Wednesday, February 4, 2015

အမျိုးသားရေးအတွက်လုပ်တယ်ဆိုတာ ပြည်သူကနားလည်လက္ခံဖို့ဘဲလိုတယ် (SNLD ပါတီ သျှမ်းပြည်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလင်းမြတ် နှင့်အင်တာဗျူး )

(သျှမ်းသံတော်ဆင့်)

တောင်ကြီးမြို့နယ် SNLD ပါတီ၏ အလုပ်အမှုဆောင် အသစ်ရွေးချယ်တင်မြှောက်ခြင်း အစည်း အဝေး အား ဂျန္နဝါရီ (၃၁) ရက်နေ့က SNLD တောင်ကြီးဥက္ကဌ၏ နေအိမ်တွင်ကျင်းပခဲ့သည်။  ၂၀၁၅ ရွေးကောက်ပွဲ အတွက် တောင်ကြီး မြို့နယ် (SNLD) ပါတီဝင်များ၏လှုပ်ရှားမှု၊ ရှေ့လုပ်ငန်း စဉ်များ နှင့်ပတ်သက်၍ သျှမ်းပြည်တောင်ပိုင်းကိုယ်စားပြု ပြောခွင့်ရ ဦးစိုင်းလင်းမြတ် အား သျှမ်းသံတော်ဆင့်က သွားရောက်မေးမြန်းခဲ့ပါသည်။

မး ။ ။ တောင်ကြီးမြို့နယ် (SNLD) ပါတီရဲ့ အလုပ်အမှုဆောင်အသစ်ပြန်လည်ရွေးချယ်တဲ့ အစည်းအဝေးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ထူးခြားတဲ့ဆုံးဖြတ်ချက်များရှိပါသလား။

ဖြေ ။ ။ ဒီအစည်းအဝေးရဲ့ထူးခြားချက်ကတော့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ (SNLD) ပါတီ တောင်ကြီးမြို့နယ်အနေနဲ့ ရှိသမျှနေရာအကုန်လုံးဝင်ပြိုင်မယ်။ ၀င်အရွေးခံချင် တဲ့လူသည် SNLD ပါတီဝင် ဖြစ်ရင်ရပြီ။ အရည်အချင်းလည်းရှိမယ်၊ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှုရှိမယ်၊ အများကလည်းလက္ခံမယ်ဆိုရင် ကျနော်တို့ ကျား ခေါင်း (SNLD) ပါတီအနေနဲ့ ယှဉ်ပြိုင်လို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မိမိကိုယ်ကိုယ်မိမိလည်း အဆိုတင် သွင်းလို့ရတယ်ဆိုပြီး SNLD ပါတီရဲ့တောင်ကြီးမြို့နယ်အနေနဲ့ လုပ်ပိုင်ခွင့်ရှိ တာတွေကို ကြေငြာတာပါ ။ ဗဟိုကလည်း ၀င်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးပြီ ။


မေး ။ ။ အရင်က၂၀၀၈ အခြေခံဥပဒေကိုပြင်မှ SNLD ပါတီက ရွေးကောက်ပွဲဝင်ပြိုင်မယ် လို့သိထား ကြပြီးခု ၀င်ပြိုင် မယ်ဆိုတော့ ၂၀၀၈ ကို တကယ်ပဲ ပြင်နေကြပြီလို့ယုံကြည်တာလား။

ဖြေ ။ ။ ၂၀၀၈ ဥပဒေကို လွှတ်တော်ထဲမှာ ကော်မတီကော်မရှင်တွေဖွဲ့ပြီး ပြင်နေကြပြီ ပြင်ဖို့ကို သွားနေကြပြီပေါ့။ ပြင်လို့ဖြစ်ခြင်းမဖြစ်ခြင်းကတစ်ပိုင်း။ ဘယ်ပုဒ်မတွေကိုပြင်မယ်ဆိုတာ အကြိတ်အနယ်ဆွေးနွေးနေကြပြီ ပြင်တဲ့လမ်းကို သွားနေပြီဖြစ်တဲ့အတွက် ကျနော်တို့ဝင်ပြိုင်တယ်။
  


