Tuesday, May 13, 2014

SNLD ပါတီဝင်အား ၁၇/၁ ဖြင့် အရေးမည့်ကိစ္စ ရပ်တန့်ပေးဖို့ သမ္မတထံတောင်းဆို

(သျှမ်းသံတော်ဆင့်)

SNLD ၏ ကျိုင်းတုံမြို့နယ် ကျေးရွာပါတီ ရုံးခွဲ ဥက္ကဌ အား အစိုးရတပ်မတော်မှ ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ပြီး ပုဒ်မ ၁၇/၁ ဖြင့် အရေးယူမည့်ကိစ္စ ရပ်တန်းကရပ်ကာ ကျိုင်းတုံမြို့၌ ဖြစ်ပွားခဲ့ သောပြဿနာအား နိုင်ငံတော်သမ္မတကိုယ်တိုင်ဖြေရှင်းပေးဖို့ SNLD က တောင်းဆို လိုက်သည်။
သျှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေဖြင့်လည်း ပုဒ်မ ၁၇/၁ ဖြင့် SNLD ပါတီဝင် တဦးအား မတရားအသင်းအဖွဲ့ဆက်သွယ်မှုဖြင့် တရားစွဲမည့်လုပ် ရပ်အား ရပ်တန်း ကရပ်ရန်၊ ဖြစ်ပွားခဲ့သောပြဿနာများအား သမ္မတကြီးကိုယ်တိုင် အမြန်ဆုံး အရေးယူဆောင် ရွက်ပေးရန် တောင်းဆိုလိုက်သည်။


“ကျနော်တို့ပါတီက လူတယောက်ကို ဒီလိုမတော်မတရားအရေးယူတဲ့ဟာမျိုး၊ ငြိမ်းချမ်းရေး တည် ဆောက်ထားတဲ့ RCSS ရုံးကို မတရားသဖြင့်ဝင်ရောက်ရှာဖွေ တာမျိုးဆက်ဖြစ်နေရင် နှစ်ဦးနှစ်ဘက် အတွက်မကောင်းဘူး။ အစိုးရကိုလဲ အယုံအကြည်ပျက်စေမယ်။ လက်ရှိတည်ဆောက်နေတဲ့ငြိမ်း ချမ်းရေး ကိစ္စ၊ ယုံကြည်မှုတည်ဆောက်ထားတဲ့ကိစ္စ အကုန်လုံးဘဲ ရုပ်လျော့ ပျက်ပြားသွား စေနိုင်တယ်။ ဒါကြောင့် ဒီကိစ္စအမြန်ဆုံးရပ်တန့်ဖို့လိုတယ်” - ဟု SNLD ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့်သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLD ခေါ် ကျားခေါင်းပါတီ ဥက္ကဌ ခွန်ထွန်းဦးတို့နှစ်ဦး ကျိုင်းတုံမြို့ ၌ ဖြစ်ပေါ်ခဲ့သော ပြဿနာများအား (၂၀၁၄ မေ ၁၁ ရက်)က ပြောဆို ဆွေးနွေး ခဲ့ကြသည်။

“ကျနော်တို့ ဥက္ကဌ ကြီးခွန်ထွန်းဦး နဲ့ ဦးအောင်မင်းတို့ ၁၁ နေ့ကဖုန်းဆက် စကားပြောဖြစ် တယ်။ ဦးအောင်မင်း ကပြောတယ် - ဒီကိစ္စ တိုက်ရိုက်ကူညီဖြေရှင်းပေးဖို့ သမ္မတကြီးကို စာရေးတင်ပြ မယ်ပြောတယ်။ ဒီနေ့ ၀န်ကြီး ဦးစိုးသိမ်းလည်း နေပြည်တော်သွားပြီး သမ္မတနဲ့တွေ့မယ်၊ စာပါတခါတည်း ယူသွားမယ်လို့ ဦးအောင်မင်းက ပြောတယ်”  - ဟု စိုင်းလိတ်ကပြောပါသည်။

မေလ ၅ ရက်နေ့က ကျားခေါင်းခေါ် SNLD ပါတီ၏ ကျိုင်းတုံမြို့နယ် ပိန်းတောဝ့် ကျေးရွာ အုပ်စု နမ့်လင်းမိုင် ကျေးရွာရုံးခွဲ၏ ဉက္ကဌ စိုင်းဂျဲန်အား  မတရားအသင်းနှင့် ဆက်သွယ်ထောက်ပံ့သည်ဟု စွပ်စွဲကာ မြန်မာအစိုးရ၏ စစ်တပ် ခလရ ၂၄၅ က သွားရောက် ဖမ်းဆီးခဲ့ပြီး နောက် ၁၇/ ၁ ဖြင့်အမှု ဖွင့်တရားစွဲမည်ဟုဆိုပါသည်။ စိုင်းဂျဲန်သည် အင်လူမျိုး မျိုးနွယ်စု ခေါင်း ဆောင်လည်းဖြစ်ပါသည်။ ၎င်း၏နေအိမ်၌ပင် ကျားခေါင်းပါတီရုံးဖွင့်လှစ်ထားသည်။

သျှမ်းပြည်တပ်မတော် ၂ ဖွဲ့အား ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မြန်မာအစိုးရက SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးအား ကြားဝင်ဆက်သွယ်ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ထားပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။