(Kachinland)
၁၉၅၇
ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော လူမျိုးစုပေါင်းစုံ
တွေ့ဆုံဆွေးနွေးပွဲကြီးတွင် ရှမ်းပြည်ကိုယ် စား လှယ်များတင်ပြသည့် ရှမ်းပြည်၏
နစ်နာချက်များကို အပိုင်းလိုက် ဖော်ပြသွားပါမည်။ စာမူများကို ကိုစိုင်းသိန်းဝင်းက
ကျေးဇူးပြုပါသည်။
သဘာပတိမင်းနှင့်တကွ
ကြွရောက်လာကြသော သံဃာတော် အရှင်မြတ် များ၊ ဂုဏ်သရေရှိ လူကြီးမင်းများ၊ အမတ်များ၊
ပြည်နယ်အသီးသီးမှ လူမျိုးစုသွေးချင်း ညီရင်း အစ်ကို ကိုယ်စားလှယ်တော်များကို
ကျနော် ဒီနေရာကနေပြီး ဂါရဝပြုလိုက်ပါတယ်။ လှိုက်လှဲစွာ ကျေးဇူးတင် ကြောင်းလဲ
ပြောလိုပါတယ်။
ပြီးတော့
ကျနော်ဟာ အတိုင်းအဆမရှိအောင်ပဲ ဂုဏ်ယူအားတက်မိ ပါတယ်။ ကျနော် ဘာဖြစ်လို့
ဒီလောက်တောင် ဂုဏ်ယူအားတက်မိ သလဲဆိုတာကို တင်ပြလိုပါတယ်။ ပထမအချက်ကတော့ ခုလို ပြည်
ထောင်စု မြန်မာနိုင်ငံသမိုင်းမှာ မော်ကွန်းတင်ကျန်ရစ်ခဲ့မယ့် လူမျိုးပေါင်း စုံတွေ့ဆုံဆွေးနွေးပွဲကြီးမှာ
ကျနော်ဟာ ရှမ်းပြည်တိုင်းရင်းသားတဦး အနေနဲ့ ပါဝင်ပြီး ကနေ့ရှမ်းပြည်မှာ
ခံစားနေရတဲ့ နစ်နာချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးခွင့်ရလို့ ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ ဂုဏ်ယူအားတက်မိတာကတော့ ပြည်နယ်အသီးသီးမှ လူမျိုးစုသွေး ချင်းညီအစ်ကိုများနဲ့
ကျနော်ဟာ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး ခွင့်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ကျနော်နည်းတူ တခြားလူမျိုးစု အသီးသီးမှ ကိုယ်စားလှယ်တော်များကလဲ ဂုဏ်ယူအားတက်မိ ကြလိမ့်မယ်လို့
ကျနော်လုံးဝ ယုံကြည်ပါတယ်။
အဲသလို
ကျနော် ဂုဏ်ယူအားတက်မိနေရင်း တချိန်ထဲမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က
ပထမဦးစွာ ခုလို လူမျိုးစုပေါင်းစုံတွေ့ဆုံဆွေး နွေးခဲ့တဲ့ အဖြစ်ကို ကျနော်
ပြန်ပြောင်းသတိရမိပါတယ်။ အဲဒီ ပထမ အကြိမ်တွေ့ဆုံခြင်းကတော့
ကွယ်လွန်သွားရှာခဲ့ပြီဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ လူမျိုးစုခေါင်းဆောင်ကြီးများစုစည်းပြီး
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ရှမ်းပြည်ပင်လုံမြို့မှာ ခြိမ့်ခြိမ့်သဲ
