Monday, April 21, 2014

RCSS/SSA ထံ တိုက်ယူသည့် စခန်းနှစ်ခုအား UWSA သို့ အစိုးရတပ်လွှဲပေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တပ်မတော် RCSS/SSA ထံမှ တိုက်ယူသည့် မိုင်းတုံမြို့နယ်အတွင်းက တပ်စခန်းနှစ်ခုအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံသို့ မြန်မာအစိုးရတပ် လွှဲအပ်ပေးလိုက်သည်ဟု ဒေသအတွင်း သတင်းရပ်ကွက်က ပြောသည်။
UWSA သို့ ပေးလိုက်သည့် တပ်စခန်းနှစ်ခုမှာ မတ်လနှောင်းပိုင်းက အစိုးရတပ် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လွယ် လိတ်စီး နှင့် လွယ်ပန်းတုန်း တပ်စခန်းများ ဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် အရာရှိကြီးတဦးကပြော သည်။



လွယ်လိတ်စီးနှင့် လွယ်ပန်းတုန်း တပ်စခန်းအား RCSS/SSA နှင့် UWSA တို့ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ပြဿနာဖြစ်ပွားပြီးနောက်ပိုင်း အစိုးရတပ်မှ UWSA ထံသို့ လွှဲအပ်ပေးလိုက် ခြင်းဖြစ်သည်ဟုဆိုသည်။

“ကျနော်တို့ဆီကနေ အသေခံပြီးလာတိုက်တယ်။ ပြီးတော့ ဝ ကိုပေးလိုက်တယ် ဆိုတာ မဟုတ်သေးဘူး လေ။ ဒီကိစ္စက ကျနော်တို့တပ်ဖွဲ့ကိုဖိနှိပ်ချုပ်ချယ်တယ်။ ဝ တပ်ဖွဲ့ကို အားပေးအားမြောက်တယ် ဆို တာ ရှင်းနေတာဘဲ။ မိုင်းပန်မြို့နယ်အတွင်း ကျနော်တို့ ထိန်းချုပ်နယ်မြေထဲက သစ် နဲ့ ရွှေလုပ်ငန်း လုပ်ကိုင်ခွင့်ပေးလိုက်တယ် ဆိုတာကလဲ ကျနော်တို့နဲ့ ဝ တပ်ဖွဲ့ ထိပ်တိုက်ဖြစ်အောင် ဖန်တီးပေးလိုက် တာဘဲ” - ဟု အမည်မဖေါ်လိုသည့် အဆိုပါအရာရှိကြီးက ပြောသည်။

 “ဦးပေါက်ယူချမ်းတော့ သျှမ်း နဲ့ ထိပ်တိုက်တွေ့မယ့်ကိစ္စ မကြိုက်ဘူး။ အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေ ရှင်းတယ်။ တောင်ပိုင်း ဝ တပ်ဖွဲ့အပေါ်  ဩဇာညောင်းတဲ့ ဝေရှော်ကန်းကြတော့ သျှမ်းကိုအမြင်မကြည် ဘူး၊ ဒါကို အစိုးရတပ်က အခွင့်ကောင်းယူပြီး မီးမွေးပေးနေတာ” - ဟု ဝ တပ်မှူး  သျှမ်းတပ်မှူးများ နှင့် ရင်းနှီးသည့် ဒေသအတွင်း ရပ်မိရပ်ဖတဦးက ပြောသည်။

ဧပြီ ၉ ရက်နေ့က မိုင်းပန်မြို့နယ်အတွင်း ဝ တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော်တို့ကြား ဖြစ်ပွား နေသော ပြဿများဖြေရှင်းပြီးကြောင်း နှစ်ဘက်ပြောဆိုသော်လည်း လက်တွေ့တွင်မူ သံလွင် အနောက်ခြမ်း ရောက်နေသည့် ၀ တပ်ဖွဲ့များအားလုံး တပ်ရုပ်ခြင်းမရှိသေးကြောင်း၊ တပ်ရုပ်ပြီးသည့်တပ်စခန်းအချို့ အားလည်း ထောင်ထားသောမြေမြှုပ်မှိုင်း များပေါက်ကွဲမှု  ကြောင့် အစားထိုးနေရာယူသည့် RCSS/SSA ရဲဘော်အချို့ထိမှန်ဒဏ်ရာရှိသည်ဟုဆိုသည်။

ထိခိုက် ဒဏ်ရာရရှိမှု သေဆုံးမှု နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရရှိပေ။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA တို့သည် သျှမ်းပြည်နယ်အတွင်း အင်အားအကြီးဆုံးဖြစ်ပြီး မြန်မာ အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။