိုလ်မှူး နော်လစ် က ပြောသည်။

“ကျနော်တို့ ဘုန်းကြီးကျောင်းမှာ ရှိနေတာကို ၅၂၅ နဲ့ ၅၆၉ တပ်တွေက ဝင်တိုက်တာ၊ ၂၂ ရက်နေ့ ၁၀ နာရီက တိုက်ပွဲ စဖြစ်တယ်။ ၂၃ ရက်နေ့က တနေ့လုံး ဖြစ်တယ်။ ဘုန်းကြီးတွေ သံဃာတွေ ပြည်သူ လူထုတွေလည်း ထိခိုက် ဒဏ်ရာရတယ်။ စစ်ကူတွေလည်း ရောက်လာတယ်လေ။ ကျနော်တို့က ရှေ့ဆက်ပြီး
ပြဿနာ မကြီးထွားအောင် ည ၉ နာရီလောက်မှာ ဆုတ်ပေးလိုက်တယ်” ဟု ဆိုသည်။

ဒေသခံ ပြည်သူ များနှင့် ဘုန်းတော်ကြီးများ ထိခိုက် ဒဏ်ရာ ရရှိမှု စာရင်းပြုစု နေဆဲဟု ဗိုလ်မှူး နော်လစ် က ဆက်ပြောသည်။

ယခုကဲ့သို့ နှစ်ဖက်တပ်များ တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာနေသည့် ကိစ္စနှင့်ပတ်သက်၍ တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည့် ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်ထံ နှစ်ဖက် အခြေအနေ ထိန်းသိမ်းနိုင်အောင် တင်ပြထားပြီး အင်္ဂါနေ့တွင် ကျင်းပမည့် အစည်းအဝေးတွင် တင်ပြကာ ဆွေးနွေးမည် ဖြစ်ကြောင်း ဦးသိန်းဇော် က အကြောင်းပြန် သည်ဟုလည်း ဗိုလ်မှူး နောလစ်မှ ဆက်ပြောသည်။

မဇ္ဈိမ သတင်းဌာနမှ ဦးသိန်းဇော်ထံ ဆက်သွယ် မေးမြန်းရန် ကြိုးစား ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် မိုင်းရှူး မြို့နယ်တွင်းရှိ တာဆန်ပူး (ကူးတို့ဆိပ်) တပ်စခန်းကို ဖယ်ရှားပေးရန် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီး မျိုးထွဋ်လှိုင် က SSPP/SSA အဖွဲ့၏ အတွင်းရေးမှူး (၂)ဒု-ဗိုလ်မှူးကြီး စဝဝ်ခမ်းတီ ထံ ဖုန်းဖြင့်ညွှန်ကြားချက် ပေးထားခြင်း ရှိပြီး SSPP/SSa ၏ ဝမ်ဟိုင်း ဗဟိုဌာနချုပ်မှလည်း ဖယ်ရှား ပေးရန် သဘောထား မရှိကာ နှစ်ဖက် စစ်ရေး အခြေအနေမှာ တင်းမာနေကြဆဲ ဖြစ်သည်။

မေလ ၁၁ ရက်နေ့တွင် ဦးစပ်ခေးတိုင်း ခေါင်းဆောင်သော SSPP/SSA အဖွဲ့နှင့်  ဦးသိန်းဇော် ခေါင်းဆောင်
သော အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင်
တွေ့ဆုံခဲ့စဉ် SSPP အား တိုက်ခိုက်တော့မည် မဟုတ်ဟု  ဦးသိန်းဇော် က ကတိပေး ပြောကြားခဲ့သည်။

SSPP/ SSA နှင့် အစိုးရ ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့အကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။ အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ပြီးလျှင် အစိုးရ တပ်ဖွဲ့နှင့် ဒုတိယ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အများဆုံးတပ်လည်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။