အောင်မြင်စွာ ကျင်းပခဲ့တဲ့ မော်ကွန်းတင် ပင်လုံညီလာခံကြီးပါပဲ။ အဲဒီ ပင်လုံညီလာခံ ကြီးမှာပဲ
ကျနော်တို့ လူမျိုးစု ညီအစ်ကိုတတွေဟာ တွေ့ဆုံရင်းနှီးပြီး ခိုင်မြဲတဲ့ သွေးစည်းညီညွတ်မှုကြီးကို
အရတည်ဆောက်ခဲ့ကြပါတယ်။ အခု ဒီဆွေးနွေးပွဲကြီးကလည်း အလားတူ ခိုင်မာတဲ့
လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်မှုကို ပြန်လည်အသက်သွင်းပေးနိုင်လိမ့်မယ်လို့
ကျနော် နှစ်နှစ်ကာကာ ယုံကြည်ပါတယ်။
သဘာပတိနဲ့
ဘဝတူ လူမျိုးစုကိုယ်စားလှယ်တော်များ ခင်ဗျား။
ရှမ်းပြည်နယ်မှာ
ကနေ့ တွေ့ကြုံခံစားနေရတဲ့ နစ်နာချက် အဖြစ် အမှန်တွေကို မတင်ပြမှီ၊ အတိတ်က
ရာဇဝင်ကို အနည်းငယ် တင်ပြပါ ရစေ။
အတိတ်ရာဇဝင်ပိုင်း
အတိတ်ရာဇဝင်ကို
ပြန်လည်ဆန်းစစ်လိုက်တဲ့အခါမှာ ရှမ်းပြည်သူ တွေဟာ ရာဇဝင်တလျှောက်လုံး
“သူ့ကျွန်”ဖြစ်ခဲ့ရတဲ့ ဖြစ်အင်ကို ဝမ်းနည်းကြေကွဲဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။
မြန်မာဧကရာဇ်များ
အုပ်စိုးစဉ်အခါမှာ ရှမ်းပြည်စော်ဘွားမြို့စားများဟာ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊
သမီးကညာ ဆက်သကာ ခံစားခဲ့ရပါတယ်။ ရှမ်းပြည်သူတွေလဲ မြန်မာဧကရာဇ်တို့ရဲ့
ကျေးတော်မျိုး၊ ကျွန်တော်မျိုး များ ဖြစ်ခဲ့ရတယ်။ ဧကရာဇ်မင်းတို့ အချင်းချင်း
နယ်ပယ်လုတဲ့ စစ်ပွဲ များမှာပဲဖြစ်ဖြစ် ယိုးဒယား၊ မဏိပူရစတဲ့
နိုင်ငံချဲ့စစ်ပွဲများမှာပဲဖြစ်ဖြစ် ပါဝင်တိုက်ခိုက် အမှုထမ်းခဲ့ရပါတယ်။
သီပေါဘုရင်
ပါတော်မူတဲ့ တချိန်တည်းမှာပဲ ရှမ်းပြည်ဟာ ဗမာပြည်နဲ့ အတူ
ဗြိတိသျှနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရတယ်။ ၁၉၄၂ ခုနှစ်မှာ ဖက်ဆစ်ဂျပန်
မြန်မာပြည်ကို သိမ်းပိုက်စဉ်အခါမှာလဲ ရှမ်းပြည်ဟာ တခါတည်း ဂျပန်လက်အောက်ကို
ရောက်ခဲ့ရပြန်တယ်။
တဖန်
ဖက်ဆစ်ဂျပန်တို့အား ဗမာပြည်မမှ ရဲဘော်များနှင့်အတူ တိုက်ထုတ်လိုက်တဲ့အခါ
ရှမ်းပြည်မှာလဲ နိုင်ငံရေးအရ နိုးကြားလာတာ တွေ့ရပါတယ်။ ကျွန်ဘဝကို ရွံမုန်းလာတယ်။
လွတ်လွတ်လပ်လပ် နေထိုင်လိုတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးလိုလာကြတယ်။
ဒါပေမဲ့
