Wednesday, December 26, 2012

ရှမ်းပြည်၏ နစ်နာချက်များ အပိုင်း-၂

(Kachinland)


ဒီ ဆယ်နှစ်အတွင်း ပူးပေါင်းလာခဲ့တာဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အရှုံးအမြတ်ဇယားကို နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝတုံးက အခြေအနေများနဲ့ နှိုင်းယှဉ်ပြီး အကြမ်းအားဖြင့် ဝေဖန်စိစစ်တင်ပြသွားပါမယ်။

အဲသလို ဝေဖန် စိစစ်ရာမှာ (၁) ကျနော်တို့မှာ တန်းတူညီမျှတဲ့ အခွင့် အရေး ရမရ၊ (၂) လုံးဝလွတ်လပ်တဲ့ ပြည်နယ်တွင်း ကိုယ်ပိုင် ဥပဒေ ပြဌာန်းခွင့်ရှိမရှိ ဆိုတဲ့ အဓိကမူ ၂ ရပ်ပေါ်မှာ အခြေခံပြီး ဝေဖန်စိစစ် သွားပါမယ်။

နိုင်ငံရေးအပိုင်း
ပထမဆုံး လူမျိုးစုလွှတ်တော်ဖွဲ့စည်းပုံ မူမမှန်ပုံကို အလျဉ်သင့်လို့ တင်ပြ ပါရစေ။ ဒီ မူမမှန်တဲ့ အခြေခံဥပဒေကြောင့် ရှမ်းပြည်သူတို့ ရသင့်ရထိုက် တဲ့ ဒီမိုကရေစီ အခွင့်အရေးဟာ ဆိတ်သုဉ်းဆုံးရှုံးခဲ့ရပါတယ်။



အားလုံးသိကြတဲ့အတိုင်းပဲ ကျနော်တို့ ပြည်ထောင်စု ပါလီမန်မှာ ပြည် သူ့လွှတ်တော်၊ လူမျိုးစုံလွှတ်တော်ဆိုပြီး လွှတ်တော် ၂ ရပ် ရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ လူဦးရေ အချိုးအစားအလိုက် ရွေးကောက် တင် မြှောက်ရတဲ့အတွက် ဗမာက လူများစု အမတ်နေရာ ရပါတယ်။ တကယ် လို့ ဒီလွှတ်တော် တရပ်ထဲသာရှိရင် အများစုဖြစ်တဲ့ ဗမာတို့က အချိန် မရွေး မဲနိုင်နေတာမို့ အခြားလူမျိုးစုတို့မှာ ကိုးကွယ်ရာမရ ဖြစ်နေကြပါ လိမ့်မယ်။ အဲဒါကြောင့် လူမျိုးစုတို့ရဲ့ အခွင့်အရေးကို ကာကွယ်စောင့် ရှောက် ဖို့ လူမျိုးစုလွှတ်တော်ကို ထားရှိရပါတယ်။ အဲဒါ အင်မတန် သမာသမတ်ကျတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ လူမျိုးစုလွှတ်တော်ဟာ လူမျိုးစုတို့ရဲ့ အခွင့်အရေးကို အဟုတ်အမှန်ကာကွယ်စောင့်ရှောက် နိုင်ပါရဲ့လား ဆိုတာ ဆန်းစစ်ကြည့်ကြပါ။ ရှေးဦးစွာ လူမျိုးစုလွှတ်တော် ဖွဲ့စည်းပုံကို စစ်ဆေးလိုက်ရင် မူမမှန်တာကို တွေ့ရပါတယ်။ ဥပမာ ပုဒ်မ-၁၅၄(၂) အရ လူမျိုးစုလွှတ်တော်မှာပါဝင်တဲ့ ရှမ်းပြည်နယ် ဆိုင်ရာ အမတ်အားလုံးကို ရှမ်းပြည်နယ်စော်ဘွားများဟာ မိမိတို့ စော်ဘွား များထဲမှ ရွေးကောက်တင်မြှောက်ကြရပါတယ်။ စော်ဘွားများဟာ ပြည်သူ့လွှတ်တော်မှာ အမတ်ဖြစ်နိုင်ခွင့် မရှိပါ။

