Wednesday, December 10, 2014

နိုင်ငံရေး ပါတီများနှင့် KNU ဒီဇင်ဘာ ၂၂ ရက် တွေ့မည်

(Mizzima)

နိုနိုင်ငံရေး ပါတီများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့သည် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဟု ဆွေးနွေးရာတွင် ပါဝင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အတွင်းရေးမှူး (၂) ဦးနေမင်းကျော်က မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်တွင် တွေ့ဆုံမည်ဖြစ်ပြီး တွေ့ဆုံမည့် နေရာကိုမူ မသတ်မှတ်ရသေးဟု ၎င်းက ပြောသည်။

 
“NCCTနဲ့  UPWCက ဒီလ ၁၈ ရက်မှာ တွေ့ကြမှာဆိုတော့ ကျွန်တော်တို့ဆီကို ၂၂၊ ၂၃ ရက်မှ တွေ့နိုင်မယ်။ အလွတ်သဘော တွေ့ဆုံမှာပါ" ဟု ၎င်းက ပြောသည်။

RCSS/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ဖြစ်သည်။

“ဆွေးနွေးမယ့် အကြောင်းအရာကတော့ ကျွန်တော်တို့ ကြိုတင် စဉ်းစားထားတာ မရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ကျွန်တော်တို့ နိုင်ငံရေး ပါတီ အင်အားစုတွေ အလွတ်သဘော တွေ့ဆုံကြတဲ့ပွဲပါ" ဟု ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီမှ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းရီကလည်း တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာ အသေးစိတ် မရှိဟု ဆိုသည်။

အဆိုပါတွေ့ဆုံမည့် နိုင်ငံရေးပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုး သားပါတီ၊ ကယန်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ တအောင်း(ပလောင်) အမျိုးသား ပါတီ၊ အသျှိုချင်း အမျိုးသား ပါတီ၊  “ဝ” ဒီမိုက ရက်တစ်ပါတီ၊ “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ အမျိုသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ချင်းတိုးတက်ရေး ပါတီ၊ မြန်မာ့ လူ့ဘောင်သစ် ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ စသည့် နိုင်ငံရေးပါတီများ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။