Thursday, April 3, 2014

အဓမ္မစစ်မှုထမ်းခိုင်း၍ ပလောင်ဒေသရှိ လီဆူးတိုင်းရင်းသားများ ရွာလုံးကျွတ် ထွက်ပြေး

(The Voice Weekly)

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာအုပ်စု တာလတ်ကျေးရွာတွင် ပလောင် စကားပြော လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က အဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်နေပြီး စစ်မှုထမ်းရန် ငြင်းဆန်သူများကို သတ်ပစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကာယကံရှင် လီဆူး တိုင်းရင်းသားများထံမှ သိရှိရသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ တာလတ်ကျေးရွာက အိမ်တစ်အိမ်လျှင် လူတစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရမည်ဟု ဆင့်ခေါ်ခဲ့ပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ပေးရန် သွားရောက် တောင်းပန်သည့် ရွာလူကြီး ဦးမောင်စိန်နှင့် ၎င်း၏ တူတော်စပ်သူ ဦးစိုင်းမြင့်အောင်တို့ကို လက်နက်ကိုင်များက သတ်ဖြတ်ခဲ့ကြောင်း တိမ်းရှောင်လာသူတစ်ဦးက ပြောကြားသည်။


ထွက်ပြေး လာသူများသည့် လီဆူး တိုင်းရင်းသား ၂၅၀ ကျော်သည် လားရှိုးမြို့နှင့် ၁၀ မိုင်ဝန်းကျင် ဝေးကွာသည့် အီနိုင်း ကျေးရွာတွင် ခိုလှုံနေကြကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သည့် လေးလခန့်ကစတင်ကာ ပြောင်းရွှေ့လာခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သူတို့က တစုတဝေးတည်း ရောက်လာကြတာတော့ မဟုတ်ဘူး။ တဖြည်းဖြည်းချင်း ရောက်လာကြတာပါ” ဟု အီနိုင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လီဆူး တိုင်းရင်းသားများမှာ လူနည်းစုဖြစ်ပြီး စစ်မှုမထမ်းဘဲ တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ချင်သည်ဟု သွားတောင်းပန်သည့် ဦးမောင်စိန်နှင့် ဦးစိုင်းမြင့်အောင်တို့ကို ကျေးရွာအစပ်ရှိ လက်ဖက်ပင်တွင် ကြိုးတုပ်ကာ သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း လီဆူး တိုင်းရင်းသားတစ်ဦးက ဆိုသည်။
“ရွာထဲမှာ နောက်ထပ် သတ်ရမယ့် လူတွေလည်း ရှိသေးတယ်လို့ ကြိမ်းမောင်းတဲ့အတွက် ကျွန်တော်တို့ ကြောက်ပြီး ထွက်ပြေးလာတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အီနိုင်းကျေးရွာသို့ တိမ်းရှောင်လာသည့် လီဆူး တိုင်းရင်းသား အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ၂၅၄ ဦးအထိ များပြားလာသဖြင့် နေရာထိုင်ခင်းနှင့် အစားအသောက်များအတွက် အခက်အခဲ ဖြစ်ပေါ်နေပြီး တိမ်းရှောင် လာသူများတွင် ကလေးငယ် ၈၅ ဦး ပါဝင်ရာ ယင်းကလေးငယ်များ ပညာသင်ကြားရန် အတွက်လည်း အခက်အခဲ ဖြစ်ကြောင်း အီနိုင်းကျေးရွာမှ ဒေသခံများက ပြောဆိုကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။