လူမျိုးစုလွှတ်တော်မှာ ရှမ်းပြည်မှ အမတ် ၂၅ နေရာ ရပါတယ်။ ဒါပေမယ့် အဲဒီ အမတ် ၂၅ ဦးကို ပြည်သူတို့က သဘောအလျှောက် မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခွင့်မရပဲ စော်ဘွားများထဲမှ သူတို့နှစ်သက်ရာ ၂၅ ဦးကို ရွေးကောက်တင်မြှောက်ကြပါတယ်။ ဒါကို ထောက်ခြင်းဖြင့် (၁) လူမျိုးစုလွှတ်တော်မှာ ရှမ်းပြည်မှ စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ် များကို မတင်မြှောက်နိုင်ပါ။ ပြည်သူတို့အနေနဲ့ ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးခဲ့တယ်။ (၂) စော်ဘွားများဟာ လူမျိုးစုလွှတ်တော်ကို တက်ခွင့်ရ ပေမယ့် ပြည်သူ့လွှတ်တော်ကို တက်ခွင့်မရတဲ့အတွက် နိုင်ငံတော်သား တစ်ဦးအနေနဲ့ ဒီမိုကရေစီ အခွင့်အရေး ဆိတ်သုဉ်းဆုံးရှုံးခဲ့တယ်။ အမှန် မှာ လူမျိုးစုလွှတ်တော်အမတ်များကိုလဲ ရှမ်းပြည်တပြည်လုံးမှ စော်ဘွား ရော ပြည်သူပါ ဒီမိုကရေစီကျကျ မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ပြီး စော်ဘွားများကိုလဲ ရွေးကောက်ခြင်းခံရရင် ပြည်သူ့လွှတ်တော်ကို တက်ရောက်ခွင့် ပြုသင့်ပါတယ်။ ဒါဟာ လူမျိုးစုလွှတ်တော် ဖွဲ့စည်းပုံ မူမမှန်ပုံ ဖြစ်ပါတယ်။

ဒီ ကမှတဆင့် ပြည်နယ်ဥက္ကဌ ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး တင်ပြလိုပါ တယ်။ အခြေခံဥပဒေ ပုဒ်မ (၁၆၀) အရ ပြည်နယ်ဥက္ကဌကို ခန့်ထားရာမှာ ဝန်ကြီးချုပ်က ရှမ်းပြည်နယ်ကောင်စီနဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှ ခန့်ထားရ တယ်။ အပေါ်ယံကြည့်လိုက်ရင် ဒီ ပုဒ်မဟာ တစုံတရာ အပြစ်တင်ဖွယ် မရှိသကဲ့သို့ ထင်မြင်ရပါတယ်။ အမှန်မှာ ဝန်ကြီးချုပ်ဟာ ပြည်နယ်ဥက္ကဌ ခန့်အပ်ရာမှာ ဆိုင်ရာပြည်နယ်ကောင်စီနဲ့ ညှိနှိုင်းတိုင်ပင် သင့်တယ်။ ဒါပေမဲ့ ပြည်နယ်ဥက္ကဌ ရွေးကောက်တင်မြှောက်နိုင်တဲ့အာဏာ အစစ် အမှန်ဟာ မည်သူ့ထံတွင် ရှိသင့်တယ်၊ ရှိရမယ်ဆိုတဲ့ အချက်ရှိသင့်တယ်။ ဒီမိုကရေစီကျကျဆိုရင် ပြည်နယ်ဥက္ကဌကို ရွေးကောက်တင်မြှောက်နိုင် တဲ့ အာဏာဟာ ဆိုင်ရာပြည်နယ်ကောင်စီ၌သာ ရှိသင့်တယ်။ ရှိရမယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့် ဖြစ်ရဲ့လား။ ဖြစ်တာလဲ ရှိပါတယ်။ မဖြစ် တာလဲ ရှိပါတယ်။ ကောင်းပြီ ဘယ်အခါမှာ ဖြစ်နိုင်သလဲဆိုရင် ဆိုင်ရာ ပြည်နယ်ဥက္ကဌ အရွေးခံရသူဟာ ဝန်ကြီးချုပ် (တနည်း) ဖဆပလကို ထောက်ခံသူဖြစ်နေရင် ကောင်စီက ရွေးကောက်လိုက်တိုင်း ဝန်ကြီး ချုပ်က ဝမ်းပန်းတသာ လျောလျောရှုရှု လက်ခံလိုက်တယ်။ အကယ်၍ ဝန်ကြီးချုပ် (တနည်း) ဖဆပလကို ထောက်ခံမည့်သူ မဟုတ်ဘူးဆိုရင် ထိုသူကို ဝန်ကြီးချုပ်က မထောက်ခံ။ အကယ်၍ ခန့်ထားပြီးဖြစ်နေရင်လဲ အတင်းဖြုတ်ချပါတယ်။ရှမ်းပြည်နယ် ပထမဦးဆုံး ဥက္ကဌ လင်းခေး ဦးထွန်းမြင့်ကို ရှမ်းပြည်ကောင်စီက မဲအများစုဖြင့် ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ထားပေမယ့် ဝန်ကြီးချုပ်(ဦးနု)က အတင်းဖြုတ် ချဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံး ဌာန ပြောင်းလိုက်ပါတယ်။ (ဆိုင်ရာ ပုဂ္ဂိုလ်နှစ်ဦးစလုံး အသက်ထင်ရှားရှိနေသေးတဲ့အတွက် ဒီအချက်ကို ဝန်ခံကြရပါလိမ့်မယ်။)

