Monday, December 15, 2014

လယ်တောပြန်ရွာသားကို သျှမ်းသူပုန်ဟုဆိုကာ အစိုးရစစ်တပ် တလကြာဖမ်းဆီးစစ်ဆေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း လဲချား မြို့နယ် တတ်မောက်ကျေးရွာ မှ ရွာသား တဦး မြန်မာ အစိုးရ စစ်တပ် က သျှမ်း သူပုန်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

ဦးလုံးယန္န ပါခမ်းဆာတို့၏သား စိုင်းမြင့်ကျော်အား လယ်တောမှအပြန် စစ်ကြောင်းပြန် ခိုလမ်အခြေစိုက် ရလခတိုင်းမှ စစ်သားကဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“နိုဝင်ဘာလဆန်းက သူ့ကိုလမ်းမှာတွေ့ရင်း ဖမ်းသွားတာတဲ့။  ဒီဇင်ဘာ ၁၁ ရက်က ပြန် လွှတ်လာတာ။ တလ တိတိဘဲ။ သျှမ်းစစ်သားနဲ့ပတ်သက်လားဆိုပြီး နေ့တိုင်းရိုက်ပြီး စစ် တယ်တဲ့သူ့ကို။ စစ်တိုင်းလည်း သူက ဗိုက်ဆာတယ်ဘဲပြောတယ် ၊  ဒါကြောင့် သူ့ကိုပြန် လွှတ်တယ်လို့ စစ်တပ်ကပြောတယ်တဲ့။ အိမ်ရောက်တော့လဲ အဲ့တိုင်းဘဲ ထမင်း ဆာတယ် ဘဲပြောနေတယ်သူ။  ဘာဖြစ်သွားလဲမသိဘူး” ဟု ဆွေမျိုးတော်စပ်သူ အမျိုးသား တဦးက ပြောသည်။

ခိုလမ်မြို့အစိုးရ၏ စစ်တပ်အတွင်း တလကြာ ဖမ်းဆီးရိုက်နှက်ခံရသော စိုင်းမြင့်ကျော်သည် ယခင်က ကျန်းမာရေးကောင်းမွန်သူ သန်မာသန်စွမ်းသူဖြစ်ကြောင်း၊ အသက် ၃၀ ဝန်းကျင် အရွယ်ရှိပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြောင်း သျှမ်းစစ်သားနှင့်ပတ်သက်ခြင်းမရှိ ကြောင်း လဲချားရောက်တတ်မောက် ရွာခံ ရပ်မိရပ်ဖ တဦးကလည်းပြောသည်။

ခိုလမ်မြို့ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်  RCSS/SSA ၏ ပြန်ကြားရေးနှင့် ဆက်ဆံရေးရုံးတာဝန်ခံတဦးက “ အခုလို အဖမ်းခံရရင် မိဘဆွေမျိုးနဲ့ ရပ်ရွာအုပ်ချုပ်ရေးနဲ့ ရွာခံတချို့နဲ့အတူတူ ကျနော်တို့ဆက်ဆံရေးရုံးကို လာပြီး တိုင်ပင်ရ မှာလေ။ ဒါမှကျနော်တို့ ကူညီဆောင်ရွက်ပေးနိုင်မှာပေါ့။ လူထုအခက်အခဲတွေ ကူညီဖြေ ရှင်းဖို့ကျနော်တို့ရုံးဖွင့်ထားတာဘဲလေ” ဟုပြောဆိုပါသည်။

ယခုနှစ်နှောင်းပိုင်းအတွင်း ရွာသားများအား သျှမ်းစစ်သားဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှု ပြန်လည်များပြားလာကြောင်း လဲချားမြို့ခံများကပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။