Wednesday, May 21, 2014

RCSS/SSA နှင့် ဆက်သွယ်၍ ဖမ်းဆီးခံရသူ ဦးအိုက်ကျိမ်းကို ရုံးထုတ်စစ်ဆေးတော့မည်

(Mizzima)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသူ ဦးအိုက်ကျိမ်းကို မေလ ၂၂ရက်တွင် ကျိုင်းတုံမြို့နယ် တရားရုံး၌ စတင်ရုံးထုတ်စစ်ဆေးတော့မည်ဟု ရှမ်းအမျိုးသား ဒီမိုကရက်ရေစီအဖွဲ့ချုပ် (SNLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်က SNLDပါတီ၏ ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ကျေးရွာ၏ တာဝန်ခံ ဦးအိုက်ကျိမ်းကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး မေလ ၉ ရက်တွင် ကျိုင်းတုံရဲစခန်းသို့ လွဲပြောင်းပေးအပ်ကာ အမှုဖွင့် ရမန်ယူခဲ့သည်။


“ဒီနေ့ ၂၁ ရက် ကျွန်တော်တို့ အကူအညီပေးမယ့် ရှေ့နေက ဥပဒေအရာရှိနဲ့ သွားတွေ့တော့ ဥပဒေအရာရှိက ရဲဘက်ကို ၁၇(၁)နဲ့ စွဲသင့်ကြောင်း ဒီနေ့ အမိန့်ချပေးလိုက်ပါတယ်။ အဲဒါကြောင့် ရဲကနေ သူ့ကို မနက်ဖြန်ကျရင် ရုံးထုတ်ပါလိမ့်မယ်”ဟု ဦးစိုင်းလိတ်က ပြောသည်။

ဦးအိုက်ကျမ်းကို ဖမ်းဆီးသွားစဉ် ခလရ ၂၄၅ တပ်ဖွဲ့များက သူ့အား ရိုက်နှိက်မှုများ ပြုလုပ်ခဲ့သဖြင့် လက်ရှိ ဦးအိုက်ကျိမ်း၏ ကျန်းမာရေးအခြေအနေသည် ဆေးကုသမှု လိုအပ်နေသည်ဟု မေလ ၂ဝ ရက်က ကျိုင်းတုံထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သူများက ပြောသည်။

“သူ့ကို အိမ်မှာစဖမ်းဖမ်းချင်း ရိုက်နက်ပြီး ခေါ်သွားတယ်။ နောက် ခလရ ၂၄၅ တပ်ထဲမှာ သူ့ကို ရိုက်နက်တယ်။ သေနတ်တွေနဲ့ နဖူးကို ထုတယ်။ ပြီးတော့ လက်သီးနဲ့ ဗိုက်ကိုထိုးတယ်။ သေနတ်နဲ့ထုခံရတဲ့ ဒဏ်ရာကြောင့် ခေါင်းတွေ မူးတယ်။ အားမရှိသလို ခံစားရတယ်။ ဒါကို ဆေးဝါးကုသဖို့ လိုတယ်ဆိုပြီး မနေ့က ထောင်ဝင်စာသွားတွေ့တဲ့ လူတွေ ပြောတယ်။ ဒါထောင်အာဏာပိုင်တွေနဲ့ ပြောဖို့ လိုတယ်ဆိုပြီး အကြံပြုတယ်”ဟု ဦးစိုင်းလိတ်က ပြောသည်။

သူ့အား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးရန်အတွက် ကျိုင်းတုံထောင် အာဏာပိုင်များထံ သက်ဆိုင်ရာ ပါတီဝင်များအနေဖြင့် အကူအညီတောင်းရန်လည်း ဦးစိုင်းလိတ်က တိုက်တွန်းထားသည်။

ဦးအိုက်ကျိမ်း၏ အမှုကို ကျိုင်းတုံမြို့မှ ရှေ့နေ စိုင်းငင်းနှင့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်မှ ရှေ့နေ ဦးအောင်သိန်းတို့က ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး ဦးအိုက်ကျိမ်းနှင့် ပတ်သက်၍ နိုင်ငံရေးအရ ဆက်လက် ဖြေရှင်းသွားရန် ပြင်ဆင်ထားသည်ဟု ဦးစိုင်းလိတ်က ပြောသည်။

ထို့ပြင် မေလ ၁၆ ရက်က သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ထံ ဖမ်းဆီးခံထားရသူ ဦးအိုက်ကျိမ်းနှင့် ပတ်သက်၍ ကူညီဖြေပေးရန် စာပေးပို့ခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားမှုမရှိဟု ဦးစိုင်းလိတ်က ပြောသည်။

ဦးအိုက်ကျိမ်း ဆက်သွယ်ခဲ့သည်ဟု ဆိုသော RCSS/SSA သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် ပြည်ထောင်စုအဆင့်အထိ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားသော အဖွဲ့ဖြစ်ပြီး အစိုးရနှင့် ပထမဆုံး အပစ်ရပ် လက်မှတ်ထိုးခဲ့သော အဖွဲ့လည်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။