လွတ်လပ်ရေး အဆောတလျင်လိုလားတဲ့ ရှမ်းပြည်သူတွေဟာ စည်းရုံးမှုအင်အား မကောင်းသေးတာကို
တွေ့ရပါတယ်။ မဟာမိတ် လိုက်ရှာတဲ့အခါ ကံတူအကျိုးပေးဖြစ်တဲ့ မြန်မာပြည်သူတို့ကို
တွေ့ရပါ တယ်။ မြန်မာပြည်လဲ ရှမ်းပြည်နဲ့အတူ ဗြိတိသျှနယ်ချဲ့လက်အောက်မှာ
နှစ်ပေါင်းတရာလုံးလုံး စုံးစုံးမြုပ်နေတဲ့အခါမှာ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု
ဓလေ့ထုံးစံတို့ဟာလဲ တဦးနှင့်တဦး နီးစပ်ခဲ့ပါတယ်။ ဗြိတိသျှနယ်ချဲ့သမားများဟာ
ရှမ်းနဲ့ မြန်မာ၊ မြန်မာနဲ့ကချင် စတဲ့ တိုင်းရင်းသားတွေကို သွေးခွဲထားခဲ့တယ်။ ဒီ
နယ်ချဲ့ဘေးအန္တရာယ်ကို တိုက်ဖျက်ဖို့ တောင်တန်းသားများနဲ့ ပြည်မက တိုင်းရင်းသားများ
သွေးစည်းညီညွတ်ကြမှသာ လွတ်လပ်ရေးကို တိုက်ယူနိုင်ကြောင်း သဘောပေါက်လာပါတယ်။
တကွဲတပြားစီ တိုက်ယူမယ့်အစား စုရုံးပေါင်းစည်းပြီး တိုက်ယူဖို့ သဘောပေါက်လာကြတယ်။
အဲဒါကြောင့်
၁၉၄၇ ခု ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်ပင်လုံမြို့မှာ
တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ တွေ့ဆုံစည်းဝေးကာ ညီညွတ်မှုကို
တည်ထောင်ခဲ့ပါတယ်။ အဲဒီတုံးက လူမျိုးစုတို့ရဲ့ သံသယတခုဟာ နယ်ချဲ့ကို
မောင်းထုတ်ပြီးတဲ့အခါ မြန်မာတို့က ရှမ်း၊ ချင်း၊ ကချင်၊ ကရင် စတဲ့
လူမျိုးစုတို့အပေါ် နိုင်ငံရေးအရသော်လည်းကောင်း၊ အုပ်ချုပ်ရေး အရသော်လည်းကောင်း၊
စီးပွားရေးအရသော်လည်းကောင်း၊ ယဉ်ကျေးမှု အရသော်လည်းကောင်း၊
လူမျိုးရေးအရသော်လည်းကောင်း နယ်ချဲ့ အင်္ဂလိပ်ထက် ဖိနှိပ်စော်ကားမှာစိုးတဲ့ သံသယပဲ
ဖြစ်ပါတယ်။ ရှင်းရှင်း ပြောရမယ်ဆိုရင် ရှမ်းပြည်သူလူထုတရပ်လုံးက လိုချင်တဲ့
လွတ်လပ် ရေးဟာ ဗြိတိသျှအစား မြန်မာကို ပုခုံးပြောင်းတဲ့ လွတ်လပ်ရေးမျိုး မဟုတ်ပါ။
အဲဒီလို
လူမျိုးငယ်တို့ဟာ မြန်မာလူမျိုးတို့အပေါ် မယုံမကြည်ဖြစ်နေတဲ့ အတွက် ပင်လုံညီလာခံမှာ
ဗိုလ်ချုပ်အောင်ဆန်းက စိတ်ရှည်လက်ရှည်နဲ့ အချိန်အတော်ကြာအောင် ရှင်းလင်းခဲ့ပါတယ်။
အဲဒီအခါမှာ ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်တဲ့ (ဖဆပလ) နိုင်ငံရေးပါတီနဲ့
အခြားတိုး တက်တဲ့ နိုင်ငံရေးခေါင်းဆောင်များက အောက်ပါအတိုင်း သဘောတူ ပြောဆို
ဂတိပြုခဲ့ပါတယ်။
