Saturday, February 28, 2015

ဝ ၊ မိုင်းလား နှင့် RCSS တို့အား တနေ့ တိုက်ခိုက်ရမည်ဟု တြိဂံတိုင်းမှူးပြော

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် တြိဂံ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ထွန်းဦးက ဝ၊ မိုင်းလားနှင့် RCSS/SSA တပ်ဖွဲ့တို့ အကြောင်းပြောဆိုခဲ့ပြီး ၎င်းတို့အဖွဲ့များအား တနေ့တချိန်ချိန်တွင် တိုက်ခိုက်ချေမှုန်းပစ်ရမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ကျိုင်းတုံမြို့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ မိုင်းယန်းမြို့သို့ တြိဂံတိုင်းမှူး ရောက်ရှိခဲ့ပြီး ဒေသအတွင်းက ဌာနဆိုင်ရာဝန်ထမ်းများအား မွန်းလွဲ ၁ နာရီ ၂ နာရီ အထိတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ်တိုင်းမှူးက ဦးစွာမိတ်ဆက်စကား ပြောဆိုပြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဖြစ်သည့် ၀ ၊ မိုင်းလား၊ ကိုးကန့်တို့အား တရုတ်ကွန်မြူနှစ်လက်ကျန် မူးယစ်ဆေးဝါးရောင်း ဝယ်ဖေါက်ကားသည့် တပ်ဖွဲ့များဖြစ်ကြောင်း ပုတ်ခတ်ပြောဆိုခဲ့သည်ဟု တက်ရောက်သည့် အမည် မဖေါ်လိုသူ ဝန်ထမ်းတဦးကပြောသည်။

“မိုင်းလားတပ်ဖွဲ့က ဦးဖုန်ကြားရှင်းကို ထောက်ပံ့မှုပေးနေတယ်။ တပ်မမှူးအဆင့် ဦးဆောင်တဲ့ တပ်ဖွဲ့ တခု ကိုးကန့်သောင်းကျန်းသူတွေကို စစ်ကူပေးနေတယ်။ ယောက္ခထီးဖြစ်သူ ဖုန်ကြားရှင်း ကို မိုင်းလားခေါင်းဆောင် စိုင်းလင်းက လက်ခံထားတယ်။ ၀ တပ်ဖွဲ့ ဆိုတာကလဲ ဒီလိုဘဲ ကွန်မြူ နစ်လက်ကျန်တွေ။ မိုင်းဖျန်၊ မိုင်းပေါက် ပန်ဆန်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ပြီး ထိုင်း၊ တရုတ် နဲ့ မြန်မာပြည် ကိုပို့ရောင်းနေတယ်။ မကြာခင်တုန်းက မိုင်းဖြတ်မှာ ဖမ်းမိတယ် ၀ တပ်မှူးနဲ့အတူ ဘိန်းဖြူတွေ --- စတာတွေပြောသွားတယ် ” ဟု   အစည်းဝေးတက်ရောက်သူတဦးကပြောသည်။

“အာစီအက်အက်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတဲ့။  နာမည် ကိုက ဟုတ်ကိုမဟုတ် ဘူး။ ဘာကိုထူထောင်မလဲ။ တိုင်းပြည်တခုမှာ တပ်မတော်တခု၊ အုပ်ချုပ် မင်းလုပ်တဲ့ အစိုးရလဲ တခုတည်းဘဲရှိရမယ်။ ဒီတိုင်းသွားမယ်ဆိုရင်မရဘူး။ တနေ့နေ့  ရှင်းပစ်ရ မှာဘဲ” - စသဖြင့် ဆက်ပြောသည်ဟု ဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းမှူး ဗိုလ်ချုပ်မြတ်ထွန်းဦးက ၎င်းသည် သျှမ်းပြည်မှာ တာဝန်ထမ်း ဆောင်လာရသည်မှာ ၁၀ နှစ်ကျော်နေပြီဖြစ်ကြောင်း၊ သျှမ်းပြည်အရှေ့ပိုင်းမရောက်ခင် သိန္နီ စကခ ၁၆ တွင် ၂ နှစ်ကျော်၊ မိုင်းဖြတ် စကာခ ၁၈ တွင် ၃ - ၄ နှစ် တာဝန်ထမ်းဆောင်ပြီး လက်ရှိကျိုင်းတုံ စစ်တိုင်းရုံးတွင် ၄ နှစ်ကျော်တာဝန်ထမ်းဆောင်သည်ဟု တက်ရောက်သည့် ဝန်ထမ်းများသိရှိစေရန် မိတ်ဆက်စကားခဲ့ကြောင်း သိရပါသည်။

1 comment:

  1. ကောင်းလိုက်တဲ့ သတင်း

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။