Wednesday, February 4, 2015

မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် လွယ်ဆာရွာနှင့် အံ့ဖွယ်တောင်အကြား မြန်မာ့တပ်မ တော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံ များ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ဖေဖော်ဝါရီလ ၂ရက် ၂၀၁၅ တွင် နံနက်(၈)နာရီ မှ (၈)နာရီ မိနစ်(၂၀)ခန့် တစ်ကြိမ် ညနေ (၃) နာရီမှ (၅) နာရီထိ တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ဖောဖော်ဝါရီလ ၃ရက်၂၀၁၅ တွင်မူ နံနက် (၁၀) နာရီ မှ ညနေ (၂)နာရီ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၃) ရက်နေ့တွင်မူ စစ်ရဟတ်ယာဉ်ကြီးများဖြင့် ရောကတ် ဒုံးကျည် (၁၅)လုံး ပစ်ခတ်ပြီး မြေပြင်နှင့် ဝေဟင် ပူးပေါင်း စစ်ကြောင်းဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်းကြား သိရသည်။

မြန်မာ့တပ်မတော်ဘက်မှ တပ်မ နှစ်ခုပေါင်း ထားခြင်းဖြစ်ပြီး တပ်မ(၈၈) နှင့် တပ်မ(၇၇) နှစ်ခုစလုံး မိုးမိတ် အခြေစိုက် တအာင်းတပ်မတော်နှင့် ပစ်ခတ်မှုဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

မန္တလေး အခြေစိုက် မြန်မာ့စစ်ကြောင်း ဘက်မှလည်း ၀င်ရောက် ကူညီအင်အားဖြည့်ခဲ့သေးကြောင်း ကြားသိရကာ စစ်ရဟတ်ယာဉ် (၄) စီးခန့် လာရောက် ပစ်ခတ်ခြင်းဖြစ်ပြီး၊ ခြေလျင်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် တစ်ရပ်စပ် ပစ်ခတ်နေကြောင်း ကြားသိရသည်။

ယခုအချိန်တွင် မိုးမိတ် လေယာဉ်ကွင်းအတွင်း ဂျက်လေယာဉ် (၃)စီးလည်း အရံသင့် ရပ်နားထားကြောင်းလည်း သိရသည်။ ယင်းပစ်ခတ်မှုကြောင့် မိုးကုတ် ပြည်သူ့ဆေးရုံတွင် လွယ်ဆာကျေးရွာမှ တအာင်းမိသားစု တစ်စု ထိခိုက်ခဲ့ပြီး မိခင်ဖခင်နှင့် ကလေး အပါ သားအမိ၊သားအဖ (၃) ဦး ထိခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

လွယ်ဆာ ကျေးရွာမှ ဒေသခံ (၅၈) ဦးခန့်လည်း ကျေးရွာ အပြင်ရောက်နေသဖြင့် လက်နက်ကြီးဘေးဒဏ်မှ လွတ်မြောက်ရန်အတွက် မိုးကုတ်မြို့ဘက်သို့ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် ထွက်ပြေး ခိုလှုံနေရကြောင်းလည်း ကြားသိရသည်။

ထို့အပြင် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ညနေ ၆ နာရီခန့်ဝန်းကျင်၌ စစ်အင်အား နှင့်လက်နက်အင်အား ဖြည့်တင်းရန်အတွက်အရေးပေါ် ဆင်းသက်၍ ဆက်လက် ထွက်ခွာသွားကြောင်း လည်းသိရသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် အချို့လည်း ထက်မံအင်အားဖြည့် လိုက်ပါသွားဟန် ရှိသဖြင့် စစ်တပ်သုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် အတော်များများ ညနေ (၇) နာခွဲ ထိ ဆက်လက် ပျံသန်းနေဆဲဖြစ်သည်။

ဒေသခံ လုံခြုံရေး အခြေအနေစိုးရိမ်နေရပြီး လွယ်ဆာကျေးရွာအတွင်း၊ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများ ကိုအရေးပေါ် ရှာဖွေကြကာ ဘေးလွတ်ရာနှင့် လုံခြုံရာသို့ရွှေ့ပြောင်းထားရကြောင်းကြားသိရ သည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင် ရှိသောနှစ်ဘက် တပ်မှ ထိခိုက်ကျဆုံးမှုသတင်းကိုမူ ယခုထိ မသိရှိရ သေးပါ။

လူအခွင့်အရေးမှတ်တမ်းနှင့် သတင်းသုတေသနဌာန
သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းစဉ်

အရင်းအမြစ်--- TSYO

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။