Monday, June 10, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ ယနေ့တွေ့ဆုံမည်

(Eleven Media Group)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ ယနေ့ (ဇွန် ၁၀ ရက်)တွင် နေပြည်တော်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

"မနက်ဖြန်တော့ နိုင်ငံတော်သမ္မတနဲ့ (RCSS/SSA) အဖွဲ့ တွေ့ဖို့ရှိတယ်။ ဘာတွေ ဆွေးနွေးမယ် ဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူး။ မနက်ဖြန် နံနက်ပိုင်းမှာ နိုင်ငံတော် သမ္မတနဲ့တွေ့မယ်။ မနက်ဖြန် ညနေမှာ ဒုတိယ သမ္မတက ညစာနဲ့ တည့်ခင်းဧည့်ခံဖို့ ရှိတယ်။ ၀န်ကြီးဌာန သုံးလေးခုလောက်နဲ့ သူတို့တွေ့ကြမှာပါ" ဟု ဦးအောင်နိုင်ဦးက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။    

    
ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် အဖွဲ့သည် ဇွန် ၉ ရက် ညနေပိုင်းက နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံမှု အပြီးတွင် မီဒီယာများနှင့် သီးသန့်တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခွင့်ရရန် RCSS/SSA အဖွဲ့မှ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၀ ရက်တွင် တွေ့ဆုံရန် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇွန် ၁ ရက်တွင် အကြောင်းပြန်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရင်းသား သတင်းဌာန သျှမ်းသံတော်ဆင့်တွင် ဇွန် ၄ ရက်က ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် RCSS/SSA ဥက္ကဋ္ဌတို့ တွေ့ဆုံရာတွင် ထည့်သွင်းဆွေးနွေးရန် ရှမ်းအဖွဲ့ အစည်းများဖြစ်သည့် RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ ရှမ်းလူထု အခြေပြု အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်မှ ကိုယ်စားလှယ် ၅၀ ကျော်တို့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန် ၁ ရက်နှင့် ၂ ရက်တို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။