၁။
ယခု ပူးပေါင်းရေးသည် နောင် ပူးပေါင်းရေး၊ ခွဲထွက်ရေးကို မထိခိုက်စေရ။
၂။
နောင် ပူးပေါင်းခဲ့သော်လည်း ခွဲထွက်လိုက ပြန်ခွဲထွက်နိုင်ခွင့် ရှိစေရမည်။
၃။
တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ပြီးနောက် မပူးပေါင်းနိုင်သေးလျှင် ပူးပေါင်းလိုတဲ့အခါ
ပူးပေါင်းနိုင်ရန် လမ်းဖွင့်ပေးထားမည်။
၎။
ရှမ်းပြည် ပြည်တွင်းအုပ်ချုပ်မှုမှာ လုံးဝ လွတ်လပ်ခွင့်ရှိရမည်။
၅။
ရှမ်းစသော လူမျိုးစုတို့၏ စာပေယဉ်ကျေးမှုများကို မစော်ကား မထိခိုက်ပါ။
ဒီထက်တော့
ဘယ်သူမှ သဘောထားမကြီးနိုင်ဘူးဆိုတာကို အဲဒီအခါက လူမျိုးစုများ ယုံကြည်ခဲ့တယ်။
ဒီခေတ်မှီတဲ့ သဘောထားကို လူမျိုးငယ် များက လှိုက်လှဲစွာထောက်ခံခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားများကို သဘောရိုးသားစွာနဲ့ လူမျိုးငယ်များ
ယုံကြည်ခဲ့တယ်။ အခြား ပြည်မနိုင်ငံရေးခေါင်းဆောင်များကိုလဲ
ဗိုလ်ချုပ်အောင်ဆန်းနည်း တူ သန့်စင်သော သဘောရှိမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့
ယခုတော့ ကျနော်တို့ သဘောရိုးသားစွာနဲ့ ပြည်မခေါင်းဆောင်ကြီးများကို
သိမ်းကြုံးယုံကြည်ခဲ့ခြင်းဟာ ကျနော်တို့ရဲ့ မဟာအမှားကြီးဖြစ်ခဲ့ပါ လားဆိုတာ
ယနေ့ပြည်နယ်မှာ ခံစားနေရတဲ့ အခြေအနေက သက်သေ ပြလျက်ရှိပါတယ်။
လူမျိုးငယ်များဟာ
ကျနော် အစီရင်ခံသလို ပြည်မခေါင်းဆောင်များရဲ့ ဂတိစကားများကို သဘောရိုးသားစွာနဲ့
ယုံကြည်ကိုးစားအားထားပြီး နယ်ချဲ့အင်္ဂလိပ်ကို အတူလက်တွဲကာ တိုက်ထုတ်ရန်သဘောတူပြီး
ပင်လုံစာချုပ်ကို ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ပါတယ်။
ပင်လုံစာချုပ်မှာ
အောက်အဓိကအချက်များ ပါဝင်ကြောင်း ညွှန်ပြပါရစေ။
၅။
နယ်ခြားဒေသများအတွက် ပြည်တွင်းအုပ်ချုပ်မှုတွင် လုံးဝကိုယ် ပိုင်အုပ်ချုပ်ခွင့်ကို
မူအားဖြင့်လက်ခံသည်။
၆။
ဒီမိုကရေစီနိုင်ငံများတွင် သတ်မှတ်ထားသော အခြေခံအကျိုးနှင့် အခွင့်အရေးများကို
နယ်ခြားဒေသရှိ တိုင်းရင်းသားများတို့က ခံစားရမည်။
၇။
ဤ စာချုပ်တွင် လက်ခံပြီးသော အစီအစဉ်များသည် ပဒေ သရာဇ်ရှမ်းပြည်၏ ယခု ရရှိထားသော
ကိုယ်ပိုင် ဘဏ္ဍာရေးရာ အုပ် ချုပ်မှုကို ထိခိုက်မည် မဟုတ်..
