Wednesday, September 16, 2015

သျှမ်း ၊ ပအိုဝ်း နာမည်သုံးပြီး ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တောင်ပိုင်း ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့ နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသည် စက်တင်ဘာ ၈ ရက် မဲဆွယ် စည်းရုံးခွင့် ပြုသည့်နေ့မှ စ၍ မြို့နယ် အတွင်း နေရာ အနှံ့ အပြားတွင် သျှမ်းပြည် ခိုင်ဖြိုး ၊ ပအိုဝ်း ပြည်ခိုင်ဖြိုး ဟူ၍ ဆိုင်းဘုတ်များ စိုက်ထူကာ မဲဆွယ် နေကြောင်း သိရသည် ။

စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သော မောက်မယ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင်လည်း ရဲတပ်ဖွဲ့ဝင်များမှာ  အရပ်ဝတ်ဖြင့် ဆွေးနွေးပွဲအတွက် လုံခြုံရေး ယူပေးခဲ့သည်ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံ  တဦးက ပြောသည် ။


" မဲဆွယ် စည်းရုံးရေး သွားရင် ဝေငှပေးဖို့ အကျီ ၊ ဦးထုပ် စတာတွေမှာ သျှမ်းခြင်္သေ့ ပအိုဝ်းခြင်္သေ့ ဆိုပြီး ရေးထားတယ် ။ လမ်းဘေး ဆိုင်းဘုတ် တွေမှာလည်း အဲလို ရေးထားတယ် ။ ဘာကြောင့် ဗမာခြင်္သေ့ လို့မရေးတာလဲ ။ ဒါမှမဟုတ် သူတို့က ဗဟိုကနေ ခွဲထွက်လာတာလား ၊ အဲလို မရှင်းမရှင်း မပြတ် မသားပုံစံ နဲ့တော့ မလုပ်သင့်ပါဘူး ။ တခြားပါတီ တွေဆို သူများ အဲလို မလုပ်ဘူး ။” - ဟု လည်း အဆိုပါ လူငယ်က ဆက်လက်ပြော ကြားသည် ။


လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် မဲဆန္ဒနယ် ၂ နယ်ရှိရာ အမှတ် ၁ မဲဆန္ဒနယ်တွင် သျှမ်းတိုင်းရင်းသား အများစု နေထိုင်ပြီး အမှတ် ၂ မဲဆန္ဒနယ်တွင် ပအိုဝ်း တိုင်းရင်းသား အများစု နေထိုင်ပါသည် ။ အဆိုပါ ၂ နေရာတွင် ပြည်ခိုင်ဖြိုး ပါတီအပြင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဟူသည့် ပါတီ ကြီး ၅ ခုက   ယှဉ်ပြိုင် ကြမည်ဖြစ်သည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။