ပြည်နယ်ဥက္ကဌခန့်ထားရာမှာ ဝန်ကြီးချုပ်က ဘယ်လောက်အထိ ရက် ရက်စက်စက် ဝင်ရောက်စွက်ဖက်နေတယ်ဆိုတာကို ချင်းအမျိုးသားများ က ပိုမိုသဘောပေါက်ပါတယ်။ လက်ရှိ ချင်းရေးရာဝန်ကြီး ဦးဇာရဲလျှန်ကို လဲ သက်သေထူပါရစေ။
အခု ဖြစ်နေတာက ပြည်နယ်ဥက္ကဌကို ဆိုင်ရာပြည်နယ်ကောင်စီက မဲအများစုနဲ့ ရွေးကောက်ပြီး ဝန်ကြီးချုပ်ဆီ တင်ပြနေရတယ်။ ဝန်ကြီး ချုပ်က သဘောကျမှပဲ အဲဒီ ပုဂ္ဂိုလ်ဟာ ခန့်ထားခြင်းခံရတယ်။ တကယ် လို့ သဘောမကျရင် အပယ်ခံရပါတယ်။ ဒီလိုနည်းနဲ့ပဲ ပြည်နယ်ဆိုင်ရာ အမတ်အများစုရဲ့ ဆန္ဒထက် ဝန်ကြီးချုပ်တဦးတည်းရဲ့ ဆန္ဒက အရေးသာနေတာ ထင်ရှားနေပါတယ်။ ဒါဟာ ဒီမိုကရေစီ အစဉ်အလာနဲ့ ပြောင်ပြောင်ကြီး ဆန့်ကျင်သွေဖည်နေပါတယ်။ ဒုတိယအချက်ကတော့ ဝန်ကြီးချုပ်ဟာ ပြည်နယ်ကောင်စီတခုလုံးကို မိမိရဲ့အလိုကျဖြစ်အောင် အမိန့်သြဇာပေးသလို ဖြစ်နေတယ်။ ဒီအချက်ကို ရှင်းပါရစေ။ တကယ်လို့ ပြည်နယ်ကောင်စီမှာ အမတ်အများစုက ဖဆပလနဲ့ ဆန့်ကျင်နေတဲ့ ပါတီ ကဖြစ်နေရင် သူတို့ရွေးကောက်လိုက်တဲ့ ပြည်နယ်ဥက္ကဌလောင်းလဲ အဲဒီ ပါတီကပဲ ဖြစ်လိမ့်မယ်။ အဲဒီ အခါကျရင် အဲဒီ ပုဂ္ဂိုလ်ကို ဖဆပလ ဝန်ကြီး ချုပ်က လက်ခံလိမ့်မယ် မဟုတ်ဘူး။ ဒါကြောင့် ဖဆပလ ဝန်ကြီးချုပ် လက်ခံနိုင်တဲ့ ပြည်နယ်ဥက္ကဌလောင်း ရအောင်ဆိုရင် ပြည်နယ်ကောင်စီ အမတ်အများစုဟာ ဖဆပလ အဖွဲ့ဝင် (သို့မဟုတ်) ဖဆပလကို ထောက် ခံ တဲ့လူတွေသာ ဖြစ်ရမယ်ဆိုတာ ရှင်းနေပါတယ်။ အဲသလိုဆိုရင် ကောင် စီ မှာ ဖဆပလ မဲများများရဖို့ ပြည်နယ်မှာ ဖဆပလ မဲဆန္ဒရှင်များ အောင် လုပ်ဖို့ပဲ ရှိတော့တယ်။ ဒီလို ကွင်းဆက်နဲ့ စဉ်းစားယူရင် ပြည်နယ် ဥက္ကဌကိုလဲ ဖဆပလ ထောက်ခံတဲ့လူဖြစ်အောင် လုပ်ရမယ်။ ပြည်နယ် ကောင်စီကိုလဲ ဖဆပလကို ထောက်ခံအောင် လုပ်ရမယ်။ ပြည်နယ်တခု လုံးကိုလဲ ဖဆပလကို ထောက်ခံအောင် လုပ်ရတော့မယ်။ ဒါကြောင့်မို့ လို့လဲ ပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အဓိပ္ပါယ်ကင်းမဲ့အောင် ဖဆပလဟာ လုပ်နေတယ်။ ဒီလို လုပ်နေရင်းကပဲ ပြည်နယ်ထဲကို နိုင်ငံရေး အားဖြင့် ဝင်ရောက်စွက်ဖက်ရာ ရောက်နေပြီး ဒီလို ဖဆပလ တို့ရဲ့ ရှမ်းပြည်နယ်အတွင်း နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုဟာ လက်တွေ့ ခန်းမှာ ပိုပြီး ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ ကဲ လက်တွေ့ခန်းဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသားရေးတွေကို တခုစီ ဆန်းစစ်ကြရ အောင်။