ဟု
အဓိကအားဖြင့် ဆိုထားပါတယ်။
ခွဲထွက်ခွင့်နဲ့
ပတ်သက်လို့လဲ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ပြည် နယ်များကို
“ခွဲထွက်ခွင့်ပေးရမည်။ မခွဲထွက်ချင်အောင် လုပ်ပြရမှာက ကျုပ်တို့တာဝန်”လို့
ရှင်းလင်းပြတ်သားစွာ မိန့်ကြားခဲ့ပါတယ်။
ကြီးနိုင်ငယ်ညှဉ်းဆဲဝါဒကို
ရှမ်းပြည်သူပြည်သားများအပေါ်မှာ မကျင့် သုံးဖို့ကိုလဲ
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရှမ်းပြည်ရှိ မြန်မာလူမျိုး များအား
မိန့်ကြားခဲ့ပါတယ်။ “ရှမ်းပြည်မှာနေတဲ့ ဗမာတွေ ရှမ်းအမျိုးသား များနဲ့
ချစ်ချစ်ခင်ခင် ညီရင်းအစ်ကိုလို နေထိုင်သွားကြပါ။ အနိုင်မကျင့်ချင်ကြပါနဲ့။
အနိုင်ကျင့်မယ်ကြံရင် ကျုပ်နဲ့အရင် အိုးစားကွဲ ရလိမ့်မယ်”လို့
ပြတ်သားစွာပြောခဲ့ပါတယ်။
ပြည်ထောင်စု
မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်က ခွဲထွက်နိုင်တဲ့
အခွင့်အရေးအခန်းမှာ “ဤ အခြေခံဥပဒေ အာဏာ တည်သည့်နေ့မှ ဆယ်နှစ်အတွင်းခွဲထွက်နိုင်သော
အခွင့်အရေးကို အသုံးမပြုရ”ဟု ဗုဒ်မ-၂၀၂ကို ထည့်သွင်းတဲ့အခါ ကျနော်တို့ရဲ့
ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။
ဘာပြုလို့
ကန့်ကွက်ရသလဲဆိုတော့ ပြည်ထောင်စုသဘောတရားများကို ထိခိုက်လို့ပါပဲ။
လူမျိုးစုတို့ရဲ့ အခွင့်အရေးကို ချုပ်ချယ်ထိပါးလို့ ကန့် ကွက်ခဲ့ပါတယ်။
ဒါပေမဲ့
ဗိုလ်ချုပ်အောင်ဆန်းတို့က ထိုစဉ်အခါမှာ ကမ္ဘာ့အခြေအနေ၊ နိုင်ငံရဲ့
လွတ်လပ်ရေးအခြေအနေကို ရှင်းပြပြီး ၁၀ နှစ်ကာလအတွင်း ၅ နှစ် စီမံကိန်း ၂ ခုလောက်
ဃဃနနလုပ်ပြီး ပြည်ထောင်စု တဝှမ်းလုံးရဲ့ ကြီးပွားတိုးတက်ရေးကို လက်ဆုပ်လက်ကိုင်
ပြပါရစေ။ အဲသလို ဆယ် နှစ်လောက်လုပ်ပြပြီးမှ ကျေနပ်မှုမရှိလျှင် သဘောအတိုင်း
ခွဲထွက်ကြ ပါလို့ စိတ်ထိခိုက်လောက်အောင် ရိုးသားစွာတင်ပြပြောဆိုတဲ့အတွက် ၁၀ နှစ်
ကန့်သတ်ခြင်းကို လိုက်လျှောသဘောတူခဲ့ကြပါတယ်။
ဒီနည်းနဲ့
ရှမ်းပြည်ဟာ ဗမာပြည်နဲ့ ပူးပေါင်းသွေးစည်းကာ ရှမ်းရော ဗမာပါ ဗြိတိသျှနယ်ချဲ့
ထမ်းပိုးအောက်က လွတ်မြောက်လာခဲ့ကြပါ တယ်။ ယနေ့ဆိုရင် ၁၀ နှစ်
ပြည့်မြောက်လာခဲ့ပါပြီ။ ဒီ ၁၀ နှစ် ကာလ အတွင်း ပူးပေါင်းခဲ့ခြင်းရဲ့
အရှုံးအမြတ်စာရင်းကို စီစစ်ဝေဖန်ရန် လို လာပြီလို့ ကျနော် ယူဆပါတယ်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။