Wednesday, June 26, 2013

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ (နဲာရဿ) ၏ ကိုယ်ရေးရာဇဝင် အကျဉ်း

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့ရွာနေ ဖခင် နိုင်မောင်မောင်၊ မိခင် မိဖွားစိန်တို့မှ ကောဇာ သက္ကရာဇ် (၁၃၀၈) ခု တန်ဆောင်မုန်း လဆန်း (၈) ရက် (1.11.46) သောကြာနေ့တွင် ဖွားမြင် ခဲ့သည်။ မွေးချင်း (၅) ဦး အနက် စတုတ္ထမြောက် သားဖြစ်သည်။ ငယ်နာမည်မှာ မင်းဆွေယဉ် ဖြစ်ပြီး တော်လှန်ရေး နယ်မြေသို့ ရောက်လာသော အခါ နိုင်ရော့စ (နဲာရဿ) ဟု နာမည်ပြောင်း ခဲ့သည်။


             မူလတန်းမှ သတ္တမတန်းအထိကို ကလော့သော့ကျေးရွာ အလယ်တန်းကျောင်းတွင်လည်းကောင်း၊ အဋ္ဌမတန်း နှင့် နဝမတန်းကို ကမာဝက်(အ.ထ.က) ကျောင်းတွင်လည်းကောင်း၊ ဒဿမတန်းကို မုဒုံမြို့ (အ.ထ.က) (၁) တွင်လည်းကောင်း ပညာ သင်ယူခဲ့သည်။ ဒဿမတန်းကို ဂုဏ်ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဆက်လက်၍ ပညာ သင်ယူခဲ့ရာ B.com နှင့် R.A ဘွဲ့တို့ကိုရရှိပြီး (က-ပ-စ) တွင် ဝန်ထမ်းအဖြစ် (၂)နှစ် လုပ်ကိုင်ခဲ့သည်။  စီးပွားရေး တက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ် ၁၉၆၆ - ၁၉၆၇ ခုနှစ်များတွင် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မီတီ အထွေထွေ အတွင်းရေးမှူး တာဝန်ကို (၂) နှစ်တာ ထမ်းဆောင် ခဲ့သည်။

             ၁၉၇၁ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ရောင်းရင်းအချို့နှင့်အတူ မွန်အမျိုးသား လွတ်မြောက်ရေး အတွက် မွန်ပြည်သစ် ပါတီသို့ ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ် ပထမအကြိမ် ဗဟိုဦးစီးညီလာခံတွင် ပါတီဗဟိုကော်မီတီဝင် တဦး အဖြစ်လည်းကောင်း၊ ၁၉၇၃ ခုတွင် ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်တဦးအဖြစ် လည်းကောင်း၊ တာဝန်ထမ်းဆောင် လာခဲ့သည်။  ၁၉၈၁ ခု မွန်ပြည်သစ်ပါတီ နှစ်ဖွဲ့ ဖြစ်သည့်အခါတွင် ဥက္ကဋ္ဌကြီး နိုင်ရွှေကျင် ဦးဆောင်သော အဖွဲ့တွင်ပါဝင်ခဲ့ပြီး ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၇ ခု ပါတီနှစ်ဖွဲ့ ပြန်လည် ပေါင်းစည်းသည့် အခါတွင် ဗဟိုတွဲဖက် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ရသည်။

             ၁၉၈၉ ခု ပထမအကြိမ် ပါတီ ညီလာခံတွင် ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ရွေးချယ်ခြင်း ခံရပြီး ၂၀၀၃ ခုနှစ်ဆန်းအထိ ၄င်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခု ဧပြီလတွင် ဒု-ဥက္ကဋ္ဌ (၂) တာဝန်ကို ယူခဲ့ရပြီး ၂၀၀၆ ခုနှစ်တွင် ပါတီ၏  ဒု-ဥက္ကဋ္ဌအဖြစ် ကွယ်လွန်သည် အထိ တာဝန် ထမ်းဆောင်လာခဲ့သည်။