စစ်အုပ်ချုပ်ရေး
ရှမ်းပြည်နယ်အုပ်ချုပ်ရေး စက်ယန္တရားကို တမျိုးတဖုံပြောင်းလဲသွား အောင် ပြည်မအစိုးရဟာ နည်းပရိယာယ်အမျိုးမျိုးနဲ့ ဝင်ရောက်စွက်ဖက် လာတာကို တင်ပြပါရစေ။ သာဓကပြရင် ၁၉၅၂ ခုနှစ်မှာ ရှမ်းပြည်နယ်သို့ စစ်အုပ်ချုပ်ရေးကို သွတ်သွင်းလာခဲ့ပြီး ပြည်နယ်ရဲ့ အုပ်ချုပ်ရေးကို ပျက် ပြားစေခဲ့တယ်။ ပြည်မအစိုးရဟာ ရန်သူတရုတ်ဖြူကို အကြောင်းပြပြီး ရှမ်းမြေပေါ်မှာ တပ်မတော်သားများကို လိုသည်ထက် ပိုမိုထားရှိခဲ့တယ်။ အစတုံးကတော့ ရှမ်းပြည်လူထုတရပ်လုံးဟာ ပြည်မရဲ့စေတနာကို ထောပနာပြုမိပါတယ်။ ဗမာ့တပ်မတော်ကြီး အောင်ပွဲဆင်နိုင်ဖို့အတွက် ရှမ်းပြည်လူထုဟာ တတ်နိုင်တဲ့ဖက်ကနေပြီး ရှေ့တန်းစစ်မျက်နှာထိ အကူအညီအမျိုးမျိုးပေးခဲ့တယ်။ ဒါပေမဲ့ ပြည်မအစိုးရဟာ တဖက်က တရုတ်ဖြူကို ဘန်းပြပြီး တဖက်က မလိုလားအပ်တဲ့ ဝင်ရောက်စွက်ဖက်မှု ကို ပြုကျင့်ခဲ့တယ်။ ဥပမာ တရုတ်ဖြူရဲ့ အရိပ်အယောင်ကိုမျှ မမြင်ရတဲ့ ညောင်ရွှေနယ်၊ ကလောနယ်၊ တောင်ကြီးနယ်၊ မိုင်းပွန်နယ်၊ လွယ်လင်၊ လဲချားနဲ့ မိုင်းကိုင်နယ်ဒေသများကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး တပ်မတော်ရဲ့ အာဏာစက်ကို သွတ်သွင်းခဲ့ကြတယ်။

