Tuesday, July 29, 2014

ကျောက်မဲမြို့ အချုပ်ခန်းမှ အချုပ်သား ၇ ဦး ထွက်ပြေး သုံးဦး ပစ်သတ်ခံရ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲ ခရိုင် ကျောက် မဲမြို့ မြို့မ ရဲစခန်းမှ အချုပ်သား ၇ ဦး ထွက်ပြေး ရာ သေနတ် ပစ်ဖောက် ဖမ်းဆီးမှုကြောင့် သုံးဦးသေ ဆုံးကြောင်း သက်ဆိုင်ရာ ထံမှ သိရပါသည်။

“တာဝန်ကျရဲတွေ အမျိုးသား အချုပ်ခန်း မှာ စောင်ထုပ် သွားချပေးတဲ့ အချိန်ပေါ့။ အချုပ်ခန်း တံခါးဝ ကနေ စောင်တွေ သွင်းပေးနေတုန်း အချုပ်သားတွေ က တံခါးကို အတင်း တွန်းပြီး ထွက်ပြေးတယ်” ဟု ရဲအသိုင်း အဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဂျူလိုင်လ ၂၆ ရက် ည ၆ နာရီခန့် အမျိုးသားအချုပ်ခန်း၌ တာဝန်ကျရဲများဖြစ်ကြသော ဒုရဲအုပ် ထွန်းခိုင်စိုး၊ ရဲတပ်ကြပ် ခင်လှဌေး၊ ရဲဒုတပ်ကြပ် နောင်နောင်တို့မှ  စောင်ထုပ်များကို အချုပ်ခန်း တံခါးဝမှ သွင်းပေးစဉ် အချုပ်သား(၇)ဦးက အတင်းတွန်းထွက်ကာ  ရဲ တစ်ဦးအား ထိုးနှက်ခဲ့ ကြောင်း၊  တာဝန်မှူးဒုရဲအုပ်နှင့် ကင်းမှူးရဲတပ်ကြပ်တို့က  အဆိုပါအချုပ်သားအားဖမ်းဆီး ရန်ကြိုး ပမ်းစဉ်  အချုပ်ခန်းအပြင်တွင် ရောက်ရှိနေနှင့်သော အချုပ်သား ၆ ဦးကလည်း ဝိုင်းဝန်းထိုးကြိတ် ကြောင်း၊ အချုပ်ခန်းအပြင်ဘက် ဘေးပတ်လည်ရှိ ကာရံထားသော သံဇကာအား ဖျက်ပြီးထွက် ပြေးကြ ကြောင်း ရဲထုတ်ပြန်ချက်၌ ရေးသားထားသည်။

အချုပ်သားများက ရဲတပ်ဖွဲ့များအား ခုခံရိုက်နှက်ထွက်ပြေးသောကြောင့် စခန်းမှူးအပါအ ဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရရှိကြောင်း လည်း ဖော်ပြထားပါသည်။

“သေနတ်နဲ့ပစ်တော့ အချုပ်သား ၃ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရတယ်။ အချုပ်သားတွေ ရိုက်နှက်လို့ စခန်းမှူးတော့ နံရိုးအားလုံး ကျိုးသွားတယ်။ ထွက်ပြေးတဲ့ အချုပ်သား ၇ ယောက်စလုံး မူးယစ်ဆေးဝါးမှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့သူတွေပါ” ဟု အဆိုပါ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောပါတယ်။

အချုပ်ခန်း ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကလည်း M-၂၂  သေနတ် ၁ လက်၊ HK –၃၃  သေနတ် ၂ လက် ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆို၏။

သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၄ဦးနှင့် ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် ၅ ဦးတို့ကို ရဲဆေးစာဖြင့် ကျောက်မဲ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသော စခန်းမှူးမှာ စိုးရိမ်ရသဖြင့် ကျောက်မဲ ဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူလျှက်ရှိကြောင်း၊ ထွက်ပြေးအချုပ် သားများအား ကျောက်မဲမြို့မရဲစခန်းက (ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၇/၃၃၃/၂၉၄/၂၂၄/၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။