Thursday, January 23, 2014

အမိုးတို့နယ်မြေ အေးချမ်းပါစေ၊ ဖိုးခွားတို့ ကရင်ပြည်ကြီးလည်း လွတ်လပ်ပါစေ

(Mizzima)

“အော်ဆူလာဆိုက်” “တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ကျန်းမာချမ်းသာကြပါစေ” “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ပါစေ” စသည့် ကရင်ကျေးရွာသူ၊ ကျေးရွာသား ကျောင်းသားကျောင်းသူများ၏ ကြွေးကြော်သံကို လမ်းတစ်လျှောက် ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ သူတို့မျက်ဝန်းတွေမှာ မျှော်လင့် ချက်ရောင်နီတွေ သန်းနေလေရဲ့။

တစ်မျှော်တစ်ခေါ် တောင်တန်းကြီးတွေအောက်က သောင်ရင်းမြစ်ကို မေးတင်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) ဌာနချုပ် စခန်းဖြစ်တဲ့ လေးဝါးစခန်း ဖြစ်ပါတယ်။ ဒီနေရာမှာ အခုဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် သမိုင်းဝင် လာဦးမယ့် ဆွေးနွေး ပွဲကျင်းပဖို့ နေရာတစ်ခု ဖြစ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။


ဒီနေရာကို ရောက်လာဖို့ ဘားအံကနေ လှိုင်းဘွဲ့၊ လှိုင်းဘွဲ့ကနေတစ်ဆင့် ကရင်ရွာကြီး၊ ရွာကလေးတွေ ကိုဖြတ်လို့ တောဖြတ် တောင်ကျော်ချောင်းကိုဝိုက် တောင်ခါးပန်းတွေကို တွားသွားရင်းနဲ့ တရွေ့ရွေ့ ခရီး ဆက် လာခဲ့လေပြီ။

ကရင်အမျိုးသား အစည်းအရုံးရဲ့ နှစ် (၆၀) ကျော်ကြာ လက်နက်ကိုင်တော်လှန် ရေးကာလမှာ သူတို့ရွာ လေးတွေ တိုက်ပွဲမြေပြင် ဖြစ်ခဲ့ရဖူးတယ်။ မီးလောင်ကျွမ်း ပြာကျခဲ့ရဖူးတယ်။ ငတ်တစ်နပ် ပြတ်တစ်နပ် နေခဲ့ကြဖူးတယ်။ မျှော်လင့်ချက် ရောင်ခြည်ကိုတော့ တောတန်းတွေကြားမှာ မျှော်လင့်ရင်း လမ်း လျှောက်ခဲ့ကြဖူးတယ်။

ဟောဒီ တောတန်းကြီးထဲမှာ ကျည်ဆံရာ ဗရပွနဲ့သစ်ပင်တွေ ငိုကြွေးခဲ့ဖူးတယ်။ ဟောဒီ လယ်ကွင်းကြီး တွေထဲမှာ မြေမြှုပ်မိုင်းတွေ ဟိုတစ်စဒီတစ်စနဲ့။ ဟောဒီ ကမူလေးထိပ်မှာ ပြတ်ကျကြွေ လွင့်သွားတဲ့ နှစ်ဖက်ရဲဘော်တွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့။

ဟောဒီတောင်စောင်းလေးမှာ သွေးစွန်းနေတဲ့ လည်ပတ်တွေ အ၀တ်စတွေ၊ တံဆိပ်တွေ တပ်ထားတဲ့ ဦးထုပ်တွေ ပွကြဲနေတဲ့မြေပြင်ကြီး ဖြစ်ခဲ့ဖူးတယ်။ “ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်ပါစေ” ဆိုတဲ့ ကြွေးကြော်သံတွေရဲ့ ပဲ့တင်မှုက ကျွန်တော့်ရင်ဝဆီ ဆောင့်တက်လာတယ်။

ဒီလိုနဲ့ ခရီးဆက်ခဲ့ကြရင်း ၀ိုင်းထော်ရွာ အရောက်မှာတော့ ကျွန်တော်တို့ ထမင်းစား နားကြပါတယ်။ ဖော်ရွေတဲ့ ရွာလူကြီးတွေ ကျေးရွာသားတွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုက ကျွန်တော်တို့ ဖုံတလုံးလုံးနဲ့ ပင်ပန်းခဲ့သမျှကို ခဏတာ အမောပြေစေခဲ့ပါတယ်။

