Friday, June 7, 2013

လွတ်လပ်သည့် အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး ကော်မတီ မွန်ပြည်နယ်၌ ဖွဲ့စည်း

(ရွှေဟင်္သာသတင်းဌာန)

ယခု ဖွဲ့စည်း ခဲ့သည့် အပစ်အခတ် ရပ်စဲ မှု စောင့်ကြည့်ရေး ကော်မတီ သည် မွန်ပြည်နယ်တွင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့ကြား သဘောတူညီ ထားချက်များ အပေါ် စံထားပြီး စောင့်ကြည့်နိုင်ရန် အတွက် သီးခြား လွတ်လပ်သည့် ကော်မီတီမျိုး ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးမှ ဆိုပါသည်။ 

ဒီကော်မီတီ ကတော့ ချုပ်ဆိုထားတဲ့ သဘော တူညီချက် အပေါ် ချိုးဖေါက် ခဲ့ရင်တော့ တွေ့ရှိတဲ့ အတိုင်းကို သတင်းနဲ့ မီဒီယာ ကနေ တဆင့် နှစ်ဖက် စလုံးကို ချပြနိုင်ခဲ့ရင် ချိုးဖေါက်မှုတွေဟာ အထိုက်အလျှောက်တော့ နည်းသွား လိမ့်မယ်လို့ ခံယူတယ်။လို့ ဆိုပါသည်။


လောလောဆယ် အခြေအနေတွင် ကော်မီတီသည် စောင့်ကြည့်သွားရမည့် ကဏ္ဍများကို မဆွေးနွေးရသေးဟု ဆိုပါ သည်။ ကော်မီတီကို ဆန္ဒအလျှောက် သီးခြား လွတ်လပ်သည့် တသီး ပုဂ္ဂလများနှင့် ဖွဲ့စည်းထားပါသည်။ သို့သော် ဤကော်မီတီ အပေါ်တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရများက မည်သို့ သဘောထား ရှိသည်ကို မသိရသေးပေ။

ယင်းအစည်းအဝေးကို မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် ကျင်းပခဲ့ပြီး နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်း CBO များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မွန်၊ ကရင်၊ ပအိုဝ့် စာပေ ယဉ်ကျေးမှု ကော်မတီ ဝင်များ၊ တသီး ပုဂ္ဂလ စိတ်ဝင်စား သူများ စသည့် အဖွဲ့အစည်း နယ်ပယ် အသီးသီးမှ ကိုယ်စားလှယ်များ (၂၀၀) ကျော် တက်ရောက် ခဲ့ပါသည်။

အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု လေ့လာရေး (Ceasefire Monitoring) ကော်မီတီကို နာယက (၅) ဦးနှင့် ကော်မတီဝင် (၉) ဦးဖြင့် တက်ရောက် လာသော ကိုယ်စားလှယ်များမှ ရွေးချယ် ခဲ့ကြပါသည်။ ကော်မီတီသည် လုပ်ငန်းစဉ်များ မှတ်တမ်း တင်ခြင်း၊ တွေ့ရှိချက် များကို သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့် များသို့ တင်ပြ သွားခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။

ကော်မီတီသည် ယာယီ အပစ် အခတ် ရပ်စဲရေး ရရှိမှုမှ  ရေရှည် ငြိမ်းချမ်းရေး ရသည် အထိ နှစ်ဦး နှစ်ဖက်အား ထိန်းကျောင်း ပေးနိုင်မည့် စောင့်ကြည့် လေ့လားရေး အဖွဲ့ တစ်ရပ် ရှိလာခြင်းသည် ကောင်းမွန်သော လုပ်ငန်းစဉ်ဖြစ်သည် ဟု ခံယူထားပါသည်။

ကော်မီတီသည်  မွန်ပြည်နယ်ရှိ အစိုးရနှင့် အပစ်ရပ်ထားသော မွန်ပြည်သစ် ပါတီ ၊ DKBA အဖွဲ့ ၊ KNU အဖွဲ့ ၊ BGF အဖွဲ့များအား စောင့်ကြည့် လေ့လာ သွားမည်ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့အစည်းများသည် အစိုးရနှင့် သဘော တူညီမှု ရယူပြီး အပစ်အခတ် ရပ်စဲကြပါသည်။ ကော်မီတီသည် ၄င်းတို့ သဘော တူထားသော အချက်များအား စံထားပြီး စောင့်ကြည့် လေ့လာမည်ဖြစ်ပြီး ချိုးဖေါက် မှုများကို တွေ့ရှိချက် အတိုင်း ဖေါ်ထုတ် သွားမည်ဖြစ်သည်ဟု ဆိုပါသည်။

မွန်ပြည်နယ်တွင်းရှိ မွန်ပြည်သစ် ပါတီ အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ် အပစ် အခတ် ရပ်စဲခဲ့ကာ ၂၀၁၀ ခုနှစ် တွင် ပြန်လည် ပျက်ပြယ် သွားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ထပ်မံ၍ အပစ် အခတ် ရပ်စဲ ခဲ့ပါသည်။ အလားတူ ကရင် အမျိုးသား အစည်းအရုံး (KNU) သည်လည်း၂၀၁၃ ခုနှစ် နှစ်ဆန်း ပိုင်းတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီး၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) သည် ၂၀၁၂ နှစ်ကုန်ပိုင်း၌ အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ် BGF အဖွဲ့မှာမူ ၂၀၁၀ ခုနှစ်နောက်ပိုင်း အစိုးရမှ ဦးဆောင် ဖွဲ့စည်း ပေးခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။