Friday, July 18, 2014

ရဲအရာရှိတဦးအား မူးယစ်ရမ်းကားသူတဦးက ပစ်သတ်

(သျှမ်းသံတော်ဆင့်)
တူမီးသေနတ်ထိမှန်သေဆုံးသည့် ဒု ရဲအုပ် ကျော်ဆန်းဦး  (ဓါတ်ပုံ- taifreedom.net)

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း မူးယစ်သုံးစွဲ ရမ်းကားသူ တဦးက  ၎င်းအားလာရောက် ဖမ်းဆီးထိန်းချုပ်ရန် ကြိုးပမ်းသည့် ရဲအရာရှိတဦးအား  တူမီးသေနတ်ဖြင့် ပစ်ခတ်ရာ ရဲအရာရှိ သေဆုံးသွားကြောင်း ဒေသခံသတင်းရပ် ကွက် က ပြောသည်။


ဂျူလိုင်လ ၁၆ ရက် နေ့ခင်းပိုင်းက တောင်ကြီးမြို့ အရှေ့တောင်ဘက်မိုင် ၁၄၀ ကျော် ကွာဝေး သည့် မိုင်းပန်မြို့ မြောက်ဘက် ( ၆) မိုင်အကွာ ဝိုးလိုင်းကျေးရွာအုပ်စု တုံတစ်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောပေတ သည် တူမီးသေနတ်ကိုင်ပြီး ရွာအတွင်း ရမ်းကားကြောင်း၊ ၎င်းအားဖမ်းဆီး အရေး ယူပေးရန် ရွာသားများက မိုင်းပန်မြို့ အုပ်ချုပ်ရေးမှူးထံ တိုင်တန်းရာမှ ဒုရဲအုပ် ကျော်ဆန်းဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိုရွာသို့  ရောက်ရှိခဲ့ကြောင်း၊ စောပေတ က လန့်ဖျပ်ကာ  တူမီး သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းသည့် ဒုရဲအုပ် ကျော်ဆန်းဦး ၏ ရင်ညွှန့်တည့်တည့်ထိမှန်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း မိုင်းပန်မြို့ ရဲတပ်ဖွဲ့ အသိုင်း အဝိုင်းကပြောသည်။
ဝိုးလိုင်းအုပ်စုသား အိုက်လျောစစ် ကလည်း “လက်နက်ချဖို့ ဒုရဲအုပ်အုပ်က အမိန့်ပေးတယ်။ အဲဒီအချိန် မှာဘဲ ရာဘရူး စောပေတက ပစ်လိုက်တာ။  အဖမ်းခံ လိုက်ရပြီ။ အခု အချုပ်ခန်းထဲမှာ  ’’ - ဟု ပြောသည်။

သျှမ်းပြည်တွင် လူငယ် နှင့် လူလတ်ပိုင်း အများအပြား မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း၊ သာရေးနာရေး အလှူပွဲများ၌ပင် ရာဘဖြင့် လျှို့ဝှက် ဧည့်ခံခြင်းမပြုလျှင် ကူညီမည့်သူ မရှိသလောက် ရှားပါးကြောင်း၊ လူငယ် ၁၀ ဦးတွင် ၇ ဦးက မူးယစ်ဆေးဝါး သုံးစွဲကြောင်း သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဆရာပင်ခမ်းက ပြောသည်။

သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက မူးယစ်ဆေးဝါးပပျောက် လိုလျှင် - နိုင်ငံရေးပြဿနာ မလွဲမသွေ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို ဖြေရှင်း ပြီး ပါက ဆင်းရဲဒုက္ခတွင်းနက်အတွင်းကျနေသည့် ပြည်သူဘ၀ စားဝတ်နေရေး မြင့်တင်ပေးရ မည်ဖြစ် ကြောင်း၊ တရားဥပဒေဖြင့် လက်တွေ့ကျကျ ထိန်းကွပ် နိုင်မှသာလျှင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။