Friday, February 13, 2015

စစ်ပွဲများ ချက်ချင်း ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေး ကြရန် ကိုးကန့် ပါတီ တောင်းဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းခရိုင်အတွင်း မြန်မာအစိုးရတပ်မတော် နှင့် ဖုန်ကြားရှင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ဒေသခံလူထုသောင်းချီ နေရပ်မှစွန့်ခွာနေရသည့်အတွက် ပြည် ထောင်စုကို ချစ်မြတ်နိုးသောစိတ်ဓါတ်ဖြင့်စစ်ပွဲချက်ချင်းရပ်တန့်ရန်  သျှမ်းပြည်ကိုးကန့် ဒီမိုကရက် တစ်ပါတီက တောင်းဆိုလိုက်ပါသည်။

လက်ရှိအနေအထားအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာအစိုးရ တပ်မတော် နှင့် ကိုးကန့်တပ်ဖွဲ့(မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ် ပေါင်းစု MNDAA) တို့ ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့နယ်အတွင်း ဖေဖေါ်ဝါရီ  ၃ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွား ခဲ့သည်။


တိုက်ပွဲကြောင့် ဒေသခံ ရပ်ရွာ နေအိမ်ဈေးဆိုင်များ ပျက်စီးဆုံးရှုံး သည့်အပြင် နှစ်ဘက်စစ် သည်များလည်းသေကြေဒဏ်ရာရရှိခဲ့ကြသည်။


လောက်ကိုင်ဒေသမှစစ်ဘေးဒဏ်ထိ ဒေသခံထောင်ချီသည် လားရှိုးမြို့သို့ စစ်ဘေးရှောင် ရောက် ရှိနေကြကြောင်း မန်ဆူဘုရားကျောင်းဝင်းတွင်လည်း စစ်ဘေးဒုက္ခသည်များ ဖြင့်ပြည့်နေကြောင်း လားရှိုးဒေသခံများကပြောသည်။


ထို့အတွက်တိုက်ပွဲအမြန်ဆုံးရပ်တန့်ပါရန် သျှမ်းပြည်ကိုး ကန့်ဒီမိုကရက်တစ်ပါတီ ဉက္ကဌ ကဆိုသည်။


“တဘက်ကိုတဘက် အပြစ်ရှာ ရန်ရှာတိုက်ခိုက်နေတာတွေ ရပ်တန်းကရပ်သင့်ပြီ၊ ပြည်သူလူထု တရပ်လုံးရဲ့ အသက်အိုးအိမ်ကိုကာကွယ်ဖို့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးရဲ့  တာဝန်ဖြစ် တယ်။ တိုက်ပွဲတွေရပ်ပြီး အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်” - ဟု သျှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဉက္ကဌ ဦးဆန်တိုနီက ပြောသည်။


ဖေဖေါ်ဝါရီလ ပထမပတ်မှယနေ့အထိ သျှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းခရိုင် လောက်ကိုင် မြို့နယ် အတွင်း မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု MNDAA နှင့် မြန်မာအစိုးရ တပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား၏။ တိုက်ပွဲကြောင့် မြန်မာအစိုးရ တပ်မတော် အရာရှိ ၅ ဦး စစ်တည် ၄၇ ဦး သေဆုံးသည်ဟု မြန်မာ့အသံရုပ်မြင်သံကြားက ထုတ်ပြန်ကြေငြာသည်။


၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်လက်မခံသည့်    ဖုန်ကြားရှင်း ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့အား မြန်မာစစ်အစိုးရကအင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအား အစိုးရ လက်အောက်ခံ ပိုင်ဆုံချိန်အား လွှဲအပ်ပေးခဲ့သည်။


ဖုန်ကြားရှင်းကိုယ်တိုင်လည်း မွေးရပ်မြေမှထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး  ၆ နှစ်တာကာလအတွင်း အင်အားပြန်လည်စုစည်းကာ အစိုးရ၏ တပ်မတော်ကို ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။