Thursday, December 20, 2012

အပစ်အခတ် ရပ်စဲရုံဖြင့် ဒေသမဖွံ့ဖြိုးနိုင်

(ဧရာဝတီသတင်းဌာန)


အပစ်အခတ် ရပ်စဲထားရုံနှင့် ကရင်ပြည်နယ် မတိုးတက်နိုင်ကြောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ထားသည့် ကရင် လက်နက်ကိုင် အဖွဲ့များက ဧရာဝတီသို့ ပြောသည်။

ကရင် လက်နက်ကိုင်အဖွဲ့များသည် အစိုးရနှင့် နှစ်ဘက် သဘောတူထားသည့် အချက်များတွင်ပါဝင်သည့် ခံစားခွင့်နှင့် လုပ်ပိုင်ခွင့် များ မရရှိသေးကြောင်း သိရသည်။

“သူတို့ ပြောတာက ကျနော်တို့ရဲ့ အဖွဲ့အစည်းကို ပံ့ပိုးပေးမယ်၊ ရိက္ခာ ပေးမယ်၊ ဆေးရုံတို့ ကျောင်းတို့ ပံ့ပိုးပေးမယ်။ အခုတော့ တခုမှ မရသေးဘူး။ မရှိသေးဘူး။ ပါးစပ်နဲ့ပဲ ပြောတယ်၊ လက်တွေ့ မရှိသေးဘူး။ ဒါက ၀န်ကြီးချုပ် ဦးဇော်မင်းရဲ့ အခက်အခဲ။ သူလုပ်ပေးလို့ ရနိုင်၊ မရနိုင်ဆိုတာကို ပြန်စဉ်းစားကြည့်ရမယ်။ ပြီးတော့ ဒီမေးခွန်းကို ပြန်ဖြေရမယ်”ဟု KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး စောအဲကော်ထူး (တိုက်ဂါး)က ပြောသည်။


အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည်မှာ ၅ နှစ် ကျော်ရှိပြီ ဖြစ်သော်လည်း နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးခြင်း မရှိသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် များသည် တရားဝင် စီးပွားရေး လုပ်ကိုင်နိုင်ရန် ခက်ခဲနေကြောင်း ယင်း လက်နက်ကိုင် အဖွဲ့များက ပြောဆိုကြသည်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ တခု ဖြစ်သည့် မြ၀တီမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့အဖွဲ့အစည်း ရပ်တည်ရေး အတွက် စီးပွားရေးသမားများနှင့် ပူးပေါင်း၍ ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

ကရင်ပြည်နယ် ဖွံ့ဖြိုးမှု နှောင့်နှေးနေမည်ဆိုပါက အခြား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆောင်ရွက်သွားရန် ရှိကြောင်း KNU/KNLA ငြိမ်ချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောအဲကော်ထူး က ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)အဖွဲ့မှ ဗိုလ်မှူးစောဆန်းအောင် ကလည်း“ကရင်ပြည်နယ် တိုး တက်ဖို့ ဆိုတာ အဓိက အာဏာရှိတဲ့ သူတွေက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးဖို့ လိုမယ်။ ဖြစ်နိုင်ရင် သူ့ ပြည်နယ်မှာ သူ့ တရားဥပဒေ စိုးမိုးပိုင်ခွင့် ရှိဖို့လိုမယ်။ ကရင် ပြည်နယ် တိုးတက်ဖို့ ဒီလို အပစ်အခတ် ရပ်စဲ ထားရုံနဲ့ ကရင်ပြည်နယ် မတိုးတက်နိုင်ပါဘူး”ဟု ပြောသည်။

ပြည်သူလူထု ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည့် အခွန်ကောက်ယူခြင်းများကို မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမှ မပြုလုပ်လျှင် နိုင်ငံသားများ ပိုပြီး မြန်မြန် ကြီးပွားချမ်းသာ လာမည်ဖြစ်ပြီး ကုန်စည် စီးဆင်းမှု အဓိက ကျသည့် ကရင် ပြည်နယ်သည်လည်း ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်းလည်း DKBA ဗိုလ်မှူးက ပြောသည်။

မြ၀တီ ဒေသခံ ကိုအောင် က“မြ၀တီက တိုးတက်သင့်သလောက် မတိုးတက်ဘူး။ လမ်းတွေ အရမ်းဆိုးတယ်။ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေ အနေနဲ့ လမ်းတွေ ပြင်ပေးဖို့ ကောင်းတယ်။ ဒီ လမ်းတွေက ကုန်သွယ်မှုမှာ အဓိကကျတဲ့ အတွက် ၀င်ငွေ ဆို လည်း အရမ်းရတယ်။ ရရှိတဲ့ငွေနဲ့ ဒီလမ်းတွေ ပြင်ဖို့ကောင်းတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှု လမ်းကြောင်း ဖြစ်သည့် မြ၀တီ-ကော့ကရိတ် လမ်းသည် ကြမ်းတမ်းပြီး အန္တရာယ်များသည့် အတွက် ကုန်စည် စီးဆင်းမှုမှာ ထင်သလောက် ခရီးမပေါက်ကြောင်း ကုန်သည်များကပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည့် KNU ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ၊ DKBA ၊ နယ်ခြားစောင့် တပ် နှင့် အစိုးရ စစ်တပ်များရှိပြီး စီးပွားရေး လုပ်ပိုင်ခွင့်တွင် ၎င်း လက်နက်ကိုင် အဖွဲ့များ၏ ချုပ်ကိုင် ထားမှုများ ရှိနေ ကြောင်း စီးပွားရေး သမားများက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။