Saturday, December 6, 2014

SSPP/SSA ၏ တိုက်ပွဲကျ အာဇာနည်များအား အောင့်မေ့ကာ သမိုင်းဟောပြောပွဲပြုလုပ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ ခေါင်းဆောင် စဝ်အုန်းပေါင် ရှေ့တန်းစစ်မျက်နှာ၌ ကျဆုံး သည့် နေ့ကို အစွဲပြုပြီး ဒီဇင် ဘာ ၅ ရက်နေ့ ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ သျှမ်းပြည်နယ် အလံတော် လျှော့၍ တပ်ထု တခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုခဲ့သည်ဟု ဗဟိုကော်မတီဝင် ဗိုလ်မှူး စိုင်းဟတ်တိုင်း က ပြောသည်။


၂၀၁၄ ဒီဇင်ဘာ ၅ ရက် သည် စဝ်အုန်းပေါင် ရှေ့တန်းစစ်မျက်နှာ၌ ကျဆုံးသည်မှာ ၃၆ နှစ်ရှိပြီဖြစ် ကြောင်း၊  ၎င်းကျဆုံးသည့်နေ့အား အာဇာနည်အနေ့အဖြစ် သျှမ်းပြည်တပ်မတော် SSPP/SSA  ဗဟိုဌာနချုပ် မှ သတ်မှတ်၍ အောက်မေ့အခမ်းအနားအား  နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပါသည်။
ယခုနှစ်တွင်လည်း ခေါင်းဆောင်ကြီး စဝ်အုန်းအပါအဝင် တိုက်ပွဲကျစစ်သည်များအား ရည်မှန်းလျှက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သျှမ်းပြည်အလံတော်အား တိုင်ဝက်လျှော့၍ ရုံးလုပ်ငန်းရပ်နားခြင်း၊ အလှူအဒါန်း ပြုပေးခြင်း ၎င်းသမိုင်းကြောင်းအား ယနေ့လူငယ်များသိရှိစေ၍ ဟောပြောခြင်းများ ပြုလုပ်သည်ဟု ဗိုလ်းမှူး စိုင်းဟတ်တိုင်းက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောပြသည်။


“အခမ်းအနားနဲ့တော့မလုပ်ဘူး။ တပ်ထုတခုလုံးကို ဒီဌာနချုပ်ကနေ ကျနော်တို့အာဇာနည်ကို အောက်မေ့ပြီးအလှူအဒါန်းတွေလုပ်ပေးဖို့၊  ရုံးတွေပိတ်ဖို့ ညွှန်ကြားတယ်။ ရှမ်းပြည်အလံတော်ကိုလဲ တိုင်ဝက်ဘဲထူတယ်။ ကျနော်တို့တော်လှန်ရေးသမိုင်းမှာ ခေါင်းဆောင်က ရှေ့တန်းမှာ ကျဆုံးတယ်ဆိုတာမရှိဖူးဘူး” - ဟုပြောသည်။
၁၉၇၈ ဒီဇင်ဘာ ၅ ရက်နေ့ က သီပေါမြို့နယ် စိန်ကျော့အုပ်စု အနောက် မြောက်ဘက် ၆ မိုင်ခန့်ရှိ နားဖွေးကျေးရွာ တိုက်ပွဲ၌ စဝ်အုန်းပေါင် (ခေါ်) စဝ်ဆေခန် ၏ ရုံးဖွဲ့အား မြန်မာ့တပ်မတော် ခလရ ၄၁ လားရှိုး၊ ခလရ ၂၃ သီပေါ နှင့်  မိုင်းရယ်အခြေစိုက် ခလရ ၆၇ တို့ပူးပေါင်းစစ်ကြောင်းက ၆၀ မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


စဝ်အုန်းပေါင်၏ ရုပ်အလောင်းကိုလည်း  မိုင်းရယ် ခလရ ၆၇ က မိုင်းရယ်သို့သယ်ယူ စစ်ဆေးကာ မိုင်းရယ်မြို့ အနောက်ဘက်ရှိ သုသာန်သို့ မြုပ်နှံလိုက်သည်။ သျှမ်းပြည် တပ်မတော် အပစ်ရပ်သည့် နောက်ပိုင်း စဝ်အုန်းပေါင်၏ သင်္ချိုင်းကို  ပြန်လည်ဖေါ်ထုတ်ကာ အုတ်ဂူသင်္ချိုင်းအဖြစ် ပြန်လည်ပြုလုပ်ထားကြောင်း ထိုစဉ်မှစ၍ ၎င်းအားအောက်မေ့ကာအာဇာနည်နေ့အဖြစ် သတ်မှတ် လာခြင်းဖြစ်သည်ဟု ဆိုသည်။
သီပေါသား စဝ်အုန်းပေါင်သည် သက္ကသိုလ်ကျောင်းသားဘ၀ ၁၉၅၉ ခု တွင် စဝ်နွဲ့စောယန္တဦးဆောင် သည့်  နွံစစ်ဟန်တပ်ဖွဲ့သို့ ဝင်ရောက်ကာ တော်လှန်ရေးခရီးစခဲ့သည်ဟုဆိုပါသည်။


သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့တိုက်ပွဲတွင်  ဗိုလ်မိုးဟိန်းခေါ် စဝ်ဂွဏ်းဇိန်းက လက် တဖက် ထိခိုက်ဒဏ်ရာရခဲ့စဉ်က လည်း စဝ်အုန်းပေါင်မှာ စဝ်ဂွဏ်းဇိန်းအား ထမ်း၍ ထိုင်းနိုင်ငံ မိုင်းဖှန် သို့ သယ်ယူဆေးကုသခဲ့ပါသည်။  ၁၉၇၁ သျှမ်းပြည်တိုးတပ်ရေးပါတီ  တည်ထောင်စဉ် ကလည်း  ညောင်ရွှေစော်ဘွားမဟာ ဒေသဝီ စဝ်နန်းဟိန်းခမ်းဦးဆောင်၍ ဖွဲ့စည်းသည့် တပ်မတော် တွင် စဝ်အုန်းပေါင်က ဦးဆောင်ခဲ့သည်။
၁၉၇၈ ခုနှစ်က အမျိုးသားရေးအတွက် ထမ်းရွက်နေစဉ် အစိုးရတပ်မတော်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကျဆုံးသွားခဲ့သည်ဖြစ်ရာ  သျှမ်းတော်လှန်ရေးသမိုင်းတွင် စစ်ဦးစီးချုပ်ကိုယ်တိုင် ရှေ့တန်းစစ် မျက်နှာ၌ ကျဆုံးသွားသည်မှာ စဝ်အုန်းပေါင်တဦးတည်းသာရှိကြောင်း ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးများက ပြောပြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။