ဒါပေမဲ့ ဖဆပလ ပြည်မ ဗဟိုအစိုးရရဲ့ နိုင်ငံရေးကျားကွက်ဆန်းဟာ မထိမ်ဝှက်နိုင်လောက်အောင် တနေ့တခြားပေါ်လွင်လာခဲ့တယ်။ စစ်စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များဟာ စစ်အုပ်ချုပ်ရေးရဲ့ အရှိန်ကို အခွင့် ကောင်းယူပြီး လက်နက်အားကိုးနဲ့ ရှမ်းပြည်လူထုအပေါ် ဖက်ဆစ်ဆန် ဆန် ကာယကံမြောက် ကြီးနိုင်ငယ်ညှဉ်းဆဲ ပြုကျင့်ခဲ့ကြတယ်။ စော်ကား ခဲ့ကြတယ်။ ရက်စက်ခဲ့ကြတယ်။ ဒီလို မတရားပြုမူပုံကို ဘယ်သူမှ မငြင်း ကွယ်နိုင်ပါဘူး။

ရှမ်းပြည်နယ် အုပ်ချုပ်ရေး အမှုအခင်းတွေမှာ စစ်ဖက်က မဆီမဆိုင်ပါပဲနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တယ်။ ဖမ်းဆီးခဲ့တယ်။ နှိပ်ကွပ်ခဲ့တယ်။ အဲသလို အာဏာရှင်ဆန်ဆန် ပြုကျင့်လို့ ယခု ရှမ်းပြည်လူထုတရပ်လုံးဟာ တပ်မ တော်ကို အော့နှလုံးနာနေကြတယ်။ ဖဆပလ ဗဟို အစိုးရဟာ မိမိရဲ့ အမှားကို ရပ်တန်းကမရပ်ပဲ လူလည်လုပ်လာပြန်သေးတယ်။ ၁၉၅၅ ခုနှစ် မှာ စစ်အုပ်ချုပ်ရေး အာဏာကို အရှုံးနဲ့ပဲ ပြန်လည်ရုပ်သိမ်းခဲ့ပြီး နိုင်ငံရေး ပရိယာယ် ကျားကွက်ဆင်ခဲ့ပါသေးတယ်။ အမြင်အားဖြင့် စစ်အုပ်ချုပ်ရေး ကို ရုပ်သိမ်းခဲ့တယ် ဆိုပေမယ့် လက်တွေ့အားဖြင့် ထူးခြားချက်မရှိပါ။ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းခဲ့တယ် ဆိုပေမယ့် စစ်တပ်ကို မရုပ်သိမ်းတဲ့ အတွက် ရှမ်းပြည်လူထုဟာ သူတို့ရဲ့ စစ်ဖိနပ် သံခွာအောက်မှာ အလူး အလွန့်ခံနေကြရပါတယ်။ “ငါ”ဆိုတဲ့ မာန်ကိုစွဲပြီး “ငါ”လုပ်ရင်ဖြစ်ရမယ် ဆိုတဲ့ သဘောနဲ့ ဖဆပလ ဗဟို အစိုးရဟာ ပြည်သူ့တပ်မတော်ကို ခုတုံးလုပ်ပြီး ရှမ်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှာ ပြောင်ပြောင်ကြီး ဝင် ရောက်စွက်ဖက်နေပါတယ်။
ဒါတွေကတော့ တကြိမ်က မချိအောင်ခံစားလိုက်ရတဲ့ စစ်အုပ်ချုပ်ရေးရဲ့ ဆိုးဝါးပုံကို အကျဉ်းချုံးပြီး တင်ပြခြင်းပါပဲ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။