Tuesday, June 11, 2013

စခန်း အသိမ်း ခံရသည့်အပြင် အပေါ်စီးပါ စွပ်စွဲခံရသော SSPP

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၏ လားရှိုး မြို့နယ်ရှိ အမှတ် (၈၅၁) စခန်း အတိုက်ခိုက် ခံရခြင်းအပေါ် SSPP နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အကြား အငြင်းပွားဖွယ်ရာ ဖြစ်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလမှဆိုပါသည်။ 

“ ဒီကိစ္စဖြစ်ဖြစ်ချင်း အရှေ့မြောက်တိုင်းကို သွားတိုင်ပါတယ်။ တိုင်းမှူးက ဘာပြောလဲဆိုတော့ မင်းတို့က အရင်ပစ်လို့ ငါတို့ပစ်ရတာလို့ ပြောတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ဘူး၊ ကျနော်တို့ အမှတ် (၈၅၁) စခန်းသစ်ကို သူတို့ရဲ့ လားရှိုး ခလရ ၆၈ နဲ့ ခလရ ၄၁ တွေ အခြား တပ်အင်အား တွေရောအားလုံး အင်အား ၂၀၀ ကျော်နဲ့ လာတိုက်ယ်လေ။ ကျနော်တို့ ဘက်က ဆုတ်ပေးခဲ့ရတယ်။ အဲဒါကို ကျနော်တို့က အရင်တိုက်တယ်လို့ ပြောတယ်” ဟုဆိုပါသည်။ 


ယင်းတိုက်ပွဲသည် ပြီးခဲ့သည့် ဇွန်လ (၇) ရက်နေ့က ဖြစ်ပြီး လားရှိုး မြို့နယ် ဟိုပိတ် ကျေးရွာ အုပ်စု မြောက်ဘက် ထင်းရှုးတောင် ပေါ်သို့ နံနက် ၈ နာရီမှ ၁၀ နာရီ အထိ () နာရီခန့် တိုက်ပွဲဖြစ်ပွား ခဲ့ကြခြင်းဖြစ်ပါသည်။ တိုက်ပွဲတွင် SSPP/SSA တပ်ဖွဲ့ ဘက်မှ (၃) ဦး ကျဆုံး သွားခဲ့ကြောင်း ဆိုပါသည်။ 

ဤတိုက်ပွဲသည် SSPP/SSA တပ်ဖွဲ့တို့က စတင် တိုက်ခိုက်သည့် တိုက်ပွဲ ဖြစ်ကြောင်း လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်တိုင်းမှူးက ပြောကြားထားပါသည်။ SSPP/SSA ဘက်ကမူ မိမိတို့ တပ်စွဲ ထားသည့် စခန်းကို အစိုးရ တပ်ဖွဲ့တို့က လာရောက် တိုက်ခိုက်သည့် တိုက်ပွဲသာ ဖြစ်သည်ဟု အပြန်အလှန် စွပ်စွဲနေကြခြင်းဖြစ်ပါသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့၌လည်း ရှမ်းမြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းယင် ကျေးရွာအုပ်စု၊ ဝမ့်ပန်ခမ်းရွာ၌ နေထိုင်သည့် SSA တပ်ဖွဲ့မှ စိုင်းကောင်းနှင့် စိုင်းဆန်ပေါင်းတို့ နှစ်ဦးအား အစိုးရ တပ်ဖွဲ့ ခမရ ၅၀၁ တို့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဆိုပါသည်။

SSPP နှင့် အစိုးရတို့သည် ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့၌ ဦးသိန်းဇော် ဦးဆောင်သည့်မြန်မာ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ် တန့်ယန်း မြို့နယ်၌  တွေ့ဆုံစဉ် စစ်ရေး နည်းဖြင့် ပြသနာဖြေရှင်း ရေးထက် ငြိမ်းချမ်းသော နည်းလမ်းဖြင့်တွေ့ဆုံ  ဆွေးနွေးပြီး ဖြေရှင်းရန် သဘောတူ ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ SSPP ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ခေးတိုင်း ဦးဆောင်ပြီး တက်ရောက်ခဲ့ပါသည်။ 

ရှမ်းပြည် တိုးတက်ရေး ပါတီနှင့် အစိုးရ တို့သည်  ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ သို့သော် အစိုးရ တပ်များမှ အကြောင်း အမျိုးမျိုး ပြပြီး ၀င်ရောက် တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွား ခဲ့ပြီးဖြစ်ပါသည်။ 

SSPP သည် အပစ်အခတ် ရပ်စဲထားသော အဖွဲ့အစည်းများထဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO အဖွဲ့ပြီးလျှင်  ဒုတိယ အများဆုံး အတိုက်ခံခဲ့ရသည့် ပါတီဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့များသည် အပစ်အခတ် ရပ်စဲရေး ရရှိရန် ဂတိ အမျိုးမျိုး ပေးပြီး စာချုပ်တတ်သော်လည်း လိုက်နာမှုမရှိဟု ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။