Saturday, May 24, 2014

တွေ့ဆုံဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး အဖြေမထွက်ပါက လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးမည်ဟု RCSS/SSA ထုတ်ပြန်

(Mizzima)

ငြိမ်းချမ်းသည့် တွေ့ဆုံဆွေးနွေးမှုဖြင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ပါက အခြားရွေးချယ်စရာလမ်းမရှိတော့သည့်အတွက် တော်လှန်ရေးလမ်းစဉ်သုံးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မေလ ၂၁ ရက်က ကျရောက်သည့် (၅၆) နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ကြေညာချက်ထုတ်ပြန်လိုက်သည်။


သို့သော် ပြဿနာများဖြေရှင်းနိုင်ရေး ငြိမ်းချမ်းသည့် တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မေလ ၂၁ ရက်တွင် ကျရောက်သည့် တော်လှန်ရေးနေ့တွင်လည်း RCSS/SSA  ၏ ကျိုင်းတုံမြို့ ဆက်ဆံရေးရုံးအား ၀င်ရောက် စစ်ဆေးခဲ့သည့်အပေါ် RCSS/SSA က အပြင်းအထန် ဝေဖန်လိုက်သည်။
၎င်းအပြုအမူသည် “နှစ်ဖက် ကာလရှည်ကြာစွာ တည်ဆောက်ထားခဲ့သည့် ယုံကြည်မှုအား ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း” ကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။

အစိုးရဘက်မှ အလားတူ ပြဿနာများ ထပ်မံဖန်တီးမှုကြောင့်ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သက်ရောက်မှု တစ်စုံတစ်ရာရှိလာပါက RCSS/SSA ၏ အမှားမဟုတ်ဟုလည်း ဆိုထားသည်။

ထုတ်ပြန်ချက်ပါ သဘောထားများနှင့် ပတ်သက်၍ RCSS/SSA ၏ ပြောရေးဆို ခွင့်ရှိသူ၊ ဒုတိယပြောရေးဆိုခွင့်ရှိသူများထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသည့်အပြင် RCSS/SSA  ဆက်ဆံရေးရုံးတာဝန်ခံများထံ မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် “ဖြေကြားခွင့် မရှိကြောင်း”သာ ပြန်လည်ဖြေကြားသည်။

(၅၆) နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းပြည်တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံအား တော်လှန်ရေးနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

အလားတူ အဆိုပါနေ့၌လည်း ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မတော်/ ရှမ်း ပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA  ဌာနချုပ်စခန်း ၀မ်ဟိုင်း၌လည်း တော်လှန်ရေးနေ့အခမ်းအနားနှင့် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂၂ သင်တန်းဆင်း ပွဲကိုပါ တစ်ပြိုင်နက်တည်း ကျင်းပသည်။

ရှမ်းတောင်ပိုင်း တပ်မတော်မှကျင်းပသည့် တော်လှန်ရေးနေ့သို့လည်း မြောက်ပိုင်းတပ်မတော်မှ ဗိုလ်မှူးကြီး ဖိန်ဖ ဦးစီးသည့် ကိုယ်စားလှယ် လေးဦးခန့် တက်ရောက်ခဲ့သည်။

ရှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်း တပ်မတော်ဟူ၍ နှစ်ခုကွဲနေသော်လည်း “ရှမ်းပြည် တပ်မတော်” တစ်ခုအဖြစ်သာ မိမိတို့ သဘောထားကြောင်း ရှမ်းပြည်မြောက်ပိုင်းတပ်မတော်မှ ရှမ်းပြည်တောင်ပိုင်းတပ်မတော်သို့ တော်လှန်ရေးနေ့ သ၀ဏ်လွှာပေးပို့၍ ဖော်ပြထားကြောင်း ဗိုလ်မှူး စိုင်းလက မဇ္ဈိမကို ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။