Monday, October 12, 2015

SSPP/SSA ဌာနချုပ်အနီးရှိ တပ်စခန်းသို့ အစိုးရတပ် လက်နက်ကြီးပစ်ခတ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ ဌာနချုပ်ဝမ့်ဟိုင်း အဝင်လမ်းခွဲ ၂ မိုင်ခန့်အကွာ ကောင်းမူးလွယ်သို့ လွယ်ကျူမောက်ခေါဝ် တပ်စခန်းမှ အစိုးရတပ်များ လက်နက်ကြီးဖြင့် ယနေ့နေ့ခင်းပိုင်းက ပစ်ခတ်  တိုက်ခိုက်နေကြောင်း သိရသည် ။ 


“ လွယ်ကျူမောက်ခေါဝ် စခန်းကနေ ကောင်းမူးလွယ်စခန်း ဘက်ကိုပစ်နေ တာလေ ။ ဝမ့်ဟိုင်းထဲကနေ လက် နက်ကြီးသံ တွေကြားနေရတယ် ။ ကျနော်တို့ဘက်က ပြန်ပစ်တာတော့မရှိသေးဘူး ။ မွန်းလွဲ ၂ နာရီ လောက် ကစပစ်တာ အခု ၃ နာရီကျော်နေပြီ ။  ကျနော်တို့တပ်စခန်းဘက်ကို တမင်သက်သက် ပစ်ခတ် တာဘဲ ” ဟု ဝမ့်ဟိုင်းနေ ဒေသခံလူငယ် စိုင်းလျဲန်းက ပြောသည် ။


ပစ်ခတ်နေသော အစိုးရစစ်တပ်မှာ မည်သည့်တပ်မှန်း အတိအကျ မသိရသေး သော်လည်း နမ့်ပုတ် လွယ်ကျူမောက်ခေါဝ် စခန်းတွင် လာရောက် တပ်စွဲထားသော စကခ ၁၇ လက်အောက်ခံ တပ်များဖြစ် နိုင်ကြောင်း ဆိုပါသည် ။


အစိုးရစစ်တပ်သည် သျှမ်းပြည်တိုးတက်ရေးပါတီအား ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ အောက်တိုဘာ ၆ ရက်နေ့ကတည်းက ဖြစ်ပါသည် ။ ယနေ့တိုင် တိုက်ပွဲများ မရပ်ဘဲ ဆက်တိုက်ဖြစ်ပွါး နေပါသည် ။


တိုက်ပွဲကြောင့် အစိုးရတပ်ဘက်မှ အကျများသည်ဟုလည်း ဒေသတွင်း  ပြည်သူ့ စစ်တပ်ဖွဲ့မှ အရာရှိတဦးကလည်း ပြောသည် ။


“ အစိုးရဘက်က ဒဏ်ရာရသူတွေကိုကားကြီး ၃ စီးနဲ့မနေ့က သယ်ထုတ်လာတာ တွေ့တယ် ။ အကျများတယ် ပြောတယ် ။  သူတို့စစ်ကြောင်းဘက်က သတင်းကတော့ သူတို့ ၃၀ လောက်ဘဲကျ တယ်တဲ့ ။ ဘယ်လောက်လောက်ရှိ မလဲအသေအချာ မသိသေးဘူး ။ ” ဟုဆိုပါသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီဘက်မှာ  NCA လက်မှတ်ရေးထိုးရန် သဘောမတူသေးသဖြင့် အစိုးရ တပ်မတော်က အင်အားသုံးထိုး စစ်ဆင်ခြင်းဖြစ်ကြောင်း SSPP ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ပြောပါသည် ။


အောက်တိုဘာ ရ ရက်နှင့် ၈ ရက်နေ့ကလည်း အရှေ့မြောက်ပိုင်း တိုင်းအောက်မှ စစ်အင်အား ရ စီး နမ္မတူဘက်သို့ ထွက်သွားကြောင်း လည်း မြင်တွေ့ရသူ ဒေသခံများက ပြောသည် ။


သို့သော် SSPP/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူ ထားသည့် အဖွဲ့ဖြစ်သည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။