မ ။ ။ SNLD တောင်ကြီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ရဲ့ လှုပ်ရှားမှုလေးသိပါရစေ ။
ဖြေ ။ ။ ရွေးကောက်ပွဲကလည်းနီးနေပြီဆိုတော့ အခုအသစ်ဖွဲ့လိုက်တဲ့အလုပ်အမှုဆောင် အဖွဲ့ဝင် တွေရဲ့တာဝန်တွေကို အချိန်ဇယားစွဲ၊ စည်းရုံးရေးဆင်းမယ်။ မူဝါဒတွေ ချပြမယ်။ တာဝန်အလိုက် ပေါ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတာ တွေ လှုပ်ရှားမယ်ပေါ့ အရင်ကလည်းဒါတွေလုပ် နေကျ ဖြစ်သလို အခုပိုလုပ်ဖြစ်တော့မယ်။ အချိန်အားဖြင့်လည်းနီးကပ် လာပြီလေ ။


မေး ။ ။ ကျားဖြူ (SNDP) ပါတီ မှာရှိတဲ့ လွှတ်တော်ထဲရောက်နေကြတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ ကျားခေါင်း (SNLD)ပါတီကို ပြောင်းလာတဲ့အပေါ်ဘယ်လိုမြင်လဲ။ လက်ရှိဘယ်နှစ်ဦး လောက်ရှိပြီလဲ။
ဖြေ ။ ။ SNLD ပါတီရဲ့ မူဝါဒလမ်းစဉ်ကိုယုံကြည်လို့ သူတို့ပြောင်းလာတာမိမိအခွင့်အရေးအရ ကိုယ်ကြိုက် တဲ့ ပါတီကို ပြောင်းခွင့်ရှိတယ်။ ဒါကို အမျိုးသားသစ္စာဖောက်လို့ပြောတဲ့ သူတွေက ပြောနေကြတယ်။ နည်းမျိုးစုံနဲ့ ပုဂ္ဂိုလ်ရေးအရပုတ်ခတ်နေတာတွေလည်း ရှိပါတယ်။ ဒါတွေကို သိပ်ဂရုစိုက်စရာမရှိပါဘူး။ကိုယ့်အမျိုးသားရေးအတွက် ကိုယ်လုပ်နေတယ် ဆိုတာ ပြည်သူတွေက နားလည်လက္ခံရင်ပြီးပြီ။ နိုင်ငံရေးကို ခုတုံးလုပ်ပြီးလုပ်စားနေတဲ့လူတွေလည်းရှိတယ်။ ဗိုလ်ချုပ် ဆေထင် ပြောခဲ့တဲ့စကားလိုပဲ ဆိတ်ခေါင်းပြပြီး ခွေးသားလိမ်မရောင်းပါနဲ့ ဆိုတဲ့စကားအတိုင်း ပေါ့။ အမျိုးသားရေးလုပ်နေပါတယ် ဆိုပြီး ကိုယ့်အကျိုးစီးပွားကနေကို မတက်ဘူး။ ကိုယ်စားလှယ် တွေပြောင်းလာ တဲ့အတွက် ကြိုဆိုပါတယ်။ လက်ရှိပြောင်းလာတာကိုယ်စားလှယ်တွေ (၁၄) ယောက်ရှိပြီ။


မေး ။ ။ အရင်တုန်းက SNLD ပါတီအနေနဲ့လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေမရှိခဲ့ဘူး ။ အခု SNLD ပါတီ အနေနဲ့ လွှတ်တော်ထဲမှာကိုယ်စားလှယ်တွေရှိနေပြီဖြစ်တဲ့အတွက် ပါတီအတွက် ဘာများအထောက်အပံ့ဖြစ်စေလဲ။

ဖြေ ။ ။ ပြောင်းလာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်တို့မူဝါဒနဲ့ကိုက်ညီတဲ့ ကျနော်တို့် သျှမ်းပြည်အတွက် အထောက်အကူပြုမယ့် မေးခွန်းတွေ အကြောင်းအရာတွေ လွှတ်တော်ထဲမှာ တင်ပြမယ်။ပြီးရင်ဆောင်ရွက်မယ်။ ဒီလို တွေတော့ရှိပါတယ်။


မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်သေးလည်း။

ဖြေ ။ ။ SNLD ပါတီရဲ့မူအတိုင်းတန်းတူရေးကိုသွားမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ နိုင်ငံ စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စု ဒါတွေပေါ်မှာပဲ တစိုက်မတ်မတ်ဦးတည်ပြီး ကျနော်တို့ သွားမှာဖြစ်တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။