Wednesday, January 15, 2014

ဒုတိယ ပင်လုံ ဖြစ်မြောက်သည်အထိ စစ်ရေး တောင့်တင်းဖို့ လိုကြောင်း RCSS နှစ်လည် အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော



ဒုတိယ ပင်လုံ ညီလာခံ ဖြစ်မြောက် သည် အထိ တပ်ပိုင်း စစ်ရေးပိုင်း တွင် အင်အားတောင့် တင်း ခိုင်မာ ထားဖို့ လိုအပ်ကြောင်း သျှမ်းပြည် ပြန် လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ် မတော် ခေါင်းဆောင် ဒုတိယ ဗိုလ် ချုပ်ကြီး ယွက်စစ် က ဌာနချုပ် လွယ်တိုင်းလျဲန်း တွင် ကျင်း ပသော ၂၀၁၃ နှစ် ပတ်လည် အစည်း အဝေး တွင် ပြောကြား လိုက်ပါသည်။


“နိုင်ငံရေး ပိုင်း နဲ့ စစ်တပ်ပိုင်း မရောထွေးစေ ဘဲ အပြန် အလှန် လေ့ လာပြီး လုပ်ဆောင်သွားဖို့၊ ဒုတိယ ပင်လုံ ညီလာ ခံပြီးလို့ တန်းတူညီမျှ အခွင့်အရေး ရပြီးမှသာ စစ်တပ်ပိုင်း ကဏ္ဌ ဆွေးနွေး ဆုံးဖြတ်ဖို့၊  အဲဒီအချိန် အထိ မိမိတို့ ဘက်က စစ်ရေးအင်အား ခိုင်မာတောင့် တင်းနေ ဖို့ လိုတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား သွားပါတယ်” - အစည်းအဝေး တက်ရောက်ခဲ့သည့် ထိပ်ပိုင်း အရာရှိတဦး က သျှမ်းသံတော်ဆင့် အားပြောပြသည်။



၂၀၁၄ ဂျန္နဝါရီလ  ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးတွင် ဗဟိုကော် မတီဝင်များ၊  ဗဟိုအလုပ်အမှုဆောင်နှင့် ဌာနမှူးများ၊ တပ်မှူးများနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ် များ အင်အား ၄၀၀ ကျော်  တက်ရောက် ကြောင်းသိရသည်။


အစည်းအဝေးမှ စစ်အရာရှိ ၄၀၀ ခန့်ကိုလည်း ရာထူးတိုးပေးမှု ရှိခဲ့သည်ဟု သိရှိရပါသည် ။


အဆိုပါ နှစ်ပတ်လည်အစည်းအဝေးမှ   ငြိမ်းချမ်းရေးတည်ဆောက်မှု အားသာချက်၊ အားနည်းချက်ပြန် လည်သုံးသပ်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားရပ်တည်ချက်၊ သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေအား လူထုထံ ချပြရှင်းပြရေးအချက်အပြင် နိုင်ငံရေးပြသနာကို ငြိမ်းချမ်းသောနည်း လမ်းဖြင့်ဖြေရှင်းသွားမည် အစရှိအချက်များ ပါဝင်သည့်ကြေငြာချက်ကို ထုတ်ပြန်လိုက်ပါသည်။


သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့်    ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်ထားသည်မှာ ၂ နှစ်ပြည့်ပြီဖြစ်ပါသည်။ သို့သော်   သဘောတူညီချက် လက်မှတ်ရေးထိုးထား သည့်အတိုင်း လက်တွေ့အကောင် အထည်ဖေါ်နိုင်ခြင်း မရှိသေးပဲ ယနေ့တိုင် ရင်ဆိုင်နေရသည့် တိုက်ပွဲ ပေါင်း အကြိမ် ၁၅၀ ထက်မနည်းရှိပြီဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။