Monday, January 27, 2014

ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း

(Mizzima)

တန်းတူညီတူ အခွင့်အရေးများကို ရရှိနိုင်ရေးနှင့် ဖိနှိပ်မှုများကို တွန်းလှန်ကာကွယ်ရန် လိုအပ် ချက် အရ ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူး ကြီးထွန်းမြတ်နိုင်ကို ပြည်ထောင်စုစနစ်အရ ပေါ်ပေါက်လာမည့် ပြည်ထောင်စု တပ်မတော်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များပါဝင်နိုင်ရန် မည်သို့ဆောင်ရွက်ထားသည်၊ ဆောင်ရွက်မှုများ ရှိနေသည်နှင့် မည်သည့်ပုံစံမျိုး ပါဝင်သင့်သည်တို့ကို မဇ္ဈိမ သတင်းထောက် ဟိန်းကိုစိုးမှ တွေ့ဆုံမေးမြန်းထားသမျှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာခဲ့မယ်ဆိုရင် စစ်ဦးစီးချုပ်တို့ဘက်က ဖြစ်ချင်တဲ့ပုံစံကို ဘယ် လိုရည်မှန်းထားပါသလဲ။

ဒီပြည်ထောင်စု မြန်မာနိုင်ငံကို တိုင်းရင်းသား အကုန်လုံးပေါင်းပြီးမှ ပိုင်ဆိုင်တယ်။ အဲဒါကြောင့် တိုင်းရင်း သားတွေ အကုန်လုံးလည်း ၀ိုင်းပြီးတော့ ကာကွယ်ဖို့အတွက် တာဝန်ရှိတယ်။ ဒီကိစ္စအတွက် အကုန်လုံး တန်းတူညီတူပေါ့။ အခွင့်အရေးဆိုရင်လည်း မျှမျှတတ မျှဝေမယ်။ တာဝန်တွေကိုလည်း မျှမျှတတ ထမ်း ဆောင်မယ်။ ဒါကြောင့် တိုင်းပြည်ကာကွယ်ဖို့ တာဝန်ကိုလည်း အကုန်လုံးဝိုင်းပြီးမှ ထမ်းဆောင်ရမယ်။ အဲဒီလိုတာဝန်နဲ့ အခွင့်အရေးကြားမှာ ကျွန်တော်တို့ လက်ခံထားတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ လည်း ကာကွယ်ရမယ့် တာဝန်ရှိတယ်။

အဲဒါဆိုရင် တာဝန်နဲ့ အခွင့်အရေးကြားမှာ လက်ခံဆောင်ရွက်မယ်ဆိုတော့ တာဝန်ဆိုတာနဲ့ အခွင့်အရေးဆိုတာ ဘာတွေကိုပြော ချင်တာလဲ။
အခွင့်အရေးဆိုတာကတော့ တိုင်းရင်းသားတွေဆိုတာ အခုချိန်မှာ တိုင်းရင်းသားရပိုင်ခွင့် တိုင်းရင်းသား အခွင့်အရေး အဲဒါတွေ ဆုံးရှုံးနေတယ်။ အဲဒါတွေ ရသင့်ရထိုက်တာတွေ ရစေရမယ်။ တာဝန်ဆိုတာတော့ နိုင်ငံသားတစ်ယောက်ရဲ့ အပေါ်မှာရှိတဲ့ တာဝန်ပေါ့။ တိုင်းရင်းသားဆိုတာကလည်း တကယ့်မူလ ဘူတ ပေါ့။ ဒီနိုင်ငံမှာ မွေးဖွားလာတဲ့ ဒီနိုင်ငံအတွက်တာဝန်ရှိတဲ့ ဒီနိုင်ငံကိုသစ္စာရှိတဲ့ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေကိုလည်း စနစ်တကျနဲ့ပဲ တိုင်းပြည်ကာကွယ်ရေးအတွက် အချိုးကျကျနဲ့ ဒါတာဝန်ယူရမယ် တာဝန်ပေး ရမယ်ပေါ့။

လက်ရှိတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖက်ဒရယ်တပ်မတော် အပေါ်ကို ဘယ် လိုမျိုး ဆွေးနွေးထားတာတွေ ရှိထားလဲ။
လက်ရှိကတော့ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးတာ မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီးမှ တိုင်းရင်းသား ခေါင်း ဆောင်တွေ အကုန်လုံးက ဒါဖြစ်သင့်တဲ့ကိစ္စ၊ လုပ်ရမယ့်ကိစ္စဆိုတဲ့ ယုံကြည်ချက်ရှိတယ်။ ပြီးရင် မြန်မာ နိုင်ငံမှာရှိနေတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာမယ်ဆိုရင်တော့ ဒါကတော့ လုပ်သင့်တဲ့ အလုပ် တစ်ခုပေါ့။ လုပ်ကိုလည်း လုပ်ရမယ့် အလုပ်တစ်ခု ဖြစ်တယ်။

ဖက်ဒရယ်တပ်မတော်မှာ တိုင်းရင်းသားတွေ ပါဝင်ရင် ဘယ်လိုမျိုး ပါဝင်နိုင်ခွင့်ရသင့်တယ်လို့ စစ်ဦးစီးချုပ်တို့အနေနဲ့ ယုံကြည် ထားပါသလဲ။
ကျွန်တော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် စီစဉ်ဖို့အတွက် စဉ်းစားထားတယ်။ ဒါပေမဲ့ တစ်ဖက်က ဘယ်လို တုံ့ပြန်လာမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်သေးတယ်။ နှစ်ဖက်သဘောတူမှပဲ အောင်မြင် မယ်။ အဲဒါကြောင့် အဆင်ပြေအောင်ထိ ညှိနှိုင်းမယ်လို့တော့ ယုံကြည်ထားကြတယ်။ သို့သော် နှစ်ဦး နှစ်ဖက်ပေါ့နော်။ တစ်ဖက်တည်းက ပြောလို့မရဘူး။ နှစ်ဖက်နားလည်မှုရဖို့ ကြိုးစားရဖို့က တော်တော် လိုပါဦးမယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဖက်ဒရယ်တပ်မတော်မှာ ပါဝင်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေပြီလား။ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေရော ရှိနေပြီလား။
ဆောင်ရွက်ဖို့ အစီအစဉ်တွေလည်း ရှိတယ်။ ယုံကြည်ချက်တွေလည်း ရှိပါတယ်။ ကြိုပြီးတွေးထားတာ တွေလည်း ရှိပါတယ်။ တချို့လုပ်ငန်းစဉ်တွေဆိုရင်လည်း စပြီးတော့ အစပျိုးပြင်ဆင်မှုတွေ လုပ်ကြတာ ပေါ့။ ဒါပေမဲ့ အခုကတော့ စစ်ဘက်ဆိုင်ရာ သတင်းအချက်လက်တွေ ကျွန်တော်တို့လည်း အချိန်အကန့် သတ်နဲ့ပေါ့။ ဒီကာလမှာလည်းပေးဖို့ နည်းနည်းစောနေ သေးပါသေးတယ်။ ကျွန်တော်တို့ တပ်တွင်းမှာ လည်း အထူးတလည် ပြင်ဆင်ထားမှု မရှိသေးပေမယ့် တိုင်းရင်းသားမဟာမိတ် အချင်းချင်းကြားမှာ ဘယ် လိုဖြစ်လာ နိုင်တယ်ဆိုတာကို လုပ်ငန်းပိုင်းဆိုင်ရာ ဖလှယ်မှုတွေတော့ ရှိကြတယ်။ နောက် တစ်ခုက ဖြစ်သင့်တဲ့အနေထားကို ကျွန်တော်တို့က ဘယ်လိုလုပ်ရင် ဖြစ်နိုင်တယ်ဆိုတာကို ပြင်ဆင်တယ်။
ကျွန်တော်တို့ဘက်ကလည်း ကိုယ့်တိုင်းပြည်ကို ဖြစ်နိုင်မယ့် အနေအထားတွေကို ရှာပြီးတော့ စဉ်းစား ထားတဲ့ အရာလေးတွေပေါ့။ တချို့ နိုင်ငံမှာတွေမှာဆိုရင် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဆိုပြီး နိုင်ငံလုံခြုံရေး၊ အမျိုးသားလုံခြုံရေးအတွက် အလုပ်လုပ်တာ ရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာက သူများနိုင်ငံတွေလို ပုံတူ ဖြစ်နိုင်ဖို့ဆိုတဲ့ အယူအဆတော့ မဟုတ်ပါဘူး။ သို့သော်လည်း ဒါလေးက ကောင်းတယ်ဆိုရင် ဒါကိုဆွဲယူ မယ်ကွာ၊ သူများမှာမရှိသေးရင်လည်း ကိုယ်တိုင်ဖန်တီးပြီးမှ အဲဒီလိုမျိုးယန္တရားတစ်ခုကို ဘယ်လိုလုပ်ရင် ပူးပေါင်းဆောင်ရွက်လို့ရမလဲ၊ ဘယ်လိုဖြစ်နိုင်မယ့် ဖြေရှင်းမှုတွေ၊ ဒါတွေကို ရှာကြတာပေါ့။ အခုချိန်မှာ တိုင်းရင်းသားတပ်မတော်တွေကို မြန်မာတပ်မတော်ရဲ့ အမိန့်နာခံပြီးမှ လုပ်ပါဆိုရင် ဘယ်လိုဖြစ်နိုင်မလဲ ပေါ့။ အကောင်းဆုံးကတော့ မဖြစ်နိုင်တဲ့ဟာတွေကို မတွေးတာ ကောင်းတယ်။
အရမ်းခက်ခဲတဲ့ဟာတွေကိုတောင် အချိန်ပေးပြီးမှ ကြိုးစားပြီးဆောင်ရွက်ပေါ့။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ဟာတွေ ကိုတော့ တခြားတကဏ္ဍဖြစ်သွားပြီ။ ဒါကြောင့် မဖြစ်နိုင်တာတွေကို မပြောရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဒီလိုပူးတွဲ စစ်ဦးစီးချုပ်အဖွဲ့ပေါ့။ အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသားအချင်းချင်းကြားမှာ လုံခြုံရေးအတွက် တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံထားနိုင်ဖို့ အပြန်အလှန်ထိန်းညှိမှုတွေ၊ နိုင်ငံရေးမှာလည်း အပြန် အလှန်ထိန်းကျောင်းတာရှိသလို အမျိုးသားလုံခြုံရေးကိုလည်း တိုင်းပြည်ရဲ့မတူညီတဲ့ လူမျိုးတွေရှိတဲ့ အတွက် အခွင့်အရေးတွေ ရေရှည်ခိုင်မြဲအောင် ဆောင်ရွက်နိုင်မယ့် အဖွဲ့ ဒါမျိုးလည်း ရှိသင့်တယ်။

ဒါဆိုရင် ခုနပြောသလို ပူးပေါင်းစစ်ဦးစီးချုပ်လိုအဖွဲ့မျိုး တိုင်းရင်းသားတွေကြားထဲမှာ ဖွဲ့စည်း ဆောင်ရွက်နေတာ ရှိပြီလား။
နည်းလမ်းအနေနဲ့တော့ အခုဆိုရင် လက်တွေ့နဲ့ အနီးစပ်ဆုံး အခြေအနေတစ်ခုအနေနဲ့ စဉ်စားထားတယ်။ လက်ခံထားကြတယ်။ ပြီးရင် ပုံကြမ်းတစ်ခုအနေနဲ့ ပြင်ဆင်မှုတွေ ရှိပါတယ်။

အဲဒီလိုပြင်ဆင်မှုတွေဆိုတာက ဖက်ဒရယ် တပ်မတော်ပေါ်လာရင် ဒီလိုအဖွဲ့တွေကနေ ဆွေးနွေး သွားဖို့အတွက် ဆောင်ရွက်ထားခြင်းလို့ရော ပြောလို့ရလား။
စစ်ရေးအရ ပြောရရင်တော့ အဆိုးဆုံးအတွက်ဆိုရင်လည်း ဟုတ်တယ်။ အကောင်းဆုံးအတွက်ဆိုရင် လည်း ဟုတ်တယ်ပေါ့။ သဘောကတော့ ညီညွတ်ရေးတစ်ခု ရှိနေပြီဆိုရင်တော့ ဆွေးနွေးလို့လည်း ရ တယ်။ တိုက်လို့လည်း ရတယ်။ အဲဒီလိုမျိုးပေါ့။

နောက်တစ်ခုက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးမှာ ဖက်ဒရယ်တပ်မတော် ဆွေးနွေးရေး အာမခံ ချက်ပါမှ လက်မှတ်ရေးထိုးမယ်ဆိုတာကို ထည့်သွင်းအာမခံပေးမယ်ဆိုပေမယ့် တကယ် အကောင်အထည်ဖော် ဆွေးနွေးမှု မရှိလာရင်ရော ဘယ်လိုတွေ ဆောင်ရွက်သွားဖို့ရှိလဲ။
ကျွန်တော်ကတော့ ငြိမ်းချမ်းရေးကို ဦးဆောင်ညှိနှိုင်းတဲ့အထဲမှာတော့ မပါဝင်ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အုပ်စုထဲမှာတော့ ပါတယ်။ ဒါကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အားလုံး ဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရှိကြတော့ ငြိမ်းချမ်းရေးလုပ်နေတဲ့ သူတွေကလည်း ပြောကြတယ်။ အဆင်မပြေရင် ပြေအောင်ညှိ၊ ငြိမ်းချမ်းရေးကို ညှိနှိုင်းရေးကနေ ရအောင်ယူရမယ်ပေါ့။ ကျွန်တော်တို့ လည်း ကြားမိပါတယ်။ သမ္မတရုံး ဘက်ကလည်း ဒါမျိုးပြောနေပေမယ့် တပ်မတော်ကပြောတဲ့ စကားတွေ ကတော့ တိုက်ရိုက်ခြိမ်းခြောက်တဲ့ အဓိပ္ပာယ်ရတဲ့ စကားတွေ၊ မြန်မာနိုင်ငံ အဘက်ဘက်က နိမ့်ကျနေ တာက ပြည်တွင်းစစ်ကြောင့် ပြည်တွင်းစစ်က ဘယ်လိုဖြစ်လဲဆိုရင် တိုင်းရင်းသားတွေ သူပုန်ထလို့ဆိုပြီး ပြောဆိုနေတာမျိုးတွေကိုလည်း တစ်ချိန်တည်းမှာ ကြားနေရတယ်ဆိုတော့ ကိုယ်တွေဘက်ကလည်း နှစ်ပေါင်း ၆၀ ကျော်ခံထားရတဲ့အတွက် သတိရှိရှိနဲ့ ဆောင်ရွက်နေပါတယ်။ ဘယ်တိုင်းရင်းသားတွေကမှ ဘယ်လိုနယ် တွေကိုသိမ်းတယ်ဆိုတာ မရှိပါဘူး။ အခု ဖြစ်နေတာက ကျွန်တော်တို့ရဲ့ နောက်ဆုံး စည်း ထဲ ခံစစ် စစ်ကြောင်းထဲမှာဖြစ်နေရတာ။ ဒီတော့ ဘယ်သူမှားတယ်ဆိုတာကို သက်သေတောင် ပြနေ စရာမလိုဘူး။ အဲဒီ အပေါ်မှာ တစ်ဖက်သတ်ဒါမျိုးပြောတာတွေ ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ ပြော နေရဲ့သားနဲ့ ဒါမျိုးတွေ ဘာကြောင့်ပြောရသလဲ။ လူတိုင်းသဘောပေါက်တယ်။ မြန်မာနိုင်ငံဆင်းရဲတာက ပြည်တွင်းစစ်ကြောင့်လည်း ပါတယ်။ နောက်တစ်ခုက လူထုလွတ်လပ်မှု မရှိဘူးပေါ့။ ဒီမိုကရေစီ မရှိဘူး။ အဲဒီလိုအကြောင်းတရားတွေ အများကြီးရှိပါတယ်။ ငြိမ်းချမ်းရေးကို အကုန်လုံးနှစ်ဦးနှစ်ဖက်က ကြိုးစား နေတဲ့ အချိန်မှာ စစ်မီးတောက်စေမယ့် စကားတွေကို လက်လွတ်စပယ်ပြောတာကတော့ တိုင်းပြည်ကို နည်းမှန်လမ်းမှန် ချစ်သလားပေါ့။ အခုချိန်မှာ ကျွန်တော်တို့လည်း လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိ သွားပြီ။ ဒီအချိန်မှာ တကယ့်တော်လှန်ရေး ဘက်တွေကတောင်၊ တကယ်ခံစားရတဲ့သူတွေကတောင် ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့လုပ်နေတာ။ အစိုးရဘက် တကယ့်အရေးကြီးသူတစ်ဦးက ဒီလိုထ ပြောတာ။ ဒီမိုကရေစီဆိုတာ အာဏာခွဲဝေဖို့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ ကြောက်လို့ မဟုတ်ဘူး။ မင်း တို့ကို မတိုက်နိုင်စရာအကြောင်းမရှိဘူးဆိုတဲ့ အသုံးအနှုန်းတွေက ကျွန်တော်တို့ကို သတိထားစရာ တွေတော့ ဖြစ်စေတယ်။

ဖက်ဒရယ် တပ်မတော်အရေး အစိုးရနဲ့ဆွေးနွေးမယ်ဆိုရင် ဘယ်လောက်ထိ ဆွေးနွေး ရမယ်လို့ ထင်လဲ။ အခက်ခဲများနိုင်မလား။
ဒီကိစ္စကတော့ နှစ်ဖက်ကတွေ့ပြီး ညှိနှိုင်းမှုတွေနဲ့ ဒါကတော့ ငြိမ်းချမ်းရေးအတွက် လိုအပ်တယ်။ ကျွန်တော်တို့ ဆောင်ရွက်ရလိမ့်မယ်။ လက်ရှိတိုင်းရင်းသားတွေအတွက် အာမခံနိုင်တဲ့ဟာတွေ မြန်မာနိုင်ငံမှာ လူမျိုးတစ်မျိုးတည်းက ကြီးစိုးတဲ့ဟာမဟုတ်ဘဲ လူမျိုးပေါင်းစုံက ပါဝင်တဲ့ လက်နက်ကိုင် တပ်ကို အချိုးကျ ကျဖွဲ့စည်းမှ နားလည်မှုမြင့်မားတဲ့ပုံစံ ရှိကို ရှိရမယ်ဆိုတဲ့ဟာကို နှစ်ဦးနှစ်ဖက်လုံးက လက်ခံတဲ့အထိ ကြိုးစားရမယ်။

စစ်ဦးစီးချုပ်အနေနဲ့ ဖက်ဒရယ်တပ်မတော် တစ်ရပ်ကို ပေါ်ပေါက်လာနိုင်စွမ်း ရှိမရှိကို ဘယ်လို ထင်လဲခင်ဗျ။
ဒီဟာအတွက်ကတော့ ခက်ခဲတယ်။ ဒါပေမဲ့ အောင်မြင်အောင်လို့တော့ ကြိုးစားရမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။