Thursday, February 19, 2015

ကြက်ခြေနီ အလံတပ်ထားတဲ့ ယာဉ်တန်းကို ပစ်တာကတော့ မလုပ်သင့်ပါဘူး၊ ပြည်သူတွေအများကြီး ပါလာတဲ့ ယာဉ်တန်းပါ

(Mizzima)

အီးပီးအေ ဓာတ်ပုံ သတင်းထောက် ကိုလင်းဘိုဘိုနှင့် မေးမြန်းခြင်း။
ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက် နက်ကိုင်တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရတပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က စတင်၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မြို့မှ စစ်ဘေးရှောင် ဒုက္ခသည်များကို ကြက်ခြေနီအဖွဲ့က သွားရောက်ကယ်ဆယ်ပြီး အပြန်ခရီးတွင် ကြက်ခြေနီယာဉ်တန်း ကို တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။


အဆိုပါယာဉ်တန်းတွင် လိုက်ပါသတင်းရယူခဲ့သည့် အီးပီအေမှ ဓာတ်ပုံ သတင်းထောက် ကိုလင်းဘိုဘိုကို အခင်းဖြစ်ပွားသည့် အတွေ့အကြုံများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်များထဲမှ ကောက်နုတ်တင် ဆက်လိုက်ပါသည်။
အမေး။ ။ မနေ့က ကြုံတွေခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြပါဦး။
အဖြေ။ ။ မနေ့က လောက်ကိုင်ကနေ ပြန်လာတဲ့အခါ စစ်ဘေးရှောင်သူတွေ အပါအဝင် လူပေါင်း ခန့်မှန်းခြေ ၃ဝဝ ဝန်းကျင်လောက်ကို တင်ဆောင်လာတဲ့ ကား ကိုးစီး ကြက်ခြေနီ အလံတွေလွှင့်ထားတဲ့ ကားတွေပါ။ လောက်ကိုင်ဘက်က အထွက်လောက်မှာ သေနတ်သံတွေကြားလို့ ကားကိုခဏ ရပ်ပါတယ်။ ပြီးတော့ပြန်ထွက်ပြီး ခဏလောက်အကြာမှာ ပစ်ခံရတာပါ။
ဒရိုင်ဘာက ကားမှန်ကွဲစ မျက်လုံးထဲ ဝင်သွားပါတယ်။ ခေါင်းခန်း
ထဲပါလာတဲ့ နောက်အမျိုးသား တစ်ဦးက ဗိုက်ထဲကို ကျည်ဝင်သွားပါတယ်။ နောက်ပြီး ယာဉ်တွေမှာလည်း သေနတ်ပစ်ထားတဲ့ ကျည်ဆံရာတွေ အများကြီးပါပဲ။
အမေး။ ။ အဲဒီယာဉ်တန်းမှာ သတင်းသမား ဘယ်နှယောက် ပါဝင်ပါသလဲ။
အဖြေ။ ။ မောင်းလာတဲ့ ယာဉ်တန်းမှာ သတင်းထောက် ငါးယောက်ပါပါတယ် Eleven၊ ဒီဗွီဘီ၊ 7Day နဲ့ တခြားသ တင်းဌာနတွေ ပါပါတယ်။
အမေး။ ။ ကိုလင်းဘိုက ဒဏ်ရာရတဲ့သူတွေကို ကယ်ဆယ်နေတဲ့ပုံတွေ အများကြီးတွေ့ရပါတယ်။ အဲဒီတုန်းက ဘယ်လိုကြောင့် ဒီလိုလုပ်ဖြစ်သွားတာလဲ။
အဖြေ။ ။ ဒဏ်ရာရတဲ့သူကို ဝင်ကယ်တဲ့အချိန်မှာ လူသားချင်း စာနာတဲ့စိတ်နဲ့ လူလူချင်းလို့ အောက်မေ့ပြီး ဝင်ကယ်တာပါ။ နောက်သတင်းထောက် တစ်ယာက်လည်း ပါပါတယ်။ ကျွန်တော့်ခေါင်းမှာတော့ ကျည်ကာဦးထုပ် ဆောင်းထားပါတယ်။
အမေး။ ။ ကြက်ခြေနီယာဉ်တန်းကို ဘယ်ဘက်က ပစ်ခတ်တယ်လို့ ယူဆပါသလဲ။
အဖြေ။ ။ လက်နက်နဲ့ ပစ်တာတော့ ကိုးကန့်ဘက်က ပစ်တယ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ ယာဉ်တန်းရဲ့ အရှေ့ ဘက်ခန့်မှန်းခြေ ခြောက်မိုင် နီးပါးလောက်မှာ စစ်တပ်အဖွဲ့တွေ တက်လာတာ ရှိပါတယ်။
နောက်ပြီး ပြန်လာတဲ့အချိန်မှာ စစ်တပ်နဲ့ တောက်လျှောက် အဆက်အသွယ်ရှိတဲ့အတွက် စစ်တပ်က မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကြက်ခြေနီအလံ တပ်ထားတဲ့ ယာဉ်တန်းကို ပစ်တာကတော့မလုပ် သင့်ပါဘူး။ ပြည်သူတွေ အများကြီးပါလာတဲ့ ယာဉ်တန်းပါ။
အမေး။ ။ အရင်က ရခိုင်ပဋိပက္ခမှာလည်း သတင်းယူဖူးတယ်ဆိုတော့ အခုအတွေ့အကြုံက ဘယ်လိုကွာခြား မှုရှိလဲ။
အဖြေ။ ။ ရခိုင်ပဋိပက္ခဖြစ်စဉ်နဲ့ ယှဉ်ရင် သတင်းယူရတာ ဘာကွာခြားမှုရှိလဲဆိုတော့ သိပ်တော့ကွာခြားချက် မရှိပါဘူး။
ရခိုင်မှာတုန်းကလဲ ပဋိပက္ခတွေ ပစ်ခတ်မှုတွေကြားမှာ သတင်းယူခဲ့ရပါတယ်။ အခုဒီမှာလည်း နှစ်ဘက် ပစ်ခတ်နေတဲ့ အလယ်ကို မဝင်ရဘူးဆိုပေမယ့် နယ်မြေ မငြိမ်းချမ်းဘူးဆိုတော့ အန္တရာယ်များပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။