             မွန်ပြည်သစ် ပါတီအတွင်း တာဝန် ထမ်းဆောင် ခဲ့စဉ် အထက်အောက် ခေါင်းဆောင် ရဲဘော်များနှင့် ပြေပြစ်စွာ ဆက်ဆံ တတ်သူ၊ ပြည်သူများအား လေးစားစွာ ဆက်ဆံ တတ်သူဖြစ်ပြီး၊ အခွင့်ထူးမခံသော တော်လှန်ရေးသမား ဆန်သူ တစ်ယောက် ဖြစ်သည်။ နိုင်ငံရေး သဘောတရား စာပေများ၌ လေ့လာမှုအားကောင်းပြီး မွန်၊ ဗမာ နှစ်ဘာသာစလုံးဖြင့် ကဗျာ၊ ဆောင်းပါး ကျေညာချက်များ ရေးသားရာတွင် ထူးချွန်ပြောင်မြောက်သူ တစ်ယောက်ဖြစ်သည်။ မွန်ပြည်သစ်ဂျာနယ်တွင် မင်းဆွေယဉ်၊ မင်းဆွေငယ်၊ မင်းမင်းငယ်၊ ရဲဘော်ရော့စ(ရဿ)၊ ရဲဘော် တနိုင်းရွတ် စသည့် ကလောင် နာမည် များဖြင့် ရေးသား ခဲ့သည်။ 

             နိုင်ငံရေး သဘောတရား လေ့လာမှု အားကောင်းသည့် အလျှောက် နိုင်ငံရေး သင်တန်းများတွင် သင်ကြား ပို့ချ ခဲ့ရသည်။ မှတ်မှတ်ရရ ၄င်းခံယူပြောဆိုခဲ့သည့်စကား တစ်ခွန်းမှာ " တော်လှန်ရေး သမား တဦးရဲ့ တန်ဖိုးဟာ တော်လှန်ရေးအတွက် အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်လွှတ်မှုနဲ့  သဘောထားမှန်ကန် ခိုင်မာမှုအပေါ် မူတည်တယ်" ဟူ၍ ဖြစ်သည်။ ၄င်းပြောဆိုခဲ့သည့် စကားအတိုင်းလည်း ရပ်တည် ကျင့်ကြံ လုပ်ဆောင် ခဲ့သည်။ ၄င်းသည် ပင်ကိုယ် အရ စိတ်ထားကောင်းသူ၊ စာရိတ္တကောင်းသူ အေးအေး ဆေးဆေး နေတတ်သူဖြစ်ပြီး ဂီတ အနုပညာ တို့တွင်လည်း ဝါသနာထုံသူ တဦး ဖြစ်သည်။ 

             ၂၀၁၃ ခုနှစ်ဆန်းမှ စ၍ လည်ပြွန်တွင် ကင်ဆာရောဂါ ဝင်ရောက်စွဲကပ် ခဲ့ပြီး ဘန်ကောက်မြို့ ဆေးရုံတွင် သွားရောက် ကုသခဲ့သည်။ သို့သော်လည်း ဇွန်လ (၁၅) ရက်နေ့ည (၈) နာရီ (၂၃) မိနစ် (ထိုင်းစံတော်ချိန်) တွင် ထိုင်းနိုင်ငံ စံခလပူရီမြို့ ဆေးရုံ၌ ရာမညမွန်ပြည် အတွက် အသက်ပေးလှူသွားပါသည်။

             အသက် (၆၇) နှစ် အရွယ် ၄င်းကွယ်လွန်သွားသည့် အချိန်တွင် ဇနီး မိတနိုင်းဗလွယ်၊ သမီး မိအွန်းရင်း၊ မိအွန်းပွန်း၊ မိနွန်ရော့၊ မိစမ္ပါရော့ နှင့် သား မင်းပိုင်ရော့ တို့ ကျန်ရစ် ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။