ဤသည်ကား ဤခရီးနီးသလားဆိုတဲ့ လော်ခီးလာကိုလာရတဲ့ခရီးရဲ့ မြေပြန့်ခရီးက ဆုံးခြေပြီ။ ခရီးစဉ်၏ သုံးပုံတစ်ပုံရောက်ပြီဟု ကေအိုင်စီသတင်းဌာနတာဝန်ခံ မနန်းဖောဂေရဲ့အပြောအရ သိရပါတယ်။ ရှေ့ ဆက်ရွေ့ကား တောင်ပေါ်တက်ရမည့် တောင်တက်လမ်းဖြင့် ကျန်သေးတဲ့ သုံးပုံနှစ်ပုံကို ခရီးဆက်ရ ပေဦးမည်။

ဒီလိုနဲ့ ချောင်းတွေဖြတ် တောင်တွေကျော် တောင်ကြော တောင်ခါးပန်းတွေကို တရွေ့ရွေ့ဖြတ်ရင်းက နောက်ဆုံးမှာတော့ တစ်ဖက်က ထိုင်းနိုင်ငံကို ရေးရေးလေး လှမ်း မြင်ရပါပြီ။ ကွေ့ကွေ့ကောက် ကောက်လေး စီးနေတဲ့ မြစ်မင်းသောင်ရင်းကိုလည်း လှမ်းမြင်ရပါပြီ။

မကြာမီပင် တပ်မဟာ (၇) ဌာနချုပ် စခန်းကို ရောက်ပါသည်။ ဘောလုံးကွင်း အကြီးကြီးတမျှ ညီညာလှ တဲ့ ကွင်းပြင်ကြီးက တောင်ခြေမှာပနံသင့်စွာနဲ့ ခန့်ခန့်ညားညားလေးနေရာယူလို့ ဂမူပြေပြေ မြေပြင်ထက် မှာတော့ အဆောက်အအုံတွေ လှမ်းမြင်ခဲ့ရပြီ။ ဒီအဆောက်အအုံ ဟိုဘက်မှာတော့ မြစ်မင်းသောင်ရင်းက သမင်မပျိုလေး မျက်ခုံးကွေးကွေးလို ကွေ့ကောက် စီးဆင်းကာ နေရာယူလို့ပေါ့။

ကားပေါ်က အဆင်းကိုယ့်အိတ်ကိုယ် ကောက် တဖောက်ဖောက်နဲ့ ဖုန်ခါနေကြတဲ့ ခရီးဆိုက်ရောက် လူအုပ်ကြီးက တပ်ရင်း ပြောင်းလာကြတဲ့ တပ်သားသစ်တွေအလား။ သို့ပေမယ့် မီဒီယာသမားတွေနဲ့ ညီလာခံ ကိုယ်စားလှယ်တွေကိုတော့ တနေရာစီ ခွဲ ထားကြပါတယ်။

“ဒီနေရာက အရင်က အမိုးတို့ကရင် တပ်နဲ့ဗမာတပ်တွေ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ကြတယ်လေ၊ မြေမြှုပ်မိုင်းတွေလည်းများမှများ၊ သူတို့ပြန်ထုတ်လိုက်တာ မကြာသေးဘူး၊ ဒီနေရာမှာ ရွာသားတွေ တောင် သိပ်အခြေမချသေးဘူး။ KNU တပ် ဖွဲ့ဝင်နဲ့ဆက်စပ်တဲ့လူတွေ အချို့ပဲ နေကြတယ်၊ ဟိုး (ညီလာ ခံကျင်းပရာ အဆောင်အား လက်ညှိုးထိုးပြရင်း) အဆောင်ဆိုရင် ပြီးခဲ့တဲ့ နှစ်နှစ်လောက်မှ စဆောက် ထား တာ” ဟု ကရင်အမျိုးသမီး အစည်းအရုံး (KWO) က အမိုးက ကျွန်တော့်အား ရှင်းပြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရမှတင်ပြထားသည့် မူကြမ်းအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအားလုံးရဲ့ ဘုံသဘောထားတစ်ခုခု ချမှတ်နိုင်ရေးအတွက် ဆွေးနွေးကြမယ့် ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကွန်ဖရင့်ကို ကျင်းပနေပြီ ဖြစ်ပါတယ်။
ဒီကွန်ဖရင့်ဟာ ပထမလိုင်ဇာ တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ပထမအကြိမ် ညီလာခံပြီးရင် သမိုင်းတွင်ရစ်မယ့် ဒုတိယအကြိမ် ညီလာခံပါ။


အစည်းအဝေးခန်းမထဲမှာ ဓာတ်ပုံ လျှောက်ရိုက်ရင်း တက်ရောက်လာကြသည့် တိုင်းရင်းသား ခေါင်း ဆောင်များရဲ့ ပြုံးရွှင် ကြည်သာတဲ့ အမူအရာတွေကိုကြည့်ရင်း-
“အော်ဆူလာဆိုက်” “တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ကျန်းမာချမ်းသာကြပါစေ” ငြိမ်းချမ်းရေးဆွေး နွေးပွဲ အောင်မြင်ပါစေ” ဆိုပြီး ဖုန်မှုန့်တွေတလူးလူး နေ ပူကျဲတဲအောက်မှာ ကျွန်တော်တို့ ကားတန်းကို လူအုပ်ရှည် တသီတတန်းကြီးနဲ့ ကြိုဆိုနေကြတဲ့ ကရင်ရွာသားတွေရဲ့ မျက်နှာအိုလေးတွေ အတွေးထဲ ဖျတ်ခနဲ ၀င်လာမိတယ်။

ကျွန်တော်တို့ မီဒီယာသမားတွေအနေနဲ့ အစည်းအဝေးတောက်လျှောက် သတင်းယူခွင့် မရှိတော့ သူတို့သတ်မှတ်ထားတဲ့ အစီအစဉ်လောက်သာ သတင်းယူပြီး ကျန်အချိန်တွေမှာတော့ အစားအသောက် ကျွေးမွေးရေးဆောင်၊ အစည်းအဝေးကို ပတ်ပတ်လည် လုံခြုံရေးယူထားတဲ့ ကရင် ရဲဘော်တွေကို လျှောက်ကြည့်ရင်း၊ သာမောဖွယ်တောင်တန်းကြီးနဲ့ ပနံသင့်နေတဲ့ လော်ခီးလာရဲ့အလှကိုခံစားရင်း အချိန် ဖြုန်းနေမိတယ်။ ညီလာခံကိုယ်စားလှယ်တွေ အတွက် အစားအသောက် ကျွေးမွေးရေး တာဝန်ယူ ရသည့် ကရင်မပျိုလေးတွေလည်း တစ်နေ့နဲ့တစ်နေ့ ပျားပန်းခတ်မျှ။

ကြုံတုန်းပြောရဦးမယ်။ ဒီနေရာမှာ အတော့်ကိုအေးပါသည်။ ကျွန်တော့် ခန့်မှန်းချက်အရဆိုရင် ညရဲ့ အအေးဆုံးအချိန်မှာ ဆိုရင် (၁၄) ဒီဂရီစင်တီဂရိတ်နဲ့ (၁၈) ဒီဂရီ စင်တီဂရိတ်လောက်အထိမှာ ရှိမယ်လို့ ထင်တယ်။ ခန့်မှန်းချက်မျှသာ ဖြစ်တယ်။

ရောက်စမှာတော့ ကျွန်တော်တို့ တစ်သိုက်မှာ တောင်ခြေဘားတိုက်ဆောင်ကြီးမှာ ခပ်ကွေးကွေးနဲ့ နေရောင်မဖြာသေးတဲ့ မနက်ခင်းကိုစောင့်နေတုန်း ကရင်ပျိုဖြူတွေက မကွေးနိုင်အားပေ။ မနက်လေးနာရီ လောက်ကစပြီး သူတို့တွေရဲ့ လှုပ်ရှားသံတွေ၊ ပြင်ဆင်သံတွေ ကြားနေရပြီ။

မနက်စောစော ခြောက်နာရီခွဲမှာ ညီလာခံကိုယ်စားလှယ်တွေအတွက် မနက်စာ အသင့်ဖြစ်ဖို့၊ နေ့ ၁၂ နာရီ၊ ည ခုနစ်နာရီ ခွဲမှာ နေ့လယ်စာ ညနေစာတွေ အဆင်သင့် ဖြစ်ဖို့ သူတို့ခဗျာ အအေးပိုတဲ့ မနက်ခင်း လေးမှာတောင် ချွေးတွေစို့လို့။ ညနေဆိုရင်လည်း ဒီတောင်ကြောကို နေကွယ်ပြီဆိုရင် အအေးဓာတ်ရဲ့ လွှမ်းမိုးမှုက ချက်ချင်း သိသာလာတယ်။ ကိုယ်စားလှယ်တွေတိုင်း ညီလာခံကအဆင်း ရေကမန်းကတန်း ချိုး၊ အနွေးထည်ထူထူနဲ့၊ ခေါင်းစွပ်၊ ခြေစွပ်တွေစွပ်လို့ အအေးဒဏ်ကို အန်တုနေချိန်မှာတောင်၊ သူတို့ လေးတွေ ညကိုးနာရီလောက်အထိ စကားပြောသံ၊ လှုပ်ရှားသံ၊ သွားလာသံတွေကို ကြားနေရတုန်းပဲ။ ကျွန်တော် ကရုဏာသက်မိပါသည်။

ခြောက်နာရီလောက်ကျရင် အိမ်သာ သန့်ရှင်းရေးတာဝန်ယူတဲ့ ကရင်လူငယ်တွေ နဲ့၊ အမှိုက်ပုံးသိမ်း ဆည်းပေးတဲ့ လူငယ်နဲ့၊ နားနေဆောင် သန့်ရှင်းရေးလုပ်ပေးတဲ့ လူငယ်တွေနဲ့၊ ကိုယ်စားလှယ်တွေ သောက်ဖို့ ရေနွေး၊ လက်ဖက်ခြောက်၊ ကော်ဖီ ဖြည့်ဆည်းပေးတဲ့ လူငယ်တွေနဲ့။ အမှတ်မထင် ရေနွေးလဲ ဖို့ ရောက်လာတဲ့ စောဖိုးခွားကို ကျွန်တော် လှမ်းနှုတ်ဆက်လိုက်သည်။

“ဒီနေရာက အတော်အေးတာပဲနော်” ဟု။ ၎င်းမှ “ဟုတ်ကဲ့အစ်ကို၊ ဒီည ကျွန်တော်တို့ စောင်တွေ ထပ်ဝေ ပေးဦးမယ်။ ပထမ ညတုန်းက တစ်ယောက်တစ်ထည်စီပဲ ဝေ ပေးခဲ့တယ်လေ” ဟု ၎င်းင်းမှ ပြန်လည် ဖြေ ကြားခဲ့သည်။ အကြမ်းခွက်တွေစီရင်း လက်ဖက်ခြောက်တွေဖြည့်ရင်းမှ စောဖိုးခွား က “အစ်ကိုက ဘယ် ကလဲ။ ကျွန်တော်က ကြာအင်းဆိပ်ကြီးကပါ” ဟု ၎င်းမှ ပြန် မိတ်ဆက်သည်။

“အစ်ကိုက မော်လမြိုင်ကပါ၊ ကြာအင်း ဆိပ်ကြီးကို မပြန်ဘူးလား၊ မလွမ်းဘူးလား”  ဟု ကျွန်တော် လှမ်း နောက်လိုက်သည်။ သူ ကျွန်တော့်အား ပြုံးပြသည်။ နောက်တော့ မျက်နှာတည်သွားတယ်။ 
ရုတ်ချည်း ပြောင်းလဲသွားတဲ့ သူ့အမူအရာကြောင့် ကျွန်တော် သေသေချာချာ သတိထားကြည့် နေမိတယ်။ သူ မျက်နှာတည်သွားတာ (၁၀) စက္ကန့်မျှ ကြာမည်ထင်။ နောက်မှ စကားလုံးတစ်လုံးချင်းစီ သူ့ နှုတ်မှ ပွင့် အံကျလာလေသည်။

“ကရင်ပြည်ကြီး တစ်ကယ်လွတ်လပ်ရေးရမှ ကျွန်တော် ပြန်ချင်တယ် အစ်ကို” ဟူ၍ သူပြောသည်။
သူ့စကားလုံးတွေရဲ့ တစ်လုံးချင်းစီတိုင်းကို ကျွန်တော် နားနှင့်အတိုင်းသား ကြားခဲ့ရသည်။ ကျွန်တော် လည်း သူ့ကို ဆက်မေးရန် ခွန်အားမရှိတော့။ သူ့မျက်ဝန်းကိုသာ အကဲခတ်ကြည့်ရင်း နာကြည်းစရာ အတိတ် အိပ်မက်ဆိုးကို တဒင်္ဂအပြုံးတစ်ခုနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေသည်ဟု ထင်ရသည်။


အတွေးထဲမှာတော့ စစ်ပွဲတွေကြောင့် သူ့မိဘတွေ ဆုံးရှုံးခဲ့ရလေတာလား။ သူ့ အစ်မညီမတွေဟာ ဘ၀ တွေ ပျက်သုဉ်းခံခဲ့ လေတာလား၊ သူ့ရွာ သူ့အိမ် မီးရှို့ခံရလေ တာလား။ စသည် စသည် သူ့အား မေး မြန်းချင်သည့်မေးခွန်းတွေ ကျွန်တော့်ရင်ထဲ မှာ ပဲ့တင်ထပ်လို့။

မဟူရာညရဲ့ တဖြောက်ဖြောက် နှင်းစက်တွေ ကျသံနဲ့အတူ ဟိုးမနီးမဝေး ကျွန်တော်တို့ ကိုယ်စားလှယ် တွေ နားနေဆောင် အနီးတစ်ဝိုက်မှာ မီးလှုံရင်း ကင်းစောင့်နေတဲ့ ကရင်စစ်သားလေးတွေကို ကျွန်တော် ညဥ့်အမှောင်ထဲက ထိုးဖောက်ကြည့်နေမိသည်။ ကျွန်တော်တို့မှာ စောင်ထူထူပတ်ရင်း အအေးဒဏ်ကို အန်တုနေပေမယ့် သူတို့ခမျာ မီးမပြတ်အောင် မီးထည့်ရင်း လက်ဖ၀ါးလေးပွတ်မီးလှုံရင်း သူတို့ ကရင် ဘာသာ စကားတွေနဲ့ ဘာသာဘာဝ ပြောဆိုနေကြလေသည်။

သူတို့ ဘာကို မျှော်ကိုးလို့လဲ။ ဘယ် အကျိုးစီးပွားအတွက် လက်နက်ကိုင်စွဲ တိုက်ပွဲ ၀င်နေရတာလဲ။ ငယ်ရွယ်သေးတဲ့ သူတို့ဘ၀တွေရဲ့ အနာဂတ်တွေကို ဥပေက္ခာ ပြုလို့ ဒီလို တောကြီးတောနက်ထဲမှာ အချိန်တွေကို ရင်းနှီးမြှုပ်နှံနေကြတာလဲဟု အတွေးထဲ တွေးနေမိတယ်။

တစ်ဖက်မှာလည်း “အော်ဆူလာ ဆိုက်” “တိုင်းရင်းသားခေါင်းဆောင်ကြီးများ ကျန်းမာချမ်းသာကြပါစေ” ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ပါစေ” စတဲ့ အသံတွေ နားထဲပဲ့တင်ထပ်လို့။ သြော် ... အမျိုးသား အကျိုးစီးပွားအတွက် လက်နက်ကိုင်တော်လှန်ရေးနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးလွန်ဆွဲမှုက ဘယ် လောက် ကြာဦးမှာလဲလို့သာတွေးရင်း အအေးဒဏ်ပိုတဲ့ ညဥ့်နက်ထဲမှာ အိပ်မပျော်ဘဲ ကျွန်တော် ကျန်ရစ်ခဲ့ပါလေ သည်။

“အမိုးတို့နယ်မြေ အေးချမ်းပါစေ၊ အ မိုးရေ။ ဖိုးခွားတို့ ကရင်ပြည်ကြီး အမှန်တကယ် လွတ်လပ်ရေးရပါစေ ဖိုးခွားရေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးလည်း တကယ် အောင်မြင်ပါစေ” ဟုသာ စိတ်ထဲမှာ တီးတိုး ရေ ရွတ်နေမိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။