Tuesday, January 21, 2014

အိုင်တီခေတ် တိုင်းရင်းသား စာပေဖွံ့ဖြိုးရေးမှာ ဇော်ဂျီဖေါင့် အဟန့်အတား ဖြစ်နေဟု သျှမ်း IT ပညာရှင်များ ပြော



သျှမ်း စာပေဆိုင်ရာ ဆွေးနွေးပွဲ တရပ်အား ချင်းမိုင်မြို့  ဝပ်ကူတောက် ကျောင်းတိုက်၌ ကျင်းပရာ အိုင်တီ ပညာရှင်များက ‘ဇော်ဂျီဖေါင့်သည် ယနေ့ခေတ် တိုင်းရင်းသား စာပေဖွံ့ဖြိုးရေး အတွက် အဟန့်အတား ဖြစ်နေသည်’ ဟု ပြောကြပါသည်။

၂၀၁၄ ဂျန္နဝါရီ ၁၈ နှင့် ၁၉ ရက်က ချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ ကမကထပြု၍ ခေတ်သစ် သျှမ်းစာပေ၊ ဝေါဟာရ၊ အိုင်တီခေတ် သျှမ်းစာပေအသုံးအနှုန်း နှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား ‘အိုင်တီခေတ်၌ သျှမ်းစာ ပေရှင်သန်ရေးအတွက် ရည်ရွယ်၍’ ကျင်းပရခြင်း ဖြစ်သည်ဟု ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှုကော်မတီ ဥက္ကဌ စိုင်းဆိုင်ယ ကပြောသည်။



ဆွေးနွေးပွဲတွင် အိုင်တီပညာရှင် Ph.D ကျောင်းသား ပီစိုင်းလုံက - “ဇော်ဂျီဖေါင့်ဟာ တိုင်းရင်းသား ဘာသာစာပေအတွက် ရှိနေတဲ့ ဖေါင့်ကုတ်တွေကို ကျူးကျော်ပြီးနေရာယူထားတယ်။ ဒါ့ကြောင့် ကျနော် တို့အားလုံး စုပေါင်းအားနဲ့ ဒီ ၂၀၁၄ မှာ ဇော်ဂျီဖေါင့်ကိုမသုံးဘဲ ယူနီကုတ်ကိုဘဲသုံးသွားမယ်ဆို ရင် အနာဂတ်မှာ အွန်လိုင်းဒစ်ရှင်နရီတွေလုပ်ဖို့၊ တခြား အိုင်တီပိုင်းဆိုင်ရာ သျှမ်းဘာသာသုံးဖို့၊ သျှမ်းစကားပြောရင် သျှမ်းစာအော်တိုထွက်လာဖို့ - စတဲ့အခွင့်အလမ်းတွေရလာမယ်” - ဟု ပြောသည်။



သို့သော် အဆိုပါ အစည်းအဝေးတက်ရောက်သူ နန်းခမ်းဟွမ်က - “ ကျမ အနေနဲ့ ဇော်ဂျီ ယူနီ နားမလည်ဘူး။ ရှင်းရှင်းပြောရင် ယူနီကုတ်ဖေါင့်က အဆင်မပြေဘူး၊ ဇော်ဂျီက အဆင်ပြေတယ်။ အခုအခြေအနေက ဇော်ဂျီမသုံးလို့ မဖြစ်ဘူး။ ဇော်ဂျီလိုမျိုးလွယ်အောင် တတ်သိပညာရှင်တွေက လုပ်ပေးရင်တော့ တမျိုးပေါ့” - ဟု ပြောသည်။



ယနေ့ခေတ် အွန်လိုင်းပေါ် တွင်အသုံးပြုနေသော သျှမ်းစာပေဖါင့်များမှာ  ဇော်ဂျီဝမ်းဖေါင့်မှ ဆင်းသက်လာသည့် ဇော်ဂျီတိုင်းဖေါင့် အမျိုးမျိုး၊ ယူနီကုတ်ဖောင့်များမှ ပန်လုံ ၊ ယုံးချို ၊ သျှမ်းယူနီကုတ်ဖေါင့် စသဖြင့် အမျိုးမျိုးရှိသည်။ အင်ဒရွိုက်အမျိုးအစား စမတ်ဖုန်းကိုင်ဆောင် သူများမှာမူ ဇော်ဂျီဖေါင့်များသာ အသုံးများသည်။



အဆိုပါဆွေးနွေးပွဲတွင် ဘုန်းတော်ကြီးများအပြင် သျှမ်းစာပေပညာရှင် မဟာမုန့်မိုင်းဇေ၊ သျှမ်းလူ့အခွင့် အရေးဖေါင်ဒေးရှင်း ဒါရိုက်တာ(ငြိမ်း) စဝ်ခမ်းဟန်ဖှ၊ သျှမ်းသံတော်ဆင့် Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်း နှင့် တက္ကသိုလ်ကျောင်းသားသူငယ်များ ၊ စိတ်ပါဝင်စားသူလူငယ်များ ၇၀ ကျော်တက